မေလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တို့တွင် ငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာနလက်အောက်ရှိ ထိုင်းမြေငလျင်စောင့်ကြည့်ရေးဌာနမှ ၂၀၂၅ ခုနှစ် မေလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု The Nation သတင်းကဆိုသည်။ အပြင်းထန်ဆုံးငလျင်သည် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၃၃ မိနစ်တွင် ပြင်းအား ၄ ဒသမ ၈ ရှိပြီး မြေအောက်အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ငလျင်ဗဟိုချက်မှာ ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံအတွင်း မြောက်လတ္တီတွဒ် ၂၂.၃၈၇° နှင့် အရှေ့လောင်ဂျီတွဒ် ၉၆.၂၈၄°တွင် တည်ရှိသည်။ ပြင်းအား ၁ ဒသမ ၉ မှ ၃ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု အများအပြားကို မေလ ၅ ရက် နံနက်အစောပိုင်းမှ နံနက်အလယ်ပိုင်းအထိအလားတူနေရာများတွင် မှတ်တမ်းတင်နိုင်ခဲ့ပြီး အများစုမှာ မြန်မာနိုင်ငံတွင် ဗဟိုပြု၍ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်တွင် ပြင်းအား ရစ်ခ်ျတာစကေး ၁.၉ အဆင့်ရှိ ငလျင်ငယ်တစ်ခု ထိုင်းနိုင်ငံ Huai Sak မြို့တွင်အနက် ၂ကီလိုမီတာ၌လှုပ်ခတ်ခဲ့သည်ဟုဆိုသည်။ထိုင်းနိုင်ငံတွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ အထူးသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် လှုပ်ရှားနေသော ပြတ်ရွေ့ကြောများအနီးတွင် ရှိသော အခြေအနေကို အာဏာပိုင်များက အနီးကပ် စောင့်ကြည့်နေပါသည်။ အနီးနားရှိ ဧရိယာများတွင် နေထိုင်သူများအား တရားဝင် သတင်းအချက် အလက်များနှင့် သတိပေးချက်များ ကိုအမြဲမပြတ်သတိရှိနေရန် အကြံပြုထားသည်။