စက်တင်ဘာ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
လာအိုမှာ အလုပ်သွားလုပ်မယ်လို့ ယူဆထားတဲ့တရုတ်အမျိုးသားတစ်ဦးဟာ ထိုင်းနိုင်ငံနယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးခြင်းမပြုခင်မှာ မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်တဲ့ခြံဝင်းအတွင်း ပိတ်မိနေခဲ့တယ်လို့ Khaosod သတင်းက စက်တင်ဘာ ၂၃ ရက်မှာဖော်ပြပါတယ်။ သောင်ရင်းမြစ်တလျှောက် ကင်းလှည့်နေတဲ့ထိုင်းစစ်သားတွေက ဖုတ်ဖရာ့မြို့နယ် Ban Mo Koe ထိုင်းရွာရှိ ကျိုးကျနေတဲ့တံတားအနီးမှာ အသက် ၄၃ နှစ်အရွယ် Zhou ကို စက်တင်ဘာ ၂၁ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။မောပန်းနွမ်းနယ်နေတဲ့အမျိုးသားဟာ ရာဇ၀တ်မှုလုပ်ငန်းတွေလို့သူသိရှိပြီးနောက် မြစ်ကိုတရားမဝင်ဖြတ်ကျော်ပြီးအကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ Zhou ဟာ တရားဝင်အလုပ်ကမ်းလှမ်းမှုတစ်ခုနဲ့ လိမ်လည်ခံခဲ့ရတယ်လို့ အာဏာပိုင်တွေကို ပြောပြခဲ့ပါတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့မှာ သူဟာ လာအိုမှာ ရှိတယ်လို့ ယုံကြည်တဲ့ Xishuangbanna မှာအလုပ်သွားလုပ်ဖို့သူငယ်ချင်းတစ်ဦးနဲ့တွေ့ဆုံဖို့ စီစဉ်ခဲ့ပါတယ်။ ထိုင်းနယ်စပ်မြို့ ဖုတ်ဖရကို သွားပြီးနောက် လာအို နယ်မြေလို့ ထင်ထားတဲ့နယ်မြေကိုဖြတ်ကျော်ပြီး ကားနဲ့ လာခေါ်တာကိုစောင့်ဆိုင်းခဲ့တယ်လို့ဆိုပါတယ်။
“သူ မြန်မာနိုင်ငံထဲကို တကယ်ဝင်နေမှန်း မသိခဲ့ဘူး” လို့ စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။ “သူလိမ်လည်လှည့်စားခံရတာကို သူသိလိုက်တဲ့အချိန်က အရမ်းနောက်ကျသွားပြီ”လို့လည်းသူကဆိုပါတယ်။ Zhou သည် ခြံတွင်းကလွတ်မြောက်ပြီး မြစ်ထဲကိုပြန်ကူးကာ ဘေးကင်းမယ်လို့မျှော်လင့်ထားတဲ့ထိုင်းနယ်မြေသို့ ကူးခတ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း တားမြစ်နယ်ခြားမှတ်တိုင်မှာတရားမဝင် ဖြတ်ကျော်လာတာကြောင့် ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ တရားဝင် တရုတ်ပတ်စပို့ ကိုင်ဆောင်ထားပေမယ့်လည်း ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသကိုဝင်ရောက်မှုနဲ့ Zhou ကို နယ်မြေခံရဲတွေဆီကို လွှဲပြောင်းပေးထားတယ်လို့ ထိုင်းတပ်မတော်အရာရှိတွေက ပြောပါတယ်။
Zhou ကိုချုပ်နှောင်ထားတဲ့နယ်မြေဟာ ကရင်ဒီမိုကရက်တစ်လူထုအကျိုးပြုတပ်မတော် (DKBA) ရဲ့ထိန်းချုပ်မှုအောက်မှာလည်ပတ်နေပြီး ကမ္ဘာတစ်ဝှမ်းရှိ သားကောင်တွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်း လိမ်လည်မှု လုပ်ငန်းအတွက် အဓိက အချက်အချာနေရာ ဖြစ်ပါတယ်။ ဒီရာဇ၀တ်မှုကွန်ရက်တွေဟာ အလုပ်ကမ်းလှမ်းမှုအတုတွေနဲ့လူအများကို လှည့်ဖြားလေ့ရှိပြီး လိမ်လည်မှုအစီအစဉ်တွေမှာပါ၀င်ဖို့အတင်းအကြပ်ခိုင်းစေကြတာဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းတွေကိုနယ်စပ် နှစ်ဖက် အာဏာပိုင်တွေက နှိမ်နင်းနေစဉ်မှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီနှစ်အစောပိုင်းမှာ ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံရှိ လိမ်လည်မှုလို့ သံသယရှိတဲ့နေရာတွေဆီကို လျှပ်စစ်နဲ့ အင်တာနက် အသုံးပြုခွင့်ကို အာဏာပိုင်တွေက ဖြတ်တောက်ခဲ့ပြီး အများစုဟာ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကနေ တရုတ်နိုင်ငံသား ၂၈၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။