အောက်တိုဘာ ၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံကဒုက္ခသည် စခန်းတွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်နဲ့ မှတ်ပုံတင်နိုင်ပြီလို့ အလုပ်သမား ဝန်ကြီးဌာနက သတင်းထုတ်ပြန်တယ်လို့ ဘန်ကောက်ပို့စ်က နိုဝင်ဘာ ၃ ရက်မှာ ဖော်ပြပါတယ်။ အလုပ်သမားရှားပါးမှုကို ဖြေရှင်းဖို့ အစိုးရရဲ့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ဒုက္ခသည်တွေကိုနိုင်ငံတွင်း အလုပ်အကိုင်တွေမှာလုပ်ကိုင်ခွင့်ပေးဖို့ သြဂုတ် ၂၆ ရက်မှာအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ပြီးနောက် အခုလိုထွက်ပေါ်လာတာဖြစ်ပါတယ်။ အလုပ်သမားဝန်ကြီး Trinuch Thienthong ကအောက်တိုဘာ ၁ရက်နေ့မှာစတင်အသက်ဝင်တဲ့ အဆိုပါဆုံးဖြတ်ချက်ဟာဒုက္ခသည်တွေကို စီးပွားရေးမှာ တရားဝင်ပါဝင်ခွင့် ပေးဆောင်နေချိန်မှာလုပ်ငန်းအမျိုးမျိုးကအလုပ်သမား လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် အစိုးရရဲ့ အစီအစဉ်နဲ့အညီဖြစ်တယ်လို့ အောက်တိုဘာ ၂ရက်နေ့က ပြောကြားခဲ့ပါတယ်။
မယ်ဟောင်ဆောင်၊ တက်ခ်၊ ကန်ချနပူရီနဲ့ရတ်ချဘူရီပြည်နယ်တွေရှိ ခိုလှုံရေးစခန်း ကိုးခုမှာနေထိုင်ကြတဲ့ အသက် ၁၈ နှစ်ကနေ ၅၉ နှစ်ကြားရှိ ဒုက္ခသည် ၄၂,၆၀၁ ဦးကို အကျိုးပြုမှာဖြစ်ပြီး ၎င်းတို့အနက် ၁၂,၀၀၀ ခန့်ဟာ အလုပ်လုပ်ကိုင်ဖို့စိတ်ပါဝင်စားတယ်လို့ဖော်ပြထားကြောင်း အလုပ်အကိုင်ဌာန ညွှန်ကြားရေးမှူးချုပ် Pichet Thongphan က ပြောပါတယ်။
ဒိနောက် အလုပ်ရှင်တွေဟာ အလုပ်သမားတွေကိုကျန်းမာရေးစစ်ဆေးမှုခံယူရန်နဲ့အာမခံအတွက် စာရင်းသွင်းရန် နိုင်ငံ့ကျန်းမာရေးဌာနကိုပို့ဆောင်ရမှာဖြစ်ပါတယ်။ ပြီးရင် အလုပ်ရှင်တွေက လိုအပ်တဲ့ ထောက်ခံချက်စာရွက်စာတမ်းတွေနဲ့အတူ အလုပ်လုပ်ကိုင်ခွင့်လျှောက်လွှာတွေကို တင်သွင်းနိုင်တယ်လို့ဆိုပါတယ်။
ကနဦးလျှောက်လွှာကြေးဟာ ဘတ် ၁၀၀ သတ်မှတ်ထားပြီး နှစ်စဉ် သက်တမ်းတိုးခကတော့ဘတ် ၉၀၀ ဖြစ်ပါတယ်။ အလုပ်သမားတွေဟာ နိုင်ငံခြားသားတွေအတွက် အထူးတလည် တားမြစ်ထားတာမရှိတဲ့အလုပ်အမျိုးအစားအားလုံးကို လုပ်ကိုင်နိုင်တယ်လို့ဆိုပါတယ်။ Mr Pichet က အလုပ်ရှင်တွေကို ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းတွေအားလုံးကို လိုက်နာကြဖို့တိုက်တွန်းခဲ့ပါတယ်။ လမ်းညွှန်ချက်နဲ့ ပံ့ပိုးကူညီမှုတွေကို နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ် အလုပ်အကိုင်ရုံးတွေမှာ ဒါမှမဟုတ် အလုပ်သမား ဝန်ကြီးဌာနရဲ့ အရေးပေါ်လိုင်း ၁၅၀၆ ကတဆင့် ရရှိနိုင်ပါတယ်လို့သတင်းကဆိုပါတယ်။