မြန်မာမှာတကျော့ပြန်ခေါင်းထောင်လာတဲ့ တရုတ်ဇနီးမယားစျေးကွက်

ဖေဖော်ဝါရီ ၁၉၊၂၀၂၅။ သောင်ရင်းသတင်းလွှာ

တရုတ်အမျိုးသားနဲ့ လက်ထပ်ပြီးကလေးမွေးဖွားပေးနိုင်ရင် တင်တောင်းငွေ ကျပ်သိန်း ၁၀၀ ရာကျော်နဲ့ တခြားအကျိုးခံစားခွင့်တွေရမယ်ဆိုတဲ့ မက်လုံးပေးကြော်ငြာတွေက လူမှုကွန်ရက် TikTok ၊ဖေ့ဘွတ်ခ်နဲ့ ဝီချက်တွေမှာ ပျံ့နှံ့နေပါတယ်လို့ BBCသတင်းကဖေဖော်ဝါရီ ၁၈ ရက်ကဖေါ်ပြပါတယ်။ တရုတ်အမျိုးသားတွေအတွက် မြန်မာဇနီးသည် ရှာတဲ့‌ စျေးကွက်ဟာ အရင်ကလို တရုတ်-မြန်မာနယ်စပ်မြို့တွေတင်မကဘဲ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအထိ ခြေဆန့်လာပါတယ်။ ရန်ကုန်မြို့မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တချို့ကို တရုတ်ဇနီးလုပ်ဖို့ ကမ်းလှမ်းတဲ့ ရုပ်သံဖိုင် ၂ ခု လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့တဲ့နောက် ဒီစျေးကွက်ပို ကြီးထွားလာမှာကို စိုးရိမ်နေကြပါတယ်။


BBC ရဲ့ စုံစမ်းမေးမြန်းမှုတွေအရ ” ငွေကြေးကျပ်တည်းတဲ့မိသားစုတွေထဲက မိန်းကလေးငယ်တွေနဲ့ အိမ်ထောင်ရှိပြီး ကလေးမွေးဖူးတဲ့ အမျိုးသမီးတွေက တရုတ်ဇနီးမယားစျေးကွက်ထဲက အကျိုးဆောင်(အရပ်အခေါ် ပွဲစား) တွေရဲ့ ပစ်မှတ်ဖြစ်လာနေပါတယ်။ ၂၀၂၅ ဖေဖော်ဝါရီ ပထမပတ်ထဲမှာ ” ရန်ကုန်မြို့ မှာ တရုတ်အမျိုးသားအတွက် ဇနီးမယားရှာဖွေ” တဲ့ ရုပ်သံဖိုင် ၂ ခုပျံ့နှံ့ခဲ့ပါတယ်။ အဲဒီဗီဒီယို ၂ ဖိုင်က ဆက်စပ်ပါတယ်။

ရုပ်သံဖိုင် တစ် ဖိုင်ထဲမှာဆိုရင် ” မကြောက်ပါနဲ့ အစ်ကိုက လူကောင်းပါ”ဆိုတဲ့ တရုတ်ဘာသာနဲ့ ပြောတဲ့ အမျိုးသားအသံပါသလို တရုတ်လိုပြောတတ်တဲ့ ပွဲစားလို့ ယူဆရတဲ့ မြန်မာအမျိုးသမီး တစ်ဦးက စကားပြန်လုပ်ပေးနေပါတယ်။ အဲ့ဒီ ဗီဒီယိုဖိုင်ထဲမှာ အလယ်တန်းကျောင်းနေအရွယ် မြန်မာမိန်းကလေးငယ် ၂ ဦးနဲ့ သူ့မိခင်ကို တရုတ်အမျိုးသားနဲ့ ပွဲစားအမျိုးသမီးက တရုတ်ရဲ့ ဇနီးလုပ်ဖို့ ဆွဲဆောင်ခဲ့တာတွေ့ရပါတယ်။

BBC က အဲဒီဗီဒီယိုဖိုင်ထဲက နေရာဒေသကိုစုံစမ်းကြည့်တဲ့အခါ ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်မှာဖြစ်ခဲ့တာလို့ သိရှိခဲ့ရပါတယ်။ ” ကျောင်းနေအရွယ် မိန်းကလေးတစ်ဦးကို တရုတ်လူမှုကွန်ရက် Tik Tok ကတဆင့်တွေ့ခဲ့ပြီး တရုတ်နိုင်ငံသား ၂ ဦးနဲ့ စကားပြန်၂ ဦးတို့ အိမ်အထိရောက်လာခဲ့တာ” လို့ ဒလမြို့ အခြေစိုက်ပရဟိတအသင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက သူသိထားတဲ့အချက်ကို ဘီဘီစီကို ပြောပါတယ်။ ငွေကြေးကျပ်တည်းကြတာကိုအခွင့်ကောင်းယူပြီး တရုတ်ဇနီးလုပ်ဖို့ ငွေကြေးနဲ့ လာကမ်းလှမ်းတာ” ရုပ်သံဖိုင်ထဲမှာတော့ တရုတ်အမျိုးသားက အိမ်ထဲမှာရှိတဲ့ အမေဖြစ်သူအပါအဝင် မိန်းကလေး ၂ ဦးကို မျက်နှာပြခိုင်းဖို့ ပြောနေတာကိုတွေ့ရပါတယ်။ မိန်းကလေး ၂ ဦးကို ကျောင်းဝတ်စုံ အဖြူ၊ အစိမ်းတွေကိုလည်း လဲဝတ်ခိုင်းသလို ငွေကြေးနဲ့ တင်တောင်းလက်ထပ်မယ်လို့လည်း တရုတ်အမျိုးသားက တရုတ်ဘာသာနဲ့ ပြောနေပါတယ်။

အဲဒီအသက်မပြည့်သေးတဲ့ မိန်းကလေး ၂ ဦးနဲ့ သူ့မိသားစုကို ရိုက်ယူထားတဲ့ ရုပ်သံဖိုင်တွေက တရုတ်လူမှုကွန်ရက်မီဒီယာတွေဖြစ်တဲ့ Douyin (တုန်ရင်း)နဲ့ TikTok တွေမှာ ပျံ့နှံ့နေပါတယ်။ ၂၀၂၅ ဖေဖော်ဝါရီ ၆ ရက်မှာတော့ ရုပ်သံဖိုင်ရိုက်ကူးခဲ့တဲ့ တရုတ်နိုင်ငံသား ၂ ဦးကို လေဆိပ်မှာဖမ်းဆီးခံခဲ့ရပါတယ်။ ဒါ့အပြင် ဒလမြို့နယ်ရဲစခန်းမှာ အဲဒီဖြစ်စဥ်ထဲပါဝင်သူတွေကို လူကုန်ကူးမှုနဲ့ အရေးယူထားတယ်လို့ ရဲနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီလိုဖြစ်စဥ်တွေက ရန်ကုန်မှာတင်မကပါဘူး မန္တလေးမြို့ထဲက တရုတ်နွယ်ဖွားတချို့နဲ့ ချိတ်ဆက်လုပ်ကိုင်တဲ့ တရုတ်ဟိုတယ်လို့ အရပ်ခေါ် ကြတဲ့ ဟိုတယ်တချို့မှာလည်းရှိနေပါတယ်။ တရုတ်ဇနီးလုပ်ဖို့ မက်လုံးပေးဆွဲဆောင်တဲ့ ပွဲစားတချို့ က တရုတ်ဟိုတယ်တွေမှာ ကျင်လည်ကျက်စားနေတယ်လို့ အဲဒီစျေးကွက်ကိုသိထားတဲ့ ဟိုတယ်ဝန်ထမ်း တစ်ဦးက ဘီဘီစီကိုပြောပါတယ်။ ဟိုတယ်မှာပဲ မြန်မာအမျိုးသမီးတွေကို လက်ထပ်ချင်တဲ့ တရုတ်အမျိုးသားတွေနဲ့ တရုတ်ဇနီးလုပ်ဖို့ စည်းရုံးချိတ်ဆက်လို့ရတဲ့ မိန်းကလေးတွေကို တွေ့ဆုံဖို့ ပွဲစားတွေကစီစဉ်ပေးတယ်လို့ ဆိုပါတယ်။ တရုတ်ဇနီး‌ဈေးကွက်ထဲမှာ ကလေးမွေးဖူးတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေက ပွဲစားတွေအတွက် အကျိုးဆောင်ခဈေးအမြင့်ဆုံးပဲလို့ မန္တလေးက ပွဲစား မဇာခြည်က ပြောပြပါတယ်။

“တရုတ်တွေလိုချင်တာက ကလေးမွေးပေးဖို့ပဲဆိုတော့ ချောဖို့ လှဖို့ မလိုဘူး။ ကလေးမွေးဖူးတဲ့သူတွေဆိုသူတို့ ပိုကမ်းလှမ်းတယ်။ ပွဲစားတွေက ကလေးမွေးဖူးတဲ့သူ ကို ရှာပေးကြတာများတယ်” လို့ မဇာခြည်က ရှင်းပြပါတယ်။ အသက် ၃၀ အောက် ကလေးမွေးဖူးတဲ့ အမျိုးသမီးတစ်ဦးဟာ ပွဲစားတွေနဲ့ တရုတ်အမျိုးသားတွေကြား ယွမ် ၁ သိန်းအထိ (ကျပ်သိန်း ၆၀၀ ဝန်းကျင်) ပေါက်ဈေးရှိတယ်လို့ သူကဆိုပါတယ်။ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကတော့ ဒုတိယ ဈေးအမြင့်ဆုံးဖြစ်သလို ယွမ် ၁ သိန်းကနေ ၁ သိန်းခွဲကြား ပေါက်ဈေးရှိပါတယ်။ ဒါပေမဲ့ ဒီစျေးတွေက ပွဲစားတွေဆီကို တိုက်ရိုက်ကမ်းလှမ်းတဲ့စျေးတွေဖြစ်သလို ငွေကြေးတတ်နိုင်သူတွေသုံးတဲ့ပမာဏဖြစ်ပါတယ်။ တကယ်တမ်းမြေပြင်မှာတော့ သိန်းရာဂဏန်းနဲ့ အလုပ်ဖြစ်ကြတာလို့ ပွဲစား မဇာခြည်က ရှင်းပြပါတယ်။ မြန်မာမိန်းကလေးတွေကို တရုတ်ဇနီးလုပ်ဖို့ ကမ်းလှမ်းတင်တောင်းရာမှာတော့ ပွဲစားတွေဘက်က သိန်း ၁၀၀ ကျော်‌လောက်နဲ့သာ ကမ်းလှမ်းကြတာကို ဘီဘီစီက စုံစမ်းသိရှိရပါတယ်။ ” ပွဲစားက အဆင့်ဆင့်ရှိတာဆိုတော့ ခွဲဝေယူကြပြီး တကယ်မယားအဖြစ်လုပ်တဲ့ မိန်းကလေးတွေကတော့ ရာဂဏန်းပဲရတာပေါ့” လို့ ပွဲစား မဇာခြည်က ရှင်းပြပါတယ်။

တရုတ်ဇနီးမယားစျေးကွက်တွေကို ခြေရာကောက်တဲ့အခါ ပုံစံ ၃ မျိုးကိုတွေ့ပါတယ်။ ငွေကြေးလိုအပ်ချက်ကြောင့် တရုတ်ဇနီးမယားလုပ်ဖို့ ပွဲစားနဲ့ချိတ်ဆက်ပြီး လုပ်ကိုင်ကြသူတွေရှိသလို တရုတ်ဘက်က စက်ရုံတွေမှာ အလုပ်လုပ်ဖို့ လိမ်လည်ခေါ်ဆောင်ခံရပြီး တရုတ်ဇနီးအဖြစ် လူကုန်ကူးရောင်းစားခံလိုက်ရတဲ့သူတွေလည်း အများအပြားရှိနေတာကို BBC က သိရှိရပါတယ်။

အသက် ၂၇ နှစ်အရွယ် စစ်ကိုင်းတိုင်း၊ရွှေဘိုက မကြည်ပြာကလည်း တရုတ်ဘက်က အထည်ချုပ်စက်ရုံမှာ တစ်လကို ကျပ်ငွေ ၁၀ သိန်းကျော် (တရုတ်ယွမ်ငွေ ပြင်ပပေါက်ဈေး ၂,၀၀၀) ဝန်းကျင်ရမယ်လို့ မက်လုံးပေးခေါ် ဆောင်ခံရပြီး တရုတ်ဇနီးမယားအဖြစ် လိမ်လည်ရောင်းစားခံခဲ့ရသူဖြစ်ပါတယ်။ “လစာလည်းကောင်းမယ်၊ တရုတ်စာလုံးနဲ့ရေးထားတဲ့ တရုတ်ဘက်က အလုပ်ခေါ်စာကိုလည်း ပြတယ်။ သုံးလေးလလောက်လုပ်ပြီး ထွက်ချင်လည်းရတယ်”ဆိုပြီး ပွဲစားဘက်က ကမ်းလှမ်းလို့ ယုံကြည်ပြီးလက်ခံလိုက်တဲ့အကြောင်း မကြည်ပြာက ပြောပါတယ်။ တရားမဝင်လမ်းကြောင်းက အဆင့်ဆင့်ဖြတ်ပြီး ပွဲစားက တရုတ်နိုင်ငံသားတစ်ဦးရဲ့ အိမ်ကို ပို့ဆောင်ခဲ့ချိန်ရောက်မှ သူ့ကို တရုတ်ဇနီးအဖြစ် ရောင်းစားခံရမှန်းသိလိုက်တာလို့ မကြည်ပြာက ပြန်ပြောပြပါတယ်။ မကြည်ပြာကတော့ သူကံဆိုးခဲ့တယ်လို့ပြောပြီး တင်တောင်းငွေတွေ၊ မြန်မာကမိသားစုအတွက် ထောက်ပံ့ငွေတွေ ဘာမှမရခဲ့ဘူးလို့ BBC ကို ပြန်ပြောပြပါတယ်။တင် တောင်းငွေလည်း မရခဲ့ဘူး။ ဘာဆိုဘာမှ မရခဲ့ပါဘူး”

မကြည်ပြာက တရုတ်ဘက်က သက်ဆိုင်ရာမြို့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပေမယ့် တရုတ်ဇနီးအနေနဲ့ တင်တောင်းချိန် တရုတ်အမျိုးသားပေးလိုက်တဲ့ငွေကို ပြန်ပေးဖို့ ရဲစခန်းက တုံ့ပြန်ခဲ့ပါတယ်။ “ပွဲစားက တရုတ်ပေးတဲ့ငွေတွေကို ယူသွားတာ၊ ရဲစခန်းက ပြန်ပေးခိုင်းတော့ ကိုယ့်မှာပေးစရာငွေ မရှိဘူး” လို့ မကြည်ပြာက သူ့ ဖြစ်စဉ်ကိုရှင်းပြပါတယ်။တရုတ်ဇနီးဖြစ်ပြီးတဲ့နောက် လစဉ်ထောက်ပံ့ငွေကလည်း ပုံမှန်မရှိဘူးလို့ သူက ဆက်ပြောပါတယ်။ ” အိမ်အတွက်ငွေပေးတဲ့လ ပေးတယ်၊ မပေးတဲ့လ မပေးဘူး။ အလုပ်လုပ်ဖို့ လာတာကို ရောင်းစားခံလိုက်ရတော့ အိမ်ကိုလည်း မထောက်ပံ့နိုင်တော့ဘူး” လို့ သူက ရင်ဖွင့်ပြောပြပါတယ်။ ယူခါစမှာ ကလေးမွေးဖို့ တရုတ်ခင်ပွန်းဘက်က အတင်းအကျပ်ဖိအားပေးတာခံခဲ့ရသလို မိသားစုနဲ့လည်း အဆက်အသွယ်လုပ်လို့မရအောင် လက်ကိုင်ဖုန်းကအစ သိမ်းယူထားတယ်လို့ သူကြုံတွေ့ခဲ့ရပုံကို မကြည်ပြာက ပြန်ပြောပြပါတယ်။

မကြည်ပြာဟာ တရုတ်ဇနီးအဖြစ် လနဲ့ချီနေထိုင်ခဲ့ပြီးမှ တရုတ်က မြန်မာပွဲစားတချို့ရဲ့ အကူအညီနဲ့ မြန်မာဘက်ခြမ်း၊ မူဆယ်မြို့ဘက်ကို ထွက်ပြေးလွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။ မကြည်ပြာလို တရားမဝင်လမ်းကြောင်းက တဆင့် တရုတ်ဇနီးမယားအဖြစ်ရောင်းစားခံရတဲ့ ဖြစ်စဥ်တွေက တရုတ် – မြန်မာနယ်စပ်မှာ ဒုနဲ့ဒေးရှိနေတာလို့ မူဆယ်မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုက သတင်းရင်းမြစ်က သူသိထားတဲ့အချက်အလက်ကို ကိုးကားပြီးပြောပါတယ်။ ” ကျွန်တော်တို့ကို လာကယ်ပေးပါဆိုပြီး ချိတ်ဆက်ကြတဲ့ မိန်းကလေးတွေ နေ့တိုင်းရှိတယ်။ ကယ်ပေးရတဲ့ သူတွေလည်းဆယ်နဲ့ချီရှိတယ်။ ဒါပေမဲ့ တရုတ်ဘက်ခြမ်းရောက်သွားရင်ကယ်ပေးဖို့ခက်သွားပြီ” လို့ မူဆယ်မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုက တာဝန်ခံကပြောပါတယ်။

နယ်စပ်သာမက မြန်မာပြည်ထဲက မြို့ကြီးတွေအထိ ခြေဆန့်လာတဲ့ တရုတ်နိုင်ငံသားနဲ့ မြန်မာပွဲစားတွေ ပေါင်းစပ်လုပ်ကိုင်နေတဲ့ လူကုန်ကူးဂိုဏ်းတွေကတဆင့် လူကုန်ကူးခံရတဲ့ မြန်မာမိန်းကလေးတွေလည်း အများအပြားရှိနေတယ်လို့ သူတို့ကရှင်းပြပါတယ်။ နယ်စပ်မှာကျယ်ပြန့်နေတဲ့ တရားမဝင် တရုတ်ဇနီးမယားစျေးကွက်ကို စစ်ကောင်စီဘက်က ထိထိရောက်ရောက်ကိုင်တွယ်နိုင်တာမရှိသလို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကလည်း ဖြေရှင်းနိုင်တာမရှိဘူးလို့ မူဆယ်မြို့ခံ သတင်းရင်းမြစ်က ထောက်ပြပါတယ်။ ဒီလိုဖြစ်စဥ်တွေထဲမှာ အလိမ်ခံရတဲ့တရုတ်နိုင်ငံသားတချို့လည်းရှိပါတယ်။ မြန်မာမိန်းကလေးတချို့ကို တင်တောင်းငွေပေး၊ တရားဝင်လက်ထပ်ကာ တရုတ်ပြည်ဘက်ခေါ်ယူပြီးမှ လိမ်လည်ခံလိုက်ရတာမျိုးဖြစ်ပါတယ်။

ဒီလိုဖြစ်စဉ်တွေကိုကြည့်ရင်လည်း တရုတ်စကားတတ်တဲ့ မြန်မာမိန်းကလေးတွေက ကျူးလွန်တာများတယ်လို့ ရွှေလီမြို့က လိမ်လည်ခံရသူ တရုတ်အမျိုးသားတစ်ဦးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “တရုတ်လည်းရောက်ရော အိမ်ကနေ ထွက်ပြေးတယ်၊ တရုတ်စကားတတ်တော့ ပြေးရတာလည်း လွယ်တယ်လေ။ ဆင်ထားတဲ့ လက်ဝတ်လက်စားယူသွားတဲ့သူတွေရှိတယ်” လို့ သူက ဆိုပါတယ်။

အဲဒီထွက်ပြေးတဲ့ မိန်းကလေးတွေဟာ တရုတ်ခင်ပွန်းတစ်ဦးနဲ့ ပေါင်းသင်းနေချိန်မှာပဲ ပွဲစားနောက်တစ်ယောက်နဲ့ ချိတ်ပြီး နောက်ထပ် တရုတ်အမျိုးသားတစ်ယောက်ကို ထပ်ယူဖို့ရှာကြတယ်လို့ တရုတ်ဘက်ခြမ်းမှာနေထိုင်တဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။ “နောက်တစ်ယောက်ထပ်ယူရင် တင်တောင်းငွေ နောက်တစ်ကြိမ် ထပ်ရမယ်လေ၊ အရင်တရုတ်နဲ့က မကွဲရသေးတော့ တင်တောင်းငွေထပ်ယူပြီးတော့ပဲ ထွက်ပြေးကြတာ” လို့ သူက ပြောပါတယ်။

TikTok နဲ့ ဝီချက်အပါအဝင် တရုတ်လူမှုကွန်ရက်အပလီကေးရှင်တွေမှာ တရုတ်ဇနီးမယားရှာတဲ့ ပွဲစားတွေကိုတွေ့ရပြီး ပေါ်ပေါ် တင်တင်စျေးကွက်ဖြစ်နေပါတယ်။ အဲဒီအပလီကေးရှင်းတွေကတဆင့် ပွဲစားတွေနဲ့ချိတ်ဆက်မိပြီး တရုတ်ဇနီးဖြစ်သွားသူ ၂ ဦးထက်မနည်းနဲ့ BBCက မေးမြန်းခွင့်ရခဲ့ပါတယ်။ ပဲခူးတိုင်း၊အုတ်ဖို က အသက် ၂၆ နှစ်အရွယ် မနွယ်နီက TikTok မှာတွေ့ခဲ့တဲ့ ပွဲစားကတဆင့် တရုတ်ဇနီးမယားဖြစ်ခဲ့သူဖြစ်ပါတယ်။ မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် ကိုယ်တိုင်က တရုတ်ဇနီးမယားလုပ်ရမှာသိပေမဲ့ ရွေးချယ်ခဲ့တာလို့ BBCကိုပြောပြပါတယ်။

မနွယ်နီက ဟူနန်ပြည်နယ်ခရိုင်ထဲက လူးဒိမြို့က တရုတ်အမျိုးသားနဲ့ အကြောင်းပါခဲ့ပါတယ်။ ” တရုတ်နဲ့ယူရမယ်ဆိုတာကိုသိတယ်။ ငွေကြေးလိုအပ်တဲ့အချိန်တခြားရွေးစရာမရှိတော့ အိမ်ကို စက်ရုံသွားလုပ်မယ်ဆိုပြီး လိမ်ပြီးသွားခဲ့တာပါ” လို့ မနွယ်နီက ပြောပါတယ်။ မနွယ်နီ ကို လက်ထပ်ယူတဲ့တရုတ်အမျိုးသားက တင်တောင်းငွေ သိန်း ၁၀၀ ကျော်( တရုတ်ယွမ်ငွေ ပြင်ပပေါက်ဈေး ၂၀,၀၀၀ ဝန်းကျင်)၊ ရွှေ၊ ငွေနဲ့ လက်ဝတ်လက်စားဆင်ပေးပြီး လစဉ်ကျပ် ၁၀ သိန်းကျော် (တရုတ်ယွမ်ငွေ ပြင်ပပေါက်ဈေး ၂,၀၀၀ ဝန်းကျင်) ပို့ပေးတယ်လို့ဆိုပါတယ်။ “ရန်ကုန်က တရားရုံးမှာ တရားဝင်လက်ထပ်ပြီးမှ တရုတ်ပြည်ဘက်လိုက်သွားခဲ့တာ” လို့ မနွယ်နီက ရှင်းပြပါတယ်။

မြန်မာမိန်းကလေးကို တရုတ်နိုင်ငံသားတစ်ဦးက မြန်မာနဲ့ တရုတ် နှစ်နိုင်ငံစလုံးမှာ တရားဝင်လက်ထပ်ယူလို့ရတယ်လို့ မနွယ်နီက သူသိထားတဲ့ အခြေအနေကိုပြောပါတယ်။ တရုတ်ဇနီးအဖြစ် လက်ထပ်ခွင့်တွေနဲ့ ပတ်သက်တဲ့ ဗီဇာလျှောက်ပေးတဲ့ အေဂျင်စီတချို့ကလည်း အဲဒီအချက်ကို အတည်ပြုပါတယ်။

“မြန်မာတရားရုံးမှာယူလည်းရတယ်။ မဟုတ်လည်း တရုတ်ဘက်ရောက်မှ တရုတ်တရားရုံးမှာ လက်ထပ်လည်းရတယ်။ မြန်မာမှာ လက်ထပ်မယ်ဆိုရင်တော့ မြန်မာမိန်းကလေးကိုယူမယ့်တရုတ်လူမျိုးက မြန်မာနိုင်ငံအထိ လာဖို့လိုတယ်” လို့ အေဂျင်စီတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ လက်ထပ်ခဲ့ရင်တော့ ဇနီးမောင်နှံ ကွာရှင်းတဲ့အခါ နှစ်ဦးသဘောတူဖို့လိုတဲ့အပြင် တရုတ်ခင်ပွန်းက မြန်မာအထိ ပြန်လိုက်လာမှ ကွာရှင်းလို့ရတဲ့အကြောင်း သူက ဖြည့်ပြောပါတယ်။

မြန်မာမှာလက်ထပ်ပြီးရင် တရုတ်ခင်ပွန်းနဲ့အတူ တရုတ်ဘက်လိုက်ဖို့အတွက် ရန်ကုန်မြို့က တရုတ်သံရုံး ဒါမှမဟုတ် မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံးမှာ လက်ထပ်ဗီဇာလျှောက်ရတယ်လို့ အေဂျင်စီဘက်က ပြောပါတယ်။တရုတ်လက်ထပ်ဗီဇာ”ဆိုတာက တရုတ်ဇနီးရှာတဲ့ ပွဲစားတွေနဲ့ ဗီဇာလျှောက်ပေးတဲ့အေဂျင်စီတွေကြား အလွယ်သတ်မှတ် ခေါ်ဝေါ်သတ်မှတ်ကြတာဖြစ်ပါတယ်။ မြန်မာပြည်မှာ လက်ထပ်ပြီး တရုတ်ပြည်ကိုလိုက်ဖို့အတွက် မြန်မာက တရုတ်သံရုံးမှာ လျှောက်ရင်တော့ Q1(ကြူဝမ်း) ဗီဇာဖြစ်ပြီး တရုတ်ပြည်မှာ လက်ထပ်ပြီးဗီဇာလျှောက်ရင်တော့ S2 (အက်စ်တူး) ဗီဇာလို့ ခေါ်ပါတယ်။

Q1 ဗီဇာဟာ တရုတ်နိုင်ငံသားတစ်ဦး ဒါမှမဟုတ် တရုတ်မှာ အမြဲတမ်းနေထိုင်သူတစ်ဦးရဲ့ မိသားစုဝင်ဖြစ်သူဟာ တရုတ်နိုင်ငံမှာ ရက်အကန့်အသတ်မရှိနေထိုင်မယ်ဆိုရင် လျှောက်ရတဲ့ဗီဇာအမျိုးအစားဖြစ်ပြီး ရက် ၃၀ (တစ်လ)ပြည့်တိုင်း တစ်ကြိမ်စီ သက်တမ်းဆက်တိုးပြီးနေခွင့်ရှိပါတယ်။ သားဖွားစောင့်ရှောက်မှုအတွက် ဆေးရုံ၊ ဆေးခန်းပြဖို့ကိစ္စအတွက်လည်း ဒီ ဗီဇာကိုလျှောက်နိုင်ပါတယ်။

S2 ဗီဇာကတော့ တရုတ်မှာ ရက်ပေါင်း ၁၈၀ နေထိုင်နိုင်မှာဖြစ်ပြီး နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေသူ ဒါမှမဟုတ် ကျောင်းတက်နေတဲ့ မိသားစုဝင်တွေ အလည်အပတ်အတွက် လျှောက်ရတဲ့ ကာလတို ဗီဇာအမျိုးအစားဖြစ်ပါတယ်။ ဒီဗီဇာဟာလည်း တရုတ်ဘက်ခြမ်းမှာပဲ သက်တမ်းဆက်တိုးလို့ရပါတယ်။

မန္တလေးကောင်စစ်ဝန်ရုံးကတော့ နိုင်ငံသားစိစစ်ရေးကတ်ပြားအလိုက် ကချင်ပြည်နယ် တစ်မျဉ်းစောင်း(၁/)၊ စစ်ကိုင်းတိုင်း (၅/)၊ မန္တလေးတိုင်း (၉/)နဲ့ ရှမ်းပြည်နယ် (၁၃/) တွေကိုသာ Q1 ဗီဇာလျှောက်ပေးတယ်လို့ အေဂျင်စီရဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။ “သူတို့သတ်မှတ်ထားတဲ့ မှတ်ပုံတင်မျဉ်းစောင်းမဟုတ်ရင် တရုတ်သံရုံး(ရန်ကုန်)မှာပဲ လုပ်ရတယ်” လို့ သူက ဆက်ပြောပါတယ်။

Q1 ဗီဇာလျှောက်ချိန်ကလည်း သီတင်းပတ်တစ်ပတ်ကနေ ၁၀ ရက်ဝန်းကျင်အထိကြာနိုင်သလို လနဲ့ချီပြီးလည်းကြာနိုင်တယ်လို့ အေဂျင်စီကနေ သိရပါတယ်။

တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့ထဲက နှစ်နဲ့ချီကြာ လည်ပတ်နေတဲ့ တရားမဝင် တရုတ်ဇနီးဈေးကွက်မှာတော့ တရုတ်လူမျိုးတွေက တရားဝင်လက်ထပ်စာချုပ်နဲ့ ထိမ်းမြားတာနည်းတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “တရားဝင်ယူကြတာရှိပေမဲ့ နည်းပါတယ်။တရားမဝင်က သက်သာတယ်လေ။ ကုန်ကားတွေနဲ့ ခိုးလမ်းကနေ ဝင်ခိုင်းပြီး ရွှေလီမြို့ထဲက တရုတ်လူမျိုးအိမ်တွေ အထိ ပွဲစားတွေက လိုက်ပို့ပေးတာ”လို့ မူဆယ်မြို့က သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

တစ်ဖက်မှာလည်း တရုတ်ဘက်ရောက်မှ တရုတ်နိုင်ငံသားဘက်က တရားဝင်လက်ထပ်လိုက်တာလည်းရှိသလို လက်မှတ်မထိုးဘဲ ပေါင်းသင်းနေထိုင်တာတွေလည်းရှိတယ်လို့ ရွှေလီဘက်က သတင်းရင်းမြစ်က ပြောပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလထဲမှာပဲ နေရာဒေသစုံက မိန်းကလေး ၆ ဦးကို ငွေဗန်းပြစည်းရုံးပြီး တရုတ်ဇနီးအဖြစ်‌ ပို့‌ဆောင်ရောင်းစားဖို့ လုပ်ခဲ့တဲ့ တရားခံ ၆ ဦးကို ရဲတပ်ဖွဲ့က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေတွေနဲ့ အမှုဖွင့်တရားစွဲခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပါတယ်။ အဲဒီထဲက ၄ ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ်ကနေ နှစ် ၂၀ အထိ ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရတဲ့သူထဲမှာ တရုတ်နိုင်ငံသားတစ်ဦးလည်းပါဝင်နေပါတယ်။ ဖေဖော်ဝါရီ ၆ ရက် ကလည်း တရုတ်ဇနီးဈေးကွက်အတွက် လူကုန်ကူးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မူဆယ်မြို့ခံ ၂ ဦးကို အလုပ်နဲ့ထောင်ဒဏ် နှစ် ၂၀ စစ်ကောင်စီရဲတပ်ဖွဲ့က အမိန့်ချလိုက်ပါတယ်။

တရုတ်ဇနီးမယားအဖြစ် အလိုမတူဘဲ ရောင်းစားခံရသူတွေထဲမှာ မြန်မာနိုင်ငံအောက်ပိုင်းက အမျိုးသမီးတွေအထိ ပါဝင်လာပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ စိုးရိမ်စရာ ဖြစ်နေပြီလို့ ထိုင်းအခြေစိုက်၊ ကချင်အမျိုးသမီးအစည်းအရုံး KWAT က ဒီဇင်ဘာလထဲမှာ အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ မြန်မာမှာ တရုတ်ဇနီးမယားစျေးကွက်က ပြီးခဲ့တဲ့ဆယ်စုနှစ်တွေကတည်းကရှိခဲ့ပေမဲ့ ဒီမိုကရေစီအစိုးရ ၂ ဆက်မှာ ငုပ်လျိုးကွယ်ပျောက်ခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးတာ၊ နယ်မြေဒေသမှာ စစ်ပွဲပဋိပက္ခတွေရှိတာကြောင့် နယ်စပ်မြို့တွေက အလုပ်တွေကိုရှာဖွေကြချိန် ဒီစျေးကွက်ကလည်း ခေါင်းပြန်ထောင်လာတယ်လို့ ပွဲစားတွေကပြောပါတယ်။ တဖက်မှာလည်း တရုတ်နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်း နှစ်စဉ်ဆက်တိုက်ကျဆင်းနေတာကလည်း အိမ်နီးချင်း မြန်မာက အမျိုးသမီးတွေကို တရုတ်ဇနီးမယားအဖြစ်ခေါ်ယူဖို့ ပစ်မှတ်ထားခံရတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွက် တရုတ်နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းအရ လူဦးရေ ၁,၀၀၀ မှာ ၁၀ ရာခိုင်နှုန်းကျော်သာ ကလေးမွေးဖွားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်ကတော့ လူဦး‌ရေ ၁,၀၀၀ မှာ ၆ ဒသမ ၃၉ ရာခိုင်နှုန်းသာ ကလေးမွေးဖွားခဲ့တာကြောင့် ကလေးမွေးဖွားနှုန်း အနည်းဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း ၁ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းနီးပါးအထိ ကလေး‌မွေးဖွားနှုန်း ကျဆင်းခဲ့တာပါ။ ‌ဒီလိုကျဆင်းမှုတွေကြောင့် တရုတ်နိုင်ငံအနှံ့က သူငယ်တန်းကျောင်းပေါင်း ၁၄,၀၀၀ ‌ကျော်ကိုလည်း ပိတ်ခဲ့ရတယ်လို့ တရုတ်ပညာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

နောက်တစ်ချက်ကတော့ တရုတ်ပြည်မှာ ချစ်သူစုံတွဲတွေ နားလည်မှုနဲ့ လက်ထပ်ထိမ်းမြားတာကလွဲလို့ နှစ်ဖက်မိဘချင်းတွေ့ဆုံပြီး တင်တောင်းယူရတဲ့အခါတွေမှာ တရုတ်အမျိုးသားတွေဘက်က ပေးရတဲ့ တင်တောင်းငွေပမာဏက ယွမ်သိန်းဆယ်နဲ့ချီ မြင့်တယ်လို့ တရုတ်မှာနေထိုင်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲမောင်း ဘာသာပြန်သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *