မတ်လ ၁၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်း – မြန်မာနယ်စပ်မှာ ဆယ်စုနှစ်ချီကြာအောင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ မယ်တော်ဆေးခန်းက ကရင်တိုင်းရင်းသူ ဒေါက်တာစင်သီယာမောင်ကို ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ နရဲစွမ်တက္ကသိုလ်က မတ်လ ၁၁ ရက်မှာ ဂုဏ်ထူးဆောင်ဘွဲ့ဒေါက်တာဘွဲ့ ချီးမြှင့်လိုက်ပါတယ်လို့ BBC သတင်းက မတ်လ ၁၃ ရက်နေ့ကဖော်ပြပါတယ်။
တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်တဲ့အခမ်းအနားကို ထိုင်းဘုရင့်သမီးတော် သီရိဒုံ မင်းသမီးကြီး တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ ဒေါက်တာစင်သီယာမောင်ကို ဂုဏ်ထူးဆောင်ဘွဲ့ပေးဖို့ တက္ကသိုလ် လူမှုသိပ္ပံပညာ မဟာဌာနက အဆိုပြုခဲ့တာဖြစ်ပြီး တက္ကသိုလ်ကောင်စီက ရွေးချယ်ခဲ့တာလို့ သိရပါတယ်။ အာဆီယံ ဒေသတွင်းမှာ လူသားအကျိုးပြု လုပ်ငန်းတွေနဲ့ လူမှုအသိုက်အဝန်းအတွက် ကောင်းကျိုးဖြစ်ထွန်းစေတာကြောင့် အခုဘွဲ့ကို ပေးတာလို့ တက္ကသိုလ်ဘက်က ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ကတော့ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းဟာ ထိုင်း- မြန်မာနယ်စပ်တလျှောက် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တိုင်းရင်းသားလူထုအတွက် ကျန်းမာရေးနဲ့ ပတ်သက်ပြီး မှီခိုအားထားရတဲ့ဆေးခန်းလို့ သတင်းထုတ်ပြန်ပါတယ်။ ဒေါက်တာ စင်သီယာမောင်ဟာ သူ့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကြောင့် အာရှနိုဘယ်ဆုလို့ ရည်ညွှန်းကြတဲ့ ရေမွန်ဆက်စေးစေးဆု အပါအဝင် နိုင်ငံတကာဆုပေါင်း ၁၈ ခုထက်မနည်း ရရှိထားပါတယ်။