ဇူလိုင်လ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ကွာလာလမ်ပူ- Jalan 1/18B၊ Kampung Batu၊ Off Jalan Ipoh တွင်ရှိသောလုပ်ဖော်ကိုင်ဖက်ကို သတ်ခဲ့သည့် သံသဖြစ်ဖွယ်ရှိသူ မြန်မာနိုင်ငံသားတစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က ရှာဖွေနေသည်ဟု The Sun Malaysia သတင်းက ဇူလိုင် ၁ရက်နေ့တွင်ဖော်ပြသည် ။ ဤအဖြစ်အပျက်သည် ဇွန်လ ၃၀ရက်နေ့ ညက ဖြစ်ပွားခဲ့သည်။ ဆိုင်ပိုင်ရှင်၊ လုပ်ဖော်ကိုင်ဖက်များနှင့် သေဆုံးသူ၏မိသားစုအပါအဝင် သက်သေငါးဦးကို စစ်ဆေးမေးမြန်းနေကြောင်း Sentul ခရိုင်ရဲမှူးကြီးACP Ahmad Sukarno Mohd Zahari က ပြောကြားခဲ့သည်။
“ကနဦး စုံစမ်းမှုတွေအရ သေဆုံးသူဟာ ဓားဒဏ်ရာကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဓားတစ်လက်ကို ပြန်လည်တွေ့ရှိခဲ့ပေမယ့် အသုံးပြုခဲ့တဲ့ လက်နက်ဟုတ်မဟုတ် မသိရသေးဘူး”ဟုသူကဆိုပါသည်။ ဇွန်လ ၃၀ရက်နေ့က ည ၁၁ နာရီ ၃၃ မိနစ်မှာ ဆိုင်ပိုင်ရှင်၏အရေးပေါ်ဖုန်းခေါ်ဆိုမှုကို ရဲတပ်ဖွဲ့က တုံ့ပြန်ခဲ့ပြီး အလုပ်သမားနှစ်ဦးဖြစ်သော အသက် ၃၇ နှစ်အရွယ် ဒေသခံအမျိုးသားနှင့်မြန်မာနိုင်ငံသား သံသယရှိသူ နှစ်ဦးတို့ အရက်သောက်ရင်း ခိုက်ရန်ဖြစ်ပွားခဲ့သည်ဟုသိရပါသည်။ တောခုတ်ဓားကိုင်ဆောင်ထားသည့် အင်္ကျီမပါသော သေဆုံးသူအမျိုးသားကို တာဝန်ရှိသူများက တွေ့ရှိခဲ့ပြီး ပခုံး၊ ဦးခေါင်း၊ လည်ပင်းနှင့် မေးစေ့တို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ အဆိုပါအမှုကို လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။