ဩဂုတ်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းဘတ်ငွေဈေးနှုန်းဟာ ဩဂုတ် ၂၀ ရက်ကစပြီး တဖြည်းဖြည်းချင်း ဈေးနှုန်းကျဆင်းပြီး မြန်မာငွေဈေး အနည်းငယ် မြင့်တက်လာတယ်လို့ ငွေကြေးလဲလှယ်သူ ကိုယ်စားလှယ်တွေက ပြောပတယ်လို့ BBC သတင်းက သြဂုတ် ၂၁ရက်မှာဖော်ပြပါတယ်။ ဩဂုတ် ၁၉ ရက်မှာ မြန်မာကျပ်ငွေ တစ်သိန်းဖိုးကို ထိုင်းငွေ ၇၃၂ ဘတ် ရှိတာကနေ ဩဂုတ် ၂၀ မှာတော့ ၇၃၄ ဘတ်၊ ၇၃၅ ဘတ်၊ ၇၃၇ ဘတ်ဆိုပြီး အချိန်နဲ့အမျှ ဘတ်ဈေး ကျလာတာ ဖြစ်ပါတယ်။ ဒီနေ့ ဩဂုတ် ၂၁ ရက်မှာလည်း ကျပ်တစ်သိန်းကို ဘတ်ဈေး ၇၃၈ နဲ့ စဖွင့် ရောင်းချတာကနေ နေ့လယ်ပိုင်းမှာ ၇၄၀ဘတ်နဲ့ ညနေပိုင်းမှာ ၇၄၂ ဘတ်အထိ ဘတ်ဈေးကျနေပါတယ်။ “အခုချိန်မှာ ငွေလဲတာတွေ သတိထားပြီး လုပ်နေရတယ်။ ငွေအများကြီး အရောင်းအဝယ် မလုပ်ရဲဘူး။ ဆုံးရှုံးတာတွေ များတတ်လို့။ ပြီးတော့ ဒီကာလငွေလဲတာကလည်း အလုပ်သမားတွေလက်ထဲ ငွေနည်းတဲ့ ကာလလေ။
ငွေစုထားသူတွေပဲ လဲကြတာ”လို့ ဘတ်ငွေနဲ့ ကျပ်ငွေ လဲလှယ်သူ အမျိုးသမီး ကိုယ်စားလှယ်တစ်ယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်ကစပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားကို မြန်မာဘက်ခြမ်းက ပိတ်လိုက်တာတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာတွေ နဲ့ အလည်အပတ်လာသူတွေ အကောင့်ဖွင့် အသုံးပြုတဲ့ ဘန်ကောက်ဘဏ် ငွေစာရင်းတွေဟာ ဩဂုတ် ၁၉ ရက်ကစပြီး ယာယီအပိတ်ခံရတာတွေ ရှိပါတယ်။ ဒီဖြစ်ရပ်တွေ နောက်ပိုင်းမှာ မြန်မာငွေဈေး မြင့်တက်ပြီး ထိုင်းဘတ်ဈေး တဖြည်းဖြည်း ကျလာတာကို တွေ့ရပါတယ်။