ဩဂုတ်လ ၂၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လာမယ့်တစ်ပတ်မှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောတယ်လို့ BBC သတင်းကသြဂုတ် ၂၅ ရက်ကဖော်ပြပါတယ်။ အာဏာသိမ်း မင်းအောင်လှိုင်ဟာ ရန်ကုန်မြို့မှာ သြဂုတ်လ ၃၀ နဲ့ စက်တင်ဘာလ ၁ ရက်အထိပြုလုပ်မယ့် လူငယ် ညီလာခံကို တက်ပြီးရင် တရုတ်ကို ခရီးဆက်မှာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ တရုတ်နိုင်ငံမှာ သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာလ ၁ ရက်အထိ ပြုလုပ်မယ့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)ရဲ့ ၅ ကြိမ်မြောက်အစည်းအဝေး၊ စက်တင်ဘာလ ၃ ရက်မှာ ပြုလုပ်မယ့် ဂျပန်စစ်တပ် လက်နက်ချမှုနဲ့ ဒုတိယကမ္ဘာစစ်အောင်နိုင်မှု စစ်ရေးပြ ချီတက်ပွဲကို တက်ရောက်ဖို့ ရှိတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းမှာ ကျင်းပမယ့် စစ်ရေးပြအခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဂုဏ်ပြုမှာဖြစ်ပြီး မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးကို ဖိတ်ကြားထားတယ်လို့ တရုတ်နိုင်ငံရဲ့ သတင်းတွေမှာ ဖော်ပြပေမယ့် တရုတ်အာဏာပိုင်တွေကတော့ စစ်ရေးပြပွဲတက်ရောက်မယ့်သူစာရင်းကို မထုတ်ပြန်သေးပါဘူး။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စမော်နင်းကတော့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ အချိန်နဲ့ တပြေးညီထုတ်ပြန်ပေးမယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်က သတင်စာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အလားတူ တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ ကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ ၅ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးပွဲကိုလည်း စစ်ခေါင်းဆောင်က တက်ရောက်မယ်လို့ သိရပါတယ်။ တရုတ်၊ ရုရှားနဲ့ ဆိုဗီယက်ပြည်ထောင်စုအစိတ်အပိုင်းဖြစ်ခဲ့တဲ့ အလယ်အာရှနိုင်ငံ လေးနိုင်ငံ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ ဥဇဘက်ကစ္စတန်တို့က ၂၀၀၁ ခုနှစ်မှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (SCO) ကို စတင်ဖွဲ့ စည်းခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဦးဆောင်တဲ့ ဒီအဖွဲ့မှာ ရုရှား၊ အိန္ဒိယ၊ ယူအေအီး၊ ကာတာ၊ ကူဝိတ်၊ ကမ္ဘောဒီးယားအပါအဝင် အဖွဲ့ဝင် ၂၆ နိုင်ငံပါဝင်ပါတယ်။ မြန်မာဟာ SOC အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် စစ်ခေါင်းဆောင်ကို တက်ရောက်ဖို့ တရုတ်က ဖိတ်ကြားထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ စစ်ကော်မရှင်ကတော့ တရုတ်နိုင်ငံ သွားရောက်မယ့်အခြေအနေနဲ့ ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။ တဖက်မှာလည်း အခုတစ်ခေါက် တရုတ်ခရီးစဉ်ဟာ စစ်ခေါင်းဆောင်ရဲ့ ဒုတိယမြောက် ခရီးစဉ် ဖြစ်လာမှာပါ။ သူဟာ ပြီးခဲ့တဲ့နှစ်တုန်းက ယူနန်ပြည်နယ်ကို သွားရောက်ခဲ့ပြီး တရုတ်အပါအဝင် ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေက ဝန်ကြီးချုပ်တွေ တက်ရောက်ကြတဲ့ မဟာမဲခေါင် ထိပ်သီးအစည်း အဝေးပွဲကို တက်ရောက်ခဲ့ပြီး မြန်မာမှာ ရွေးကောက်ပွဲ ကျင်းပမယ့်အကြောင်း ထုတ်ပြောခဲ့ပါတယ်။