စက်တင်ဘာ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဝပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် ( UWSA) ၊ ကိုးကန့်တပ်မတော် ( MNDAA)၊ တအာင်းတပ်မတော် ( TNLA) နဲ့ ရှမ်းရှေ့ မိုင်းလားတပ် (NDAA) စတဲ့တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတော့တဲ့ မြို့နယ် (၁၇) မြို့ကို စစ်ကော်မရှင်ကမနေ့ စက်တင်ဘာလ (၁၄) ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တယ်လို့ Wa News Lsnd သတင်းက စက်တင်ဘာ ၁၅ရက်မှာဖော်ပြပါတယ်။ ၎င်းမြို့နယ် (၁၄) မြို့ထဲ ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ ဟိုပန်၊ မိုင်းမော ၊ ပန်ဝိုင် ၊နမ့်ဆန် ၊ မန်တုံ ၊ ကုန်းကြမ်း ၊ လောက်ကိုင် ၊ နမ္မတူ ၊ ကွတ်ခိုင် ၊ နမ့်ခမ်း ၊ မဘိမ်း ၊ မိုးမိတ် ၊ မိုင်းလား နဲ့ သိန္နီမြို့တို့ပါဝင်ပါတယ်။”ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်/ ပါတီ – UWSA/ UWSP ထိန်းချုပ်နယ်မြေတွေမှာ အစိုးရ အဆက်ဆက် ဗိုလ်ချုပ်သန်းရွှေ၊ ဦးသိန်းစိန်၊ NLD လက်ထက်ကတည်းက ရွေးကောက်ပွဲ ကျင်းပဖို့ ခွင့်ပြုတောင်းဆိုချက်တွေကို “ဝ” တပ်က အကြိမ်ကြိမ်ငြင်းဆန်ခဲ့သလို “ဝ” တပ်ထိန်းချုပ်နေရာတွေဟာ ယခင်တည်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပခွင့်မရှိတဲ့ နယ်မြေဒေသတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ကလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြို့နယ်ပေါင်း (၆၃) မြို့နယ်ကို အရေးပေါ် အခြေအနေ ကြေငြာခဲ့ပါတယ်။
၎င်းအရေးပေါ် အခြေအနေ ကြေငြာခြင်းခံရတဲ့ မြို့နယ်တွေထဲ ရှမ်းပြည်နယ်က မြို့နယ်ပေါင်း (၁၅) မြို့ပါဝင်ကာ စစ်ကောင်စီတပ်နဲ့ စစ်ဖြစ်ပွားခြင်း မရှိတဲ့ “ဝ” တပ် ထိန်းချုပ်နယ်မြေပေါ်က ဟိုပန်နဲ့ ရှမ်းရှေ့ – NDAA တပ်ထိန်းချုပ်ထားတဲ့ မိုင်းလားမြို့တွေကိုပါ ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီအနေနဲ့ လာမယ့် ဒီဇင်ဘာလ ၊ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ ပထမပိုင်းကို ကျင်းပသွားမှာ ဖြစ်ပြီးတော့ ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလထဲ အပြီးကျင်းပသွားမှာ ဖြစ်ကြောင်းကိုလည်း ပြီးခဲ့တဲ့ သြဂုတ်လ (၁၈ ) ရက်နေ့က ထုတ်ပြန်ထားခဲ့ပါတယ်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ရွေး ကောက်ပွဲ မကျင်းပနိုင်တော့တဲ့ မြို့နယ်ပေါင်း ( ၅၆) မြို့နယ်ထိရှိထားပြီး အများစုဟာ တော်လှန်ရေး လက်နက်ကိုင်နဲ့ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲက ဖြစ်ပါတယ်။