နွေဦးတော်လှန်ရေးကနိုင်ငံတစ်ကာကို မျက်ရည်ခံထိုးနေစရာမလိုပါ

“မြန်မာပြည်စစ်အာဏာရှင်စနစ်နဲ ပက်သက်လို့ အနောက်အုပ်စုနဲ အမေရိကန်ခြေရာလက်ရာများနဲ ပက်သက်လို့ သုတေသန စာအုပ်စာတန်းပေါင်းများစွာထွက်ရှိပြီးဖြစ်ပါတယ်၊သိသာချက်တစ်ခုကတော့ ၁၉၆၂ မှာ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြောက်ခံထားရတဲ့ ပြည်ထောင်စုအစိုးရထံက အာဏာသိမ်းပြီးနောက်မကြာမည် ၁၉၆၄ ခုနှစ်မှာ ဗိုလ်နေဝင်းဟာ အမေရိကန်အစိုးရရဲ အထူးဧည့်သည်အဖြစ် အိမ်ဖြူတော်မှာ ညစာစားနေပြီဖြစ်ပါတယ်”
——————————————————-
ဖေဖော်ဝါရီ ၂၂၊၂၀၂၅/ သောင်ရင်းသတင်းလွှာ(ဆောင်းပါး)
“ပုလ္လင်ပေါ်တင်ပေးတယ်ဆိုတာ တိုက်ခိုက်သိမ်းပိုက်ပေးပြီးတဲ့နောက်တင်ပေးမှဖြစ်တာပါ။အီရတ်တို့ အဖကန်နစ္စတန်တို့လို့ ဝင်တိုက်ပေးပြီးတဲနောက်မှ တင်ပေးမှဖြစ်တာပါလို့ “ရဲဘော်ဗိုလ်ကြင်မောင်က သတိပေးခဲ့ဖူးပါတယ်။ ကြွက်မနိုင် ကျီမီးရှို့ စဉ်းစားပုံမျိုးက မြန်မာပြည်မှာ လက်တွေ့အလုပ်ဖြစ်ဖို့ မလွယ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲမှရမယ်၊လက်နက်အကူအညီရှာမှဖြစ်မယ်လို့ သခင်လူငယ်တွေနဲကျောင်းသားခေါင်းဆောင်တွေဆွေးနွေးကြပြီးတဲ့နောက် နည်းမျိုးစုံနဲ အကူအညီရဖို့ကြိုးစားကြပါတယ်။သခင်ဗဟိန်းနဲဒဂုံတာရာတို့လည်း တရုတ်ကိုအကူအညီတောင်းဖို့ကြိုးစားကြပါတယ်။
ကိုကြီးနုတို့လည်း ချန်ကေရှိတ်ထံက အကူအညီရလိုရကြောင်းကြိုးပမ်းကြပါတယ်။ပြည်ပကို ကုန်းလမ်းကနေ နည်းမျိုးစုံနဲထွက်ဖို့ကြိုးစားကြတာမအောင်မြင်ပဲ အတားအဆီးတွေခံကြရပါတယ်။
ထိုစဉ်က ရန်ကုန်မှာ အသွင်မျိုးစုံယူပြီး သူလျိူလုပ်နေတဲဂျပန်တွေနဲ မြန်မာအင်အားစုတွေလည်း အဆင်အသွယ်ရနေကြတာရှိပါတယ်။ ထိုသို့နည်းမျိုးစုံနဲ့ကြိုးပမ်းနေကြတဲအထဲက ဗိုလ်ချုပ်အောင်ဆန်းတို့ အဖွဲက တရုတ်တန်းမှာ ကားမောင်းနေတဲ့ ကိုကျော်ခင်အဆက်အသွယ်နဲ တရုတ်တိန်မိသားစု စားသောက်ဆိုင်ကနေတစ်ဆင့် တိန့်မိသားစု သင်္ဘောနဲ တရုတ်ပြည်ဖက်ကို စွန့်စားသွားလာခဲ့ပါတယ်။သခင်အောင်ဆန်းတို့ သွားတာက တရုတ်တောင်ပိုင်းကမ်းရိုးတန်းကနေ ယင်အန်းအဆက်အသွယ်ရှာဖို့ဖြစ်တယ်လို့ ယဉ်ကျေးမှု့ဝန်ကြီးဌာနထုတ် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပတ္တိ စာအုပ်မှာတင်ပြပါတယ်။ တောင်ခိုးနဲဆရာမြသန်းတင့်တို့ပြန်ဆိုထားကြသည့် အရှည်ကြာဆုံးစစ်ပွဲမှာတော့ ဂျပန်တောင်ပိုင်းတပ်မတော်(ရေတပ်)နဲမြောက်ပိုင်းတပ်မတော်(ကြည်းတပ်)တို့ရဲ သူလျိူတွေနဲ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းတို့ ချိတ်ဆက်မိထားတာရှိပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် စီမံဆောင်ရွက်ထားကြတယ်လိုဆိုကြပါတယ်။မီနာမီကိကန်းနဲဗိုလ်မိုးကြိုးဇာတ်လမ်းတွေက အတော်များများသိရှိကြပြီးဖြစ်ပါတယ်။

ဒီနေရာမှာ စာအုပ်တွေရဲ့ တင်ပြပုံအရ မြန်မာလူငယ်တွေ နိုင်ငံတစ်ကာအကူအညီရဖို့ကြိုးစားကြတာ “ “ တရုတ်ထံကပထမလား၊ဂျပန်ထံမှ ပထမလား” ဆိုတဲ့နေရာမှ ဝိဝါဒကွဲနေကြတာပဲဖြစ်ပါတယ်။ ဒေါက်တာဘမော်နဲ ဂဠန်ဦးစောတို့ကတော့ ဂျပန်အကူအညီတောင်းတဲ့ အထောက်အထားနဲ့ အဖမ်းခံရကြောင်းလည်း သမိုင်းအရတွေ့ရပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ရဲ မြန်မာနိုင်ငံကို ကျူးကျော်သိမ်းပိုက်ဖို့နဲမြန်မာလူငယ်တွေကို စစ်ပညာသင်ကြားပေးရေးနိုင်ငံရေးနဲအဂ္ဂါမဟာဗျူဟာဆုံးဖြတ်ချက်ကို ဗိုလ်ချုပ်ကြီး ဆလင်းရဲ ရှုံးနိမ့်ရာမှ အောင်မြင်ခြင်း၊တောင်ခိုးရဲ့ စစ်ညောင်းတာရှည်မြန်မာပြည်၊အိုနိုးတိုးရှု့ရဲ ဂျပန်၏ မြန်မာပြည်သို့တိုက်ခိုက်ရခြင်းအကြောင်းစာအုပ်တွေမှာ အတိအလင်းဖော်ပြထားကြပါတယ်။
ပထမကမ္ဘာစစ်မတိုင်မည်ကထဲက ဂျပန်ဟာ ကိုရီးယား၊မန်းချုး၊တရုတ်တို့ကို ကျူးကျော်တိုက်ခိုက်နေပြီဖြစ်ပါတယ်။ထိုစဉ်ကအမေရိကန်အပါအဝင် အနောက်နိုင်ငံတွေဟာ ဂျပန်ကို ရုရှားတို့ဟန့်တားရေးနဲ ပါဝါဟန်ချက် ထိမ်းထားရေး၊တရုတ်ပြည်ကျူးကျော်စစ်နဲ အလုပ်ရှုတ်ပြီး စစ်နွံ့နစ်နေစေရေး၊ဂျပန်စစ်ပွဲများအတွက် ငွေကြေးချေးဌားပေးခြင်းနဲ စစ်လက်နက်ပစ္စည်း၊စစ်ဖက်ဆိုင်ရာကုန်စည်များရောင်းချခြင်း စတဲ သူတို့ရည်ရွယ်ချက်နဲ သူတို့ အားပေးခဲပါတယ်။တရုတ်ဖက်က ချန်ကေရှိတ်အစိုးရကလည်း ဂျပန်ကို ခုခံဖို့ ဆိုဗီယက်ကို အကူအညီတောင်းနေရပါတယ်။ထိုစဉ်က ပြည်တွင်းမှာ အားပြိုင်ပွဲဖြစ်နေတဲ မော်စီတုန်းတို့နဲ ယာယီတိုက်ခိုက်မှု့ရပ်နားထားကြပြီး ဂျပန်ခုခံစစ်အတွက် ကူမင်တန်၊ကွန်မြူနစ် တပ်ပေါင်းစုဖွဲ ခုခံတိုက်ခိုက်နေတဲ အချိန်ဖြစ်ပါတယ်။
တရုတ်ကမ်းရိုးတန်းများမှ အထူးစီးပွားရေး ကိုယ်ပိုင်ဇုန်များရရှိထားကြတဲ အမေရိကန်အပါအဝင်၊ဥရောပနိုင်ငံတွေက သူတို့ အကျိုးစီးပွားကို မထိပါးသ၍နဲ့ သူတို့ စစ်ဖက်ကုန်စည်ရောင်းချခြင်းနဲ အမြတ်ရနေသ၍ တရုတ်အပေါ်ကျူးကျော်စစ်ပွဲကို လှစ်လျူရှု့ထားကြပါတယ်။ချန်ကေရှိတ်အစိုးရက နိုင်ငံပေါင်းချုပ်အသင်းကြီးမှာ တင်ပြတောင်းဆိုပေမယ့် လှစ်လျူရှု့ခဲပါတယ်။အလားတူ ဆိုဗီယက်ကလည်း သူ့ရဲ့ ရန်သူဂျပန်ရှေ့ဆက်မတိုးလာစေရေးနဲ တရုတ်ပြည်စစ်နွံ့ထဲမှာ နစ်နေစေလိုတဲ့ အတွက် ချန်ကေရှိတ်ကို ကူညီခဲ့ပါတယ်။သို့ပေမယ် ဂျပန်ကို ရုရှားပိုင် ဆခါလင်ကျွန်းကနေ စွမ်းအင်ရေနံတွေရောင်းချပေးခြင်းနဲ အမြတ်ထုတ်ပြန်ပါတယ်။ဒီကိစ္စကို သတင်းစာဆရာ အဂ္ဂစနိုးက မော်စီတုန်းကို မေးမြန်းရာမှ မော်စီတုန်းက စီးပွားရေးကရှိနိုင်ပါတယ်။ဒါပေမယ့် ဆိုဗီယက်ရဲ့ ပေါ်လစီမှာ ဖက်ဆစ်စနစ်တိုက်ဖျက်ရေးက ရှိနေသေးတဲ့ အတွက် နိုင်ငံရေးက နိုင်ငံရေး၊ ကုန်သွယ်ရေးက ကုန်သွယ်ရေး ရှိနိုင်ပါတယ်လို့ ပြန်ဖြေကြားခဲ့တာကို မီးလောင်မြေစာအုပ်မှာ တွေ့ရပါတယ်။
ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်ဟာ စွမ်းအင်၊လောင်စာ၊ကုန်ကြမ်း စသဖြင့် အကျပ်အတည်းတွေ့လာတဲအခါ စစ်အတွင်းခုန်ဝင်လာပါတယ်။ဂျပန်ဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းက အမေရိကန် ပုလဲဆိပ်ကမ်းကို တိုက်ခိုက်ပြီးတဲနောက် စစ်အတွင်းခုန်ဝင်လာခဲ့ပါတယ်။ပစိဖိတ်စစ်ပွဲများအတွင် တရုတ်ကမ်းရိုးတန်းအသီးသီးရှိအမေရိကန်နဲ့ အနောက်ကိုလိုနီနိုင်ငံများရဲ့တရုတ်ကိုလိုနီနယ်များနဲ့ ဆိပ်ကမ်းများကို ဂျပန်ကသိမ်းပိုက် လိုက်ပါတယ်။အလားတူ ပြင်သစ်ပိုင် အင်ဒိုချိုင်းနားဒေသက ဆိပ်ကမ်းများကိုလည်း သိမ်းပိုက်လိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ဝင်ရောက်လာခြင်းနဲ ဥရောပစစ်မြေပြင်မှာလည်း ရုရှားတိုက်ခိုက်ခံနေရခြင်းတို့ကြောင့် ချန်ကေရှိတ်နဲ ဂျပန်ခုခံရေးတပ်ပေါင်းစုရဲ အဓိက စစ်ဖက်ကုန်စည်ထောက်ပံ့သူက မဟာမိတ်တို့ ဖြစ်သွားပြန်ပါတယ်။ ဂျပန်က တရုတ်ကမ်းရိုးတန်းနဲ အင်ဒိုချိုင်းနားကမ်းရိုးတန်းရှိဆိပ်ကမ်းများကို ပိတ်ပင်လိုက် တာကြောင့် တရုတ်ပြည်အတွက် မဟာမိတ်တို့ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းနဲ ဆိပ်ကမ်းဟာ ရန်ကုန်ဆိပ်ကမ်းနဲ့တရုတ်-မြန်မာ လမ်းမကြီးဖြစ်သွားပါတယ်။အမေရိကန်နဲ မဟာမိတ်တို့အတွက်လည်းပဲဂျပန်ရဲ့ တရုတ်ပြည်ထဲမှာ ကျွံဝင်နေတဲ့ တပ်တွေ ဆွဲထုတ်ပြီး ပစိဖိတ်စစ်မြေပြင်မှ အသုံးချခွင့်မရရေးအတွက်
တရုတ်ရဲ့ဂျပန်ခုခံရေးအင်အားစုများကို ထောက်ပံ့ထားဖို့ သေနင်္ဂဗျူဟာလိုအပ်ချက်ရှိ့နေပါတယ်။
ဂျပန်အတွက်လည်းပဲ တရုတ်ပြည်မှာ အောင်ပွဲအမြန်အရယူပြီး စစ်အင်အားကို ပစိဖိတ်စစ်မြေပြင်ကို ပို့လွတ်အသုံးချနိုင်ဖို့လိုအပ်နေပါတယ်။ အဆိုပါအခြေအနေတောင်းဆိုချက်များကို မှုတည်ပြီး ဂျပန်တောင်ပိုင်းစစ်ဒေသသေနာပတိချုပ် မင်းသားတေရာဥချိ ဦးဆောင်တဲ့ စစ်ဦးစီးအဖွဲက မြန်မာပြည်ကို ဝင်ရောက်တိုက်ခိုက်ပြီး ရန်ကုန်ဆိပ်ကမ်းနဲ့ ဗားမားလမ်းမကြီးကို ပိတ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ထိုသို့ မြန်မာပြည်ကို ဝင်ရောက်တိုက်ခိုက်ရာမှ ဒေသခံ အင်အားစုတွေ လည်း ပူးပေါင်းပါဝင်ရေး စီမံချက်ကို မှုတည်ပြီး မီနာမီကိကန်း စီမံကိန်းကြီးပေါ်ထွက်လာပါတယ်။
ဂျပန်က ပထမ ဗမားလမ်းမကြီးကို ပိတ်ဖို့၊ရန်ကုန်ဆိပ်ကမ်းကို သိမ်းဖို့၊ပစိဖိတ်တောင်ပိုင်းစစ်နယ်ဝှမ်းရဲ့ စစ်နံလုံခြုံရေးအတွက် မဟာမိတ်တို့ ကုန်းရေနှစ်သွယ် ကမ်းတက်လာနိုင်တဲ သနင်္သာရီကို ပိတ်ဆို့ဖိုလောက်ပဲ စစ်ရေးရည်မှန်းချက်ထားတယ်လို့ဆိုပါတယ်။နောက်ပိုင်း အင်ဒိုကျွန်းစုတွေမှာ အနိုင်ရပြီး စစ်သည်အင်အားအပိုထွက်လာတာရယ်၊ဂျပန်စစ်ဦးစီးမှာ မြောက်ပိုင်းချီအနိုင်ရပြီး အိန္ဒိယကိုသိမ်းပိုက်၊အီရန်မှာ ဂျာမဏီနဲ့ဆက်ပြီး ဝင်ရိုးတန်းစစ်ခါးပတ်ကွင်းထိ့ အလှမ်းကျယ်သွားလို့ မြန်မာတစ်ပြည်လုံးသိမ်းပိုက်သွားဖို့ဖြစ်လာတယ်လို့ ရေးသားတာကို ဖတ်ရပါတယ်။
မြန်မာပြည်လွတ်လပ်ရေးကိစ္စနဲဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအပျိုးမှာ မြန်မာနိုင်ငံရေး အင်အားစုမျိုးစုံက ကမ္ဘာ့အင်အားစုမျိုးစုံကို အားကိုးခဲ့ကြပါတယ်။နောက်ဆုံးစစ်အေးတိုက်ပွဲရဲ့ မျက်နှာသာပေးမှုကို ဗိုလ်နေဝင်းတို့အုပ်စုက ရရှိ့သွားပြီး မြန်မာပြည်ရဲ စစ်အာဏာရှင်ခရီးကစတင်လာခဲတာ ယနေ့အထိဖြစ်ပါတယ်။
ဒီနေရာမှာ ဗိုလ်နေဝင်းစစ်အုပ်စု အခုလို အာဏာချုပ်ကိုင်သွားတာနဲ့ပက်သက်ပြီး စစ်အေးတိုက်ပွဲရဲ အဆက်အဖြစ် မြင်အောင်ကြည့်ဖို့လိုမယ်လို ယူဆမိပါတယ်။စစ်အေးခေတ်အာဏာသိမ်းမှုပေါင်း များစွာထဲမှာ အမေရိကန်အစီအစဉ်နဲ အာဏာသိမ်းမှုတွေက အများစုဖြစ်တယ်ဆိုတဲ့ သမိုင်းကို လျစ်လျူရှု့ပြီး ချဉ်းကပ်နေမယ်ဆို ပြည့်စုံဖို့ခက်မယ်ထင်ပါတယ်။
မြန်မာပြည်စစ်အာဏာရှင်စနစ်နဲ ပက်သက်လို့ အနောက်အုပ်စုနဲ အမေရိကန်ခြေရာလက်ရာများနဲ ပက်သက်လို့ သုတေသန စာအုပ်စာတန်းပေါင်းများစွာထွက်ရှိပြီးဖြစ်ပါတယ်၊သိသာချက်တစ်ခုကတော့ ၁၉၆၂ မှာ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြောက်ခံထားရတဲ့ ပြည်ထောင်စုအစိုးရထံက အာဏာသိမ်းပြီးနောက်မကြာမည် ၁၉၆၄ ခုနှစ်မှာ ဗိုလ်နေဝင်းဟာ အမေရိကန်အစိုးရရဲ အထူးဧည့်သည်အဖြစ် အိမ်ဖြူတော်မှာ ညစာစားနေပြီဖြစ်ပါတယ်။နောက်ပြီး ၁၉၆၂ ခုနှစ်အာဏာမသိမ်းခင် ခရီးစဉ်များမပါ အာဏာသိမ်းပြီးတဲ့နောက် ဥရောပခရီးစဉ်များမှာ ခရီးထွက်တိုင်း အင်္ဂလန် မှာ ဘုရင်မကြီး အဲလီစဘက်နဲ ထမင်းလက်ဆုံစားလေ့ရှိ ပြီး နောက် အင်္ဂလန်ဝန်ကြီးချုပ်အဆက်ဆက်နဲ စားကြသောက်ကြရတာပါပဲ။၁၉၈၇ ခုနှစ် ဗိုလ်နေဝင်းရဲ နောက်ဆုံးခရီးစဉ်မှာ အမေရိကန်လေဆိပ်မှာ ထိုစဉ်က သမ္မတ ရေဂင်နဲ တိုးတိုးတိတ်တိတ် ဆွေးနွေးခဲ့ကြတာပါပဲ။
စစ်အေးတိုက်ပွဲအတွင်း မြန်မာပြည်မှာလည်း နိုင်ငံရေးအတွေးအခေါ်အရ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း နှစ်ရှည်လများတော်လှန်ခဲပါတယ်။ကမ္ဘာဆိုရှယ်လစ်ဂိုဏ်းကြီး မှာ တရုတ်-ဆိုဗီယက် ကွဲပြီးတဲ့နောက် မြန်မာပြည်မှာ တရုတ်လိုင်းက အင်အားကြီးသွားပါတယ်။ဒီနေရာ ဝိကီလိ့ခ် ပေါက်ကြားချက်ဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ ပီကင်း ဆက်ဆံရေးဆိုတဲ့ CIA အစီရင်ခံစာကလည်းစိတ်ဝင်စားစရာဖြစ်ပါတယ်။ အဆိုပါအစီရင်ခံစာမှာ ဗကပ ပဲခူးရိုးမဗဟိုကို တရုတ်ဖက်က သဘောတရားနဲဆက်သွယ်ရေးကိရိယာ အနည်းငယ်သာထောက်ပံ့ခဲ့တာတွေ့ရပြီးသိ့သာထင်ရှားတဲ့ စစ်လက်နက်ပစ္စည်း ရုပ်ဝတ္ထု ထောက်ပံ့မှုမယ်မယ်ရရ မတွေ့ရဖူးလို့ဆိုပါတယ်။
စစ်အေးခေတ် တစ်ဆစ်ချိုး ကမ္ဘာတစ်ခွင် တရုတ်ရိုက်ပွဲများအတွင်း ဗိုလ်နေဝင်းစစ်အစိုးရခုန်ဝင်ပြီးတဲနောက်မှ ဗကပ အရှေ့မြောက်စစ်ဒေသပေါ်ထွက်လာပါတယ်။တရုတ်ပြည်ထဲမှာ ပညာတော်သင်ရောက်ရှိနေတဲ့ ကေဒါအုပ်စု ၁၆၀ ကျော်ရယ်၊ကချင်အုပ်စု ၃၀၀ ရယ်၊အရှေ့တိုင်းပျံလွှား အကူအညီပေးရေး တရုတ်ဗော်လံတီယာ တပ်သားတွေရယ်၊မြန်မာပြည်နယ်စပ်တိုင်းရင်းသားတွေထဲက ကူမင်တန်ကာကွယ်ရေး အဖွဲ့မျိုးစုံ ၁၃ ဖွဲ့ရယ် စသဖြင့် ပူးပေါင်းစေပြီး အရှေ့မြောက်ဒေသစတင်ခဲ့တယ်လို မန်းဖိုးအေး ပြန်ဆိုတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီခရီးကြမ်း စာအုပ်မှာဖော်ပြထားပါတယ်။ထိုအဖွဲ့တွေထဲမှာ ကိုးကန့်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီး တရုတ်ပြည်ထဲထွက်ပြေးနေရတဲ ဖုန်ကြားရှင်(ကျားစိမ်း)ရဲ့ကိုးကန့်တပ်ဖွဲ့လည်း အမာခံတပ်ဖွဲ့ထဲပါလာပါတယ်။
တရုတ်ပြည်မှာ မော်စီတုန်း ကွန်လွန်သွားပြီး ယဉ်ကျေးမှုတော်လှန်ရေး အပြီးသတ်သွားပြီး လေးဦးဂိုဏ်း ကျဆုံးသွားပြီးတဲ့နောက် တိန်ရှောက်ဖိန်အာဏာရလာပါတယ်။တိန်လက်ထက်မှာ တံခါးဖွင့်ဝါဒ စတင်ကျင့်သုံးလာပြီးတဲ့နောက် မော်စီတုန်းနဲ့ နစ်ဆင်တို့စတင်ရွှေလမ်းငွေလမ်းဖောက်ခဲ့တဲတရုတ်- အမေရိကန် ပျားရည်ဆန်းကာလ အစပြုလာပါတယ်။တရုတ်-အမေရိကန်ပျားရည်ဆန်းစတင်ပြီးတဲနောက် တရုတ်က နိုင်ငံတကာကွန်မြူနစ်တင်ပိုမှု့ကို ရပ်တံ့လိုက်ပြီး ယခင် ညီနောင်ပါတီတွေကို အပြီးသတ် တစ်လုံးတခဲတည်း အကူအညီပေးပြီး အဆက်ဖြတ်လာခဲ့ပါတယ်။တရုတ်ကလည်း ဗကပနဲဗိုလ်နေဝင်းကို စေ့စပ်ဆွေးနွေးဖို့ မကြာခဏဖိအားပေးပါတယ်။တရုတ်က ဖိအားပေးတာကို ညီအစ်ကို ပါတီများအပေါ်ထားရှိရမယ့် နိုင်ငံတစ်ကာဝါဒကို ဖောက်ဖျက်တာဖြစ်ပြီး ၊တရုတ်က ပြန်လည်ပြင်ဆင်ရေးလိုင်းကို လိုက်သွားပြီလို့ ဝေဖန်ကြပါတယ်။
ဒီလိုနဲ့ ၁၉၈၈ ခုနှစ်ပြီးတဲ့နောက် စစ်အေးခေတ်ပြီးဆုံးခြင်း နဲ့ ၈၉ မှာ ဘာလင်တံတိုင်းဖြိုချပြီးတဲ့နောက် မြန်မာပြည်အရှေ့မြောက်ဒေသမှာ အလှည့်အပြောင်းပြန်ဖြစ်လာပါတယ်။ ဖုန်းကြားရှင်ဦးဆောင်တဲ ကိုးကန့်ခွဲထွက်မှုအပြီး ဝ၊မိုင်းလား၊စခုံတိမ့်ယိန်း စသဖြင့် အထပ်ထပ်ခွဲထွက်ခြင်းဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီရဲ လက်နက်ကိုင်တော်လှန်မှုပြိုကျသွားပါတယ်။ အဆိုပါအဖွဲ့များကလည်းစစ်အစိုးရနဲ ငြိမ်းချမ်းရေးလုပ်ပြီး အထူးဒေသများအဖြစ် ယနေ့ထိ ရပ်တည်နေကြပါတယ်။
ကမ္ဘာအခင်းအကျင်းကြီးက နောက်တစ်ဖန်ထပ်မံပြောင်းလဲနေပါတယ်။ ယခင်က ဆိုဗီယက်နဲ့တရုတ်ဂိုဏ်းကွဲ ပြီးနောက် တရုတ်ဟာ တတိယကမ္ဘာလို့ခေါ်တဲ့ အားနည်းတဲ့နိုင်ငံငယ်လေးများနဲ စုဖွဲ့ပြီး နိုင်ငံတစ်ကာ အခင်းအကျင်းမှာ ရပ်တည်ခဲ့ရပါတယ်။ ထိုစဉ်က တရုတ်ပြည်တွင်းမှာ ခုန်ပျံကျော်လွားစီမံကိန်း၊ ပန်းပေါင်းတရားပွင့်ပါစေ၊အတွေးအခေါ်ပေါင်းစုံထွန်းကားပါစေ၊ယဉ်ကျေးမှု့တော်လှန်ရေးနဲ ကသောင်းကနင်း အခြေအနေမှာ လူမမာနိုင်ငံကြီးအဖြစ် အားအင်ချိနဲ့နေဆဲဖြစ်ပါတယ်။
ယနေ့တရုတ်ဟာ ဂျီ ၂၀ ဦးဆောင်နိုင်ငံတစ်ခုဖြစ်လာပြီး အရင်းရှင်တစ်ပိုင်းနိုင်ငံအဆင့်ဖြစ်နေပြီဖြစ်ပါတယ်။တရုတ်ဟာ အမေရိကန်အပါအဝင် အရင်းရှင်ကမ္ဘာကြီး ရဲ့ ပြန်လည်အမွေခွဲတဲ့ပွဲမှာ ထိုက်သင့်တဲ့ ဝေစုရရေး ကိုသာ စဉ်းစားတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ အလားတူ အမေရိကန်ဟာလည်း ကမ္ဘာ ကိုလိုနီဝါဒသစ်နဲ့ ကမ္ဘာကြီးကို ခွဲစိတ်တဲ့ထဲမှာ သူရသင့်တာထက်နည်း နေလို့ သူရသင့်တာသူရရေးကို ဦးစားပေးလာပြီဖြစ်ပါတယ်။
အမေရိကန်က ဥရောပ ကိစ္စပြီးတာနဲ့ တရုတ်နဲအရှေ့တောင်အာရှ၊အရှေ့အာရှ၊တောင်အာရှဘက် ဘာပေးမလည်း၊ဘာယူမလည်း လှည့်လာမယ်ထင်ပါတယ်။
အဲဒီအခါကျ မြန်မာအရေး တရုတ်၊အမေရိကန်ကန်နှစ်နိုင်ငံသီးသန့်ဆွေးနွေးပွဲကို ကန့်ကွက်ရုံနဲ့ပြီးမသွားနိုင်ပါဖူး။ကိုယ့်ဖက်က မီးပေါင် အမြင့်ဆုံးတင်ပြီး ကိုယ့်ရဲ့အဆုံးအဖြတ်က အဓိကကျအောင်လုပ်ထားရမယ် မြင်မိပါတယ်။ အမေရိကန်နဲရုရှားတို့ ယူကရိန်းအရေး သီးသန့်တွေ့ဆုံဆွေးနွေးကြပြီး ဇာလမ်းစကီးကို မအောင်မြင်တဲ့ လူရွှင်တော်အဖြစ် ပုတ်ခတ်လိုက်ကထဲက အမေရိကန်က အပေး အယူ ကမ္ဘာ့အစီအစဉ်သစ်ကို စတင်လာ တာကိုတွေ့ရပါတယ်။
မြန်မာ့အရေးကို အမေရိကန်နဲ့ တရုတ် ယူကရိန်းအရေးလို ချဉ်းကပ်ဖြေရှင်းပုံနဲ့ ဖြေရှင်းလာရင် ဘယ်လို တုံ့ပြန်မယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။
မြန်မာပြည်ကို ဒီမိုကရေစီရရှိသွားမှာ ဟိုလူမလိုလားဖူး၊ဒီလူမလိုလားဖူး ၊ဟိုလူပြန်ယူပေး၊ဒီလူပြန်ယူပေး (ကလေး အရုပ်ပျောက်သလို ထိုင်ငို ဂျီကျနေတာမျိုး) ဆိုတာမျိုးကတော့ အစဉ်ပြေဖို့ခက်မယ်ထင်ပါတယ်။လူကြီးတွေ အလုပ်ရှုတ်ခေါင်းပူနေတုန်း ဂျီကျပူဆာရင် အရိုက်ခံရတတ်တဲ သဘာဝကိုလည်း သတိပြုစေလိုပါတယ်။“မအောင်မြင်တဲ လူရွင်တော်”စသဖြင့် ဇာလမ်းစကီးကို သုံးနှုန်းပြောဆိုသလိုမျိုး ကိုယ်ကို ပြောဆိုလာပြီး နောက်က ပေါ်လစီကပါလိုက်လာပြီဆိုရင် ဘယ်လို ရင်ဆိုင်သွားမယ်ဆိုတာကိုပါ ဆက်စပ်စဉ်းစားထားဖို့ လိုမယ်ထင် ပါတယ်။
ရဲဘော်ဗိုလ်ကျင်မောင်ကတော့ သူတို့ရင်ဆိုင်ခဲရတဲ “မှီခိုသူ၏ သုခ”နဲ “မှီခိုသူ၏ ဒုက္ခ” ကို ပြောပြပြီး အခြားသူတွေကို သူတို့လိုမခံစားကြရစေဖို့ သတိပေးခဲ့ပါတယ်။သေလောက်တဲ့ အမှားတွေထဲက အတွင်းပိုင်းဆင်းဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ သတိပေးချက်ကို ယနေ့တော်လှန်ရေးက တစ်စုံတစ်ရာ ဆောင်ရွက်နိုင်ခဲ့တဲ့ အခြေအနေထိရောက်နေတာကို တွေ့ရပါတယ်။နယ်စပ်နဲနိုင်ငံတကာကိုမှီခိုရတဲ တော်လှန်ရေးကနေ မြန်မာပြည်တွင်းကို အခြေခံတဲ့ တော်လှန်ရေးအဖြစ် ကျယ်ပြန့်စွာ ရောက်ရှိနေတဲ့ အနေအထားဖြစ်ပါတယ်။
လတ်တလောနိုင်ငံတစ်ကာရေးရာမှာ ဘယ်လို ပေါ်လစီခင်းကျင်းရပ်တည်မလည်းနဲ့ နိုင်ငံတစ်ကာနှောင်ကြိုးမရှိတဲ့ နိုင်ငံတစ်ကာဆက်ဆံရေး ပေါ်လစီကို ဘယ်လို တည်ဆောင်မလည်းဆိုတဲ့ ပြဿနာဖြစ်ပါတယ်။ ဒီနေရာမှာ ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်း(အန်ကယ်ဟို)ရဲ့သွန်သင်ချက်ကို သတိပြုသင့်ပါတယ်။ အန်ကယ်ဟိုက-နိုင်ငံတစ်ကာဆက်ဆံရေးဆိုတာ မောင်းသံနဲတူတယ်
-တော်လှန်ရေး အင်အားနဲ့အောင်မြင်မှု့ဟာ မောင်းနဲ့ တူတယ်
– မောင်းကြီး”ကြီး”မှ မောင်းသံကျယ် နိုင်မယ် ဆိုတဲ့ သင်ကြားချက်ဖြစ်ပါတယ်။
ယနေ့ ကမ္ဘာ့ အခင်းအကျင်းသစ်က စံနှုန်းအခြေပြု့နိုင်ငံရေး(Normative Politic)ကနေ လက်တွေ့အကျိုးစီးပွား အခြေပြုနိုင်ငံရေး( Real Politic) ကိုဗြောင်ကျကျကူးပြောင်းနေကြပါတယ်။ဒါကို အမေရိကန်လို နိုင်ငံမျိုးကအစပြုလာပြီး အိန္ဒိယ၊ရုရှားတို့ကလိုက်လာပြီးတဲနောက် ဥရောပတိုက်ကလည်း စတင်ပြင်ဆင်လာပြီဖြစ် ပါတယ်။ဥရောပက အစဉ်သင့်မဖြစ်သေးလို စံနှုန်းတွေ ရွက်ဆိုပြီး ပြင်ဆင်နေတာဖြစ်ပါတယ်။
ယနေ့မြန်မာနိုင်ငံရဲ လက်တွေ့အခြေအနေပေးထားချက်ထဲမှ လက်တွေ့နိုင်ငံရေးက ရွေးချယ်စရာကျဉ်းမြောင်း လိုက်လာပါတယ်။စစ်အနိုင်တိုက်ရေးသည်ပင်လျင် အချိန်ကန့်သတ်ချက်နဲ့ အမြန်ဖြတ်ရမယ့်သဘောဖြစ်နေပါတယ်။ရဲဘော်ဗိုလ်ကျင်မောင်က အချိန်မမှီမှာကို စိုးရိမ်စွာဖြင့် သတိပေးခဲ့ပါတယ်။ကွယ်လွန်သွားပြီဖြစ်တဲ့ ၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေရဲ့ စကားနဲ နိဂုံးချုပ်ပါမယ်။ ထိုစဉ်က ခေတ်သစ်ကျောင်းသားခေါင်းဆောင်အချို့(၈၈)က၊ယခု နိုင်ငံရေးပါတီတစ်ခုကိုခေါင်းဆောင်နေသူအပါအဝင် အမျိုးသားရင်ကြားစေ့ရေးလိုင်းနဲ့ အာဏာခွဲဝေကျင့်သုံးရေး အယူအဆကို သူ့ထံသွားရောက်ဆွေးနွေးပါတယ်။အဆိုပါပါတီခေါင်းဆောင်က မုန့်ဝေစားတဲ့ ဥပမာသွားပေးပါတယ်။ထိုအခါ ဦးလှရွေက “ဟေ့ကောင်တွေ ဝေစားလို့ရအောင် မုန့် မဟုတ်ဖူးကွ၊ ဒါ နိုင်ငံတော်အာဏာကွ၊အာဏာကိစ္စကွ မင်းတို့နိုင်ငံရေးလုပ်လာတာပဲ အိုသေတော့မယ်မင်းမေကြီးတော်မုန့်ဆို ဝေစားလို့ ရတာပေါ့ကွ” ဆိုပြီးတုံ့ပြန်လိုက်ပါတယ်။
နွေဦးတော်လှန်ရေးဟာ ကိုယ့်ကိစ္စကိုယ်လုပ်ရင်းနဲ့ ပြည်သူတော်လှန်ရေးစစ်စစ်အဖြစ် နိုင်ငံတစ်ကာနှောင်ကြိုးမဲ့ စွာ ကြီးထွားလာပြီဖြစ်ပါတယ်။ မောင်းကြီး ကြီးလာပြီဖြစ်ပါတယ်။မောင်းသံ ကျယ်လာပါလိမ့်မယ်။ နွေဦးတော်လှန်ရေးနဲ့ မြန်မာပြည်သူတွေကတော့ နိုင်ငံတစ်ကာကို မျက်ရေခံထိုးကြမှာ မဟုတ်ပါဖူး။မျက်ရေခံထိုးသူတို့ မျက်ရေခံထိုးပေါင်းလည်း များခဲ့ပါပြီ။ကြာလာတော့ သွားရည်ခံပေးလိုက်မှာပဲ ဂွကျကျဖြစ်ကုန်ပါလိမ့်မယ်။
စိမ်းမောင်
မှက်ချက်။ ။ စာရေးသူ၏ ပုဂ္ဂလိက အာဘော်သာဖြစ်သည်။
By admin

Leave a Reply

Your email address will not be published. Required fields are marked *