ဧပြီလ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
လားရှိုးက ကိုးကန့်တပ်တွေ ဘာကြောင့်ဆုတ်ပေးလိုက်ရသလဲ
—————————————————–
၂၀၂၅ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် သတင်းမီဒီယာ ပေါင်းစုံမှာ လားရှိုးကနေ ကိုးကန့်တပ်တွေ ပြန်လည်ဆုတ်ခွာတော့မှာဖြစ်တယ်ဆိုတဲ့ သတင်းပေါ်ထွက်လာပါတယ်။
ဧပြီလ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ကိုးကန့်တပ်တွေလားရှိုးမြို့ပေါ်က ဆုတ်ခွာပေးရမှာဖြစ်တယ်လို့ သိရပါတယ်။မြို့ပေါ် ၁၂ ရပ်ကွက်ကို စစ်အစိုးရက ပြန်လည်အုပ်ချုပ်မှာဖြစ်ပြီး တချို့ကလည်း စစ်ကောင်စီနဲ့ ကိုးကန့်တပ် ပူးတွဲအုပ်ချုပ်ရေးပုံစံမျိုးဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ကိုးကန့်တပ်တွေရဲ့ ဆက်ဆံရေးရုံးတွေအပြင် စစ်ဦးစီးရုံးနဲ့တပ်ဖွဲ့ဝင်တွေ၊ ရဲဌာနတွေလည်း လားရှိုးမြို့ပေါ်မှာ ဆက်လက်ထားရှိဖို့ အလားအလာရှိတယ်လို့ ပြောကြပါတယ်။
လားရှိုးမြို့ကို ပြန်ပေးရတဲ့အကြောင်းအရင်းကို အမျိုးမျိုးအဖုံဖုံပြောဆိုနေကြတာမျိုးတွေရှိကြပါတယ်။တချို့က ပြန်မပေးခဲ့ရင် စစ်အုပ်စုဘက်က လေကြောင်းတိုက်ခိုက်မှုလုပ်ပြီး မြို့ကိုတိုက်ခိုက်ဖျက်ဆီးပစ်မှာကို စိုးရိမ်လို့ဆိုတာမျိုးတွေ ပြောဆိုနေကြပါတယ်။အများစုကတော့ ကိုးကန့်တပ်အပေါ်အတိုင်းအဆကြီးမားစွာ တည်ရှိနေတဲ့ တရုတ်ပြည်ရဲ့ ဖိအားတွေကြောင့်လို့ ဆိုကြပါတယ်။ တရုတ်ရဲ့ဖိအားတွေနဲ့ သူတို့ရဲ့ သဘောထားတွေက ဘယ်လိုရှိသလဲ။လားရှိုးကို ပြန်ပေးရစေတဲ့ အရေးပါတဲ့အကြောင်းအရာတွေက ဘာတွေလဲ။ပြန်ပေးလိုက်ရခြင်းရဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်ချက်တွေက ဘာတွေရှိမလဲဆိုတာ ကျနော်တို့ ဆန်းစစ်လေ့လာကြည့်ဖို့ရာ လိုအပ်နေပါတယ်။
လားရှိုးကိစ္စအပေါ် တရုတ်ပြည်မရဲ့ သဘောထား
————————————————–
တရုတ်ပြည် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မော်နင်းအပါအဝင် တရုတ်အာဏာပိုင်ဘက်က လားရှိုးကိစ္စကိုအထူးတလည်ထုတ်ဖော်ပြောကြားတာမရှိပေမယ့် စစ်အုပ်စုနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေးခိုင်မာလာအောင် တွန်းအားပေးနေတာကိုတော့ တွေ့မြင်နေရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ရက်၊ ၁၇ ရက်နေ့တွေမှာ တရုတ်ပြည်ကူမင်းမြို့မှာ ၂ ရက်တာ တွေ့ဆုံဆွေးနွေးပွဲကျင်းပပြီး စစ်ကောင်စီနဲ့ ကိုးကန့်တပ် ( MNDAA) ကြား အပစ်ရပ်သဘောတူညီမှုထွက်ပေါ်လာတာပါ။အဲ့သတင်းနဲ့နောက်ဆက်တွဲအနေနဲ့ လားရှိုးကနေ ကိုးကန့်တပ်တွေဆုတ်ခွာပေးရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပဲဖြစ်တယ်။
အပစ်ရပ်ရေးဆွေးနွေးပွဲရလာဒ်တွေကို ဘယ်ဘက်ကမှအသေးစိတ်ထုတ်ပြန်ကြေညာခဲတာ မတွေ့ရပေမယ့်လို့တရုတ်ဘက်ကတော့ ဒေသတွင်းနိုင်ငံတွေရဲ့ ဘုံအကျိုးစီးပွားအတွက် မြန်မာပြည်မြောက်ပိုင်းဒေသ အေးချမ်းတည်ငြိမ်ဖို့ကိုးကန့်နဲ့ စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတရပ်ချုပ်ဆိုတဲ့အကြောင်း သတင်းထုတ်ခဲ့တာပါ။ တရုတ်က လားရှိုးအပါအဝင် ရှမ်းမြောက်ဒေသကြီးတခုလုံးအပေါ် ဘယ်လိုသဘောထားသလဲဆိုတော့ သူ့ရဲ့စီးပွားရေးဇုန်တခုလို သဘောထားပါတယ်။သူ့ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတခုလို့ ယူဆပါတယ်။အစောကတည်းကကြိုတင်သတ်မှတ်နေရာချထားတဲ့ ရပ်ဝန်းနဲ့လမ်းစီမံကိန်းရဲ့တစိတ်တပိုင်းလို့လည်း သတ်မှတ်ထားပါတယ်။
လားရှိုးကိုသိမ်းယူတဲ့ ကိုးကန့်တပ်ကို တရုတ်ဘက်ကပြင်းပြင်းထန်ထန်ဖိအားပေးပြီး စားနပ်ရိက္ခာ၊လောင်စာဆီနဲ့ဆေးဝါးတွေ အပြည့်အဝပိတ်ဆို့ပစ်ခဲ့တာလည်းဖြစ်ပါတယ်။ လားရှိုးကိုသိမ်းယူတာကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးကိုထိခိုက်စေတယ်လို့ အထူးကိုယ်စားလှယ် တိန့်ရှီကျွမ်းက ဝခေါင်းဆောင်တွေကို ခေါ်ပြီးဖိအားပေးတဲ့ သတင်းအချက်အလက်တွေလည်း ပေါက်ကြားလာခဲ့တာကို တွေ့ရပြန်ပါတယ်။ နောက်တခု သေချာတာကတော့ တရုတ်ပြည်ဟာ စစ်အုပ်စုနဲ့ဆက်ဆံရေးကို ဆက်လက်ထိန်းထားချင်ပြီး စစ်အုပ်စုနဲ့ သူတို့ကြားက ဆက်ဆံရေးဟာလည်း တရုတ်အမျိုးသားအကျိုးစီးပွားကို အသာစီးရနိုင်နေတဲ့အပြင် NUG လို အနောက်ယိမ်းနိုင်ငံရေးအင်အားစုအပေါ် တရုတ်က မလိုလားပါဘူး။ ဒီအချက်တွေကြောင့် ကိုးကန့်နဲ့ တအာင်းတပ်တွေဆီထောက်ပို့ပစ္စည်းဆိုလို့ အပ်တချောင်းတောင် မရောက်အောင်ပိတ်ဆို့ရမယ်ဆိုတဲ့ ဖြတ်ငါးဖြတ်ပေါ်လစီကို တရုတ်ကကျင့်သုံးပြီး အကျပ်ကိုင်ခဲ့တာလည်းဖြစ်ပါတယ်။
မှီခိုသူ့ဒုက္ခနဲ့ တရုတ်ဖိအား
————————————–
စစ်ရေး နိုင်ငံရေးအရ တရုတ်ပြည်ဟာ အားကြီးသူလည်းဖြစ်သလို လွှမ်းမိုးချုပ်ကိုင်ထားသူလည်းဖြစ်တယ်။ MNDAA ကိုးကန့်တပ်ကတော့ တရုတ်အပေါ် စီးပွားရေးအရ မှီခိုသူလည်းဖြစ်သလို စစ်ရေး နိုင်ငံရေးအရ ခေတ်အဆက်ဆက် တရုတ်ရဲ့လက်ဝေခံအခြေအနေမှာသာ တည်ရှိနေခဲ့ကြသူတွေဖြစ်ပါတယ်။ ရှေးခေတ် ကိုးကန့်စော်ဘွားများခေတ်က တရုတ်ပြည်ကို ပဏာဆက်ရတယ်လို့ ကိုးကန့်စော်ဘွားမျိုးနွယ်ဝင်တဦးဖြစ်သူရေးသားတဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။ ဗမာပြည်လွတ်လပ်ရေးရပြီးကတည်းက ကိုးကန့်ရဲ့ ကံကြမ္မာဟာ တရုတ်ပြည်ရဲ့ ချုပ်ကိုင်ဖန်တီးမှုအောက်မှာတည်ရှိနေခဲ့တာပါ။ ဗကပနဲ့ ပူးပေါင်းရမယ်လို့ အောင်သွယ်တော်လုပ်ပြီး အကွက်ချပေးခဲ့တာလည်း တရုတ်ပါပဲ။ဗကပဆီက ခွဲထွက်ပြီး ဗမာစစ်အုပ်စုနဲ့ ပြေလည်ဖို့ အနောက်ကွယ်က တွန်းအားပေးခဲ့ရာမှာလည်း တရုတ်မပါဝင်ဘဲမနေပါဘူး။
ဝ၊ ကိုးကန့်၊မိုင်းလားတို့လို ယခင် ဗကပရဲ့ လက်ရုံးတပ်တွေဟာ ၁၉၉၀ နောက်ပိုင်းမှာ စစ်အုပ်စုနဲ့ပူးပေါင်းပြီး အထူးဒေသလို့ခေါ်တဲ့ စီးပွားရေးကို အကန့်အသတ်မဲ့ နည်းမျိုးစုံလုပ်ချင်တိုင်းလုပ်ခွင့်ရှိတဲ့ ဒေသတွေဖြစ်လာတာဟာ တရုတ်ပြည်အတွက် ပိုမိုအကျိုးစီးပွားဖြစ်ထွန်းစေတဲ့အတွက် တရုတ်ကပျော်ပျော်ကြီး လက်ခံခဲ့ပါတယ်။ အလွန်အကျွံဖြစ်လာတဲ့ ကျားဖြန့်လုပ်ငန်းတွေ ဟာ တရုတ်ပြည်ရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်လာစေတာဖြစ်တဲ့အတွက် တရုတ်က ဘက်အသီးသီးကို ဖိနှိပ်ပေးပြီး ကျားဖြန့်နှိမ်နင်းရေးလုပ်ငန်းစခဲ့ပါတယ်။ဒီဟာကို အခွင့်ကောင်းယူပြီးညီနောင်မဟာမိတ်တွေက အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၊စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲကို ပေါင်းစပ်ပြီးအချိန်ကိုက်ဖော်ဆောင်နိုင်ခဲ့ကြပါတယ်။
သို့သော်လည်းပဲ တရုတ်ဟာ သူ့အကျိုးစီးပွားထိခိုက်မှုဖြစ်တဲ့ကျားဖြန့်နှိမ်နင်းရေးကိစ္စအပြီးမှာ လွတ်မြောက်ရေးတိုက်ပွဲ၊စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲကို ရှေ့ဆက်မတိုက်စေချင်လို့ ကြားဝင်ဟန့်တားပြီး ဟိုင်ဂင်သဘောတူညီချက်နဲ့ အပစ်ရပ်စေခဲ့ပါတယ်။ ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းဟာ တရုတ်အကျိုးစီးပွား တစုံတရာပါဝင်ခဲ့လို့ တရုတ်က အကန့်အသတ်နဲ့ အားပေးမှုပြုခဲ့တယ်။ဟိုင်ဂင်ပျက်ပြားပြီး တကျော့ပြန်ဖြစ်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကတော့ တရုတ်အကျိုးစီးပွားနဲ့ မချိတ်ဆက်ထားလို့ လုံးဝအားမပေးတဲ့အပြင် ပိတ်ပင်ကန့်သတ် ဖြတ်တောက်ပြီး အနှောင့်အယှက်ပါပေးခဲ့တာကို တွေ့ရပါတယ်။
ကိုးကန့်ဟာ တရုတ်နဲ့ နယ်မြေချင်းထိစပ်ရုံသာမက လူမျိုးချင်းလည်းတူတဲ့အပြင် စီးပွားရေးအရလည်း တရုတ်ပြည်အပေါ် မှီခိုအားထားမှုရှိနေရတယ်လို့ ပြောရပါလိမ့်မယ်။ယခင် ဗကပလိုမျိုး တရုတ်အပေါ် မှီခိုမှုအပိုင်းမှာ ကိုးကန့်က ပိုများပြီး ပိုပြီးထဲထဲဝင်ဝင်လည်း ပတ်သက်မှုရှိပုံရပါတယ်။ကိုးကန့်တပ်ရဲ့ ဝင်ငွေအတော်များများဟာ တရုတ်ပြည်ထဲမှာ ဖွင့်လှစ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေက ရရှိတာလို့သိရပါတယ်။တနည်းအားဖြင့် ငွေကြေးခဝါချလို့ရတဲ့ တခုတည်းသော ထွက်ပေါက်က တရုတ်ပြည်ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို တရုတ်တနိုင်ငံထဲကို အမှီပြုနေရတဲ့ ကိုးကန့်ရဲ့အနေအထားကို တရုတ်က ကောင်းကောင်းကြီး ချုပ်ကိုင်အသုံးချလို့ရနေတာ မဆန်းပါဘူး။သူ့အကျိုးစီးပွားအတွက်လိုအပ်ရင် စစ်တိုက်ခိုင်းပြီး သူ့အကျိုးစီးပွား မရှိတော့ရင် အပစ်ပြန်ရပ်ခိုင်းတာ တရုတ်ပြည်ရဲ့ ထုံးစံလိုဖြစ်နေပါတယ်။
နောက်တချက်ကတော့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ထူးခြားတဲ့လက္ခဏာနှစ်ရပ်ဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေးလက္ခဏာကို တရုတ်က အကန့်အသတ်နဲ့ခွင့်ပြုပေမယ့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလက္ခဏာကိုတော့ တရုတ်ကလုံးဝခွင့်မပြုထားဘူးဆိုတာ သိသာထင်ရှားနေပါတယ်။ မြောက်ပိုင်းအဖွဲ့တွေကို NUG၊ PDF စတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိရဘူးလို့ ပေါ်ပေါ်တင်တင် တားဆီးထားခဲ့တာကို သိရပါတယ်။ကိုးကန့်အဖွဲ့ဆိုရင် အနောက်တိုင်း မီဒီယာတွေနဲ့တောင် အင်တာဗျုးမလုပ်ဖို့ အတားခံခဲ့ရပါသေးတယ်။ တရုတ်ရဲ့ အနောက်ဆန့်ကျင်ရေးအာဘော်ဟာ တခါတရံ ဗမာပြည်တော်လှန်ရေးအင်အားစုရဲ့ ရည်မှန်းချက်နဲ့ ကွဲလွဲဆန့်ကျင်တဲ့သဘောဆောင်လာပါတယ်။တရုတ်က အနောက်ကိုဆန့်ကျင်တာ ပြဿနာမဟုတ်ပေမယ့် စစ်အုပ်စုကို အားပေးတာက ပြဿနာဖြစ်လာပါတယ်။
စစ်အုပ်စုကို တော်လှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် PDF တွေအားလုံးကို အနောက်အုပ်စုလိုလားသူတွေလို့ တရုတ်ဘက်က ရှုမြင်သုံးသပ်ရာကနေ စစ်အုပ်စုဘက်သိသိသာသာ ယိမ်းသွားတယ်လို့ ပြောနိုင်ပါတယ်။ တောင်ပေါ်မြေပြန့် လူမျိုးစုလက်နက်ကိုင်တပ်တွေ၊နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးခရီးရှည်ကြီးဟာ တရုတ်နဲ့ အနောက်အုပ်စုကြား အားပြိုင်မှုကြောင့် အခုလို ရှုပ်ထွေးကောက်ကွေ့လို့လာခဲ့ပါတော့တယ်။
တိုက်ပွဲကြီးသုံးရပ်နှင့် ကျွန်ုပ်တို့၏ အားပျော့ကွက်
—————————————————-
ကနေ့ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲကြီးသုံးရပ်ပါဝင်နေတယ်လို့ ကျနော် အမြဲသုံးသပ်ပါတယ်။ဒါတွေကတော့ စစ်ရေး(လက်နက်ကိုင်)တိုက်ပွဲ၊ သံတမန်ရေးရာတိုက်ပွဲ၊နိုင်ငံရေး( အယူအဆ)တိုက်ပွဲတို့ဖြစ်ပါတယ်။ စစ်ရေးတိုက်ပွဲဆိုရာမှာ ၁၀၂၇ စစ်ဆင်ရေးလို စစ်ဆင်ရေးကြီးတွေအပါအဝင် ဒေသပျောက်ကြားစစ်၊ မြို့သိမ်းတိုက်ပွဲ စသဖြင့် စစ်အာဏာရှင်ကို တော်လှန်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေအကုန်ပါဝင်ပါတယ်။ ဒီတိုက်ပွဲတွေမှာ ပြည်သူလူထု ထောက်ခံမှုရထားတဲ့တော်လှန်ရေးအင်အားစုဘက်က ယေဘုယျအားဖြင့် အသာစီးရနေပြီး စစ်အာဏာရှင်ဘက်က အရှုံးနဲ့စတင်ရင်ဆိုင်နေရပါပြီ။ဒါပေမယ့် စစ်အုပ်စု လုံးဝဥဿုံ စစ်ရှုံးလက်နက်ချသွားဖို့အဆင့်တွေ အများကြီးလိုနေပါသေးတယ်။
ဒေသကွပ်ကဲရေးဌာနတွေ၊ဒေသ စစ်ဦးစီးဗဟိုတချို့ ကျသွားသည့်တိုင်အောင် ရန်သူ့ဆီမှာ အားကောင်းတဲ့လက်နက်နဲ့အတင်းအဓမ္မဖြည့်တင်းထားတဲ့ တပ် ကျန်ရှိနေပါသေးတယ်။ ကျနော်တို့ နိုင်ငံရေး အယူအဆအရ တိုက်ပွဲမှာ စစ်အုပ်စုနဲ့ပူးပေါင်းရေးအယူအဆရှိသူတွေ ( ကိုကိုကြီး၊သက်သက်ခိုင်၊ဒေါက်တာအေးမောင်၊မန်းငြိမ်းမောင် စသဖြင့်)၊ စစ်အုပ်စုနဲ့တွေ့ဆုံဆွေးနွေးရေးအယူအဆရှိသူတွေ ( ဗဟုအုပ်စု၊ MPC လူဟောင်းများ၊ ငွေဆောင်အင်အားစု စသဖြင့်)နဲ့ ရင်ဆိုင်နေကြရပါတယ်။
စစ်အုပ်စုကို ပြတ်ပြတ်သားသားတော်လှန်ရမယ်ဆိုတဲ့အယူအဆကို စေ့စပ်ဆွေးနွေးရေးသမားတွေက ဆန့်ကျင်စိန်ခေါ်လာတာကို အကြိမ်ကြိမ်တွေ့ရပါတယ်။”သွေးကြွေးမှာဆွေးနွေးစရာမရှိ”ဆိုတဲ့ စကားကို ခုတုံးလုပ်ပြီး ကျနော်တို့တော်လှန်ရေးအင်အားစုတွေကို ခေါင်းမာသူတွေအဖြစ် ပုံဖော်ပြီး ရှုတ်ချလေ့ရှိကြပါတယ်။
ဒါပေမယ့် လက်တွေ့မှာ စစ်အုပ်စုက ရက်ရက်စက်စက်သတ်ဖြတ်နေတာ ကမ္ဘာသိဖြစ်တဲ့အတွက် ဒီစစ်တပ်နဲ့ပေါင်းသင်းဆက်ဆံရေးကို လော်ဘီလုပ်နေတဲ့သူများကိုပြည်သူလူထုက အယုံအကြည်မရှိကြပါ။ စစ်တပ်နဲ့ စေ့စပ်ဆွေးနွေးရေး၊ ရင်ကြားစေ့ရေးလမ်းကြောင်းကို လူထုထောက်ခံမှုမရှိဘူးဆိုပေမယ့် သူတို့ဘက်က ငွေကြေးအင်အားကို အသုံးပြုပြီး တွင်ကျယ်စွာ ဝါဒဖြန့်ဖို့ ဆက်လက်ကြိုးစားနေဆဲပဲဖြစ်ပါတယ်။ငြိမ်းချမ်းရေးပွဲစားကြီးတွေဖြစ်တဲ့ ဟန်ယောင်ဝေ၊ဆာဆာကာဝါတို့အပြင် ပွဲစားလတ်၊ပွဲစားငယ်တွေဖြစ်ကြတဲ့ လှမောင်ရွှေ၊အောင်သူငြိမ်း၊မင်းဇော်ဦးတို့ ဒီရက်ပိုင်းမှာ ပြန်ပြီး တစခန်းထနေကြတာကို သတိထားမိပါတယ်။
နောက်ဆုံးတိုက်ပွဲကြီးဖြစ်တဲ့ သံတမန်ရေးရာ ( ဒစ်ပလိုမေစီ)တိုက်ပွဲမှာ ကျနော်တို့ တော်လှန်ရေးအင်အားစုဘက်ကအတော်လေးကို အားနည်းနေပါတယ်။ဒီကနေ့ ဒီအချိန်အထိအမျိုးသားညီညွတ်ရေးအစိုးရရဲ့ သံတမန်ဆက်ဆံရေးမဟာဗျုဟာ အခင်းအကျင်းက ဘာလဲဆိုတာ ပြတ်ပြတ်သားသား မတွေ့ရသေးပါ။ အစပိုင်းက အမေရိကန်၊ဂျပန်၊ကိုရီးယား၊နော်ဝေ၊ချက်စတဲ့အနောက်အုပ်စု လစ်ဘရယ်ဆန်တဲ့ နိုင်ငံတွေကို ချဥ်းကပ်ပြီးအိမ်နားနီးချင်း တရုတ်နဲ့ အိန္ဒိယကို လျစ်လျူရှုလိုက်တာကြောင့် တကယ့်တကယ် တော်လှန်ရေးမှာ အရေးပါတဲ့ထောက်ခံမှုတွေ ဆုံးရှုံးသွားရတာလို့ သုံးသပ်ချင်ပါတယ်။
ဗမာပြည်ဟာ လူဦးရေ သန်းထောင်ကျော်တဲ့ အိမ်နီးချင်းနှစ်နိုင်ငံကြား ညှပ်နေတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် ဒီအိမ်နီးချင်းတွေနဲ့ အဆင်ပြေရေးကို စနစ်တကျ ဦးတည်ပြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။အထူးသဖြင့် တရုတ်ကို “မချစ်သော်လည်း အောင့်ကာနမ်း”ရတာမျိုးတွေရှိသလို “လူပေါင်းစိတ်ခွာ”ဆက်ဆံရေးမျိုး တည်ဆောက်ရတာမျိုးလည်း ရှိဖို့လိုပါတယ်။ စစ်အုပ်စုနဲ့ တရုတ်ကြားကို ကိုယ့်ဘက်က တတ်နိုင်သမျှ ဝင်ပြီး တရုတ်ကို စိတ်ပြောင်းလာအောင် လုပ်ဆောင်ဖို့ ကြိုးစားရပါမယ်။တရုတ် အင်မတန်လိုချင်နေတဲ့ သယံဇာတတွေနဲ့စီးပွားရေးအခွင့်အလမ်းတွေကို စစ်အုပ်စုလက်ထဲကနေ မိမိတို့လက်ထဲကို တကယ်ရောက်အောင် ပြောင်းရွှေ့ယူနိုင်ရင်တရုတ်နဲ့ စကားပြောဖို့ ပိုလွယ်ကူသွားပါလိမ့်မယ်။ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေက စစ်ဆင်ရေးတွေဆင်နွဲဲပြီး စစ်အုပ်စုထိန်းချုပ်နယ်မြေတွေကို သိမ်းပိုက်ကြတာပဲဖြစ်တယ်။
ကချင်လွတ်မြောက်ရေးတပ်မတော်ဆိုရင် ကျောက်စိမ်းမြေ၊ပယင်းမြေတွေသာမက အခုဆို မြေရှားသတ္တုသိုက်တွေပါထိန်းချုပ်ထားနိုင်တဲ့အတွက် တရုတ်နဲ့ အပေးအယူလုပ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် နွေဦး တော်လှန်ရေးအင်အားစုတွေရဲ့ သံတမန်ရေးရာ စစ်မျက်နှာဟာ တအားပြန့်ကျဲပြီး ဖရိုဖရဲဖြစ်နေပါတယ်။ဗျုဟာကျကျ ကစားကွက်မဖော်ဆောင်နိုင်ဘဲ ဖြစ်ကတတ်ဆန်း ရွှေ့ကစားသွားတဲ့စစ်တုရင်ပွဲလိုဖြစ်နေပါတယ်။ပွဲမစခင်ကတည်း အရှုံးရလာဒ်ဆိုတာ အဖြေထွက်နေပါတယ်။
ဒီအားနည်းချက်တွေကို ကောင်းကောင်းအသုံးချနိုင်တဲ့ မင်းအောင်လှိုင် စစ်အုပ်စုဟာ တရုတ်နဲ့ အိန္ဒိယကို ဆက်ဆံရေးမပျက်အောင် တည်ဆောက်ပြီး ကမ္ဘာ့အင်အားကြီး နောက်တနိုင်ငံဖြစ်တဲ့ ရုရှားနဲ့လည်း ပုလဲပနံသင့်အောင် လုပ်ဆောင်နေပါတယ်။ ဆိုလိုတာက စစ်အုပ်စုက အမေရိကန်ပါဝါကို သိပ်အားမကိုးဘဲBRICS အုပ်စုနဲ့ ပိုနီးစပ်အောင် လုပ်နေတဲ့ အခြေအနေကိုတွေ့မြင်ရပါတယ်။ရုရှား၊အိန္ဒိယ၊တရုတ်ပြီးရင် အခြားအလယ်အလတ်ပါဝါတွေဖြစ်တဲ့ ဘရာဇီးလ်၊ တောင်အာဖရိကဘက်ကို ဦးလှည့်ဖို့ အလားအလာရှိပါတယ်။ ပြောရရင် မင်းအောင်လှိုင်တို့ရဲ့ နိုင်ငံခြားဆက်ဆံရေးပေါ်လစီဟာ တိကျတဲ့ လမ်းညွှန်မူတခုခုရှိနေပုံရပြီး NUG မှာတော့တိကျတဲ့ လမ်းညွှန်ပေါ်လစီနဲ့ မဟာဗျုဟာ မရှိပါဘူး။ဒါကြောင့် တရုတ်ဟာ မင်းအောင်လှိုင်ကို ပိုထောက်ခံလာပြီးတော်လှန်ရေးအင်အားစုတွေကို ပိုမို တားဆီးပိတ်ဆို့လာပါတယ်။
ယခု လားရှိုးပြန်အပ်ရေးကိစ္စမှာ အဓိကတွန်းအားက တရုတ်ဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ကိုးကန့်က သူ့သဘောနဲ့သူ ပြန်ပေးလိုက်တာမဟုတ်ပါဘူး။တရုတ်က ဖိအား မတန်တဆပေးလွန်းလို့ မလွှဲသာမရှောင်သာ ပြန်ပေးရတဲ့အခြေအနေကို ရောက်လာရတာပဲဖြစ်ပါတယ်။ ဆိုတော့ကာ တရုတ်ပြည်အနေနဲ့ မင်းအောင်လှိုင်တို့ မစွမ်းဆောင်နိုင်တဲ့အရာကို ပြန်လည်ရယူပေးတဲ့အတွက် မင်းအောင်လှိုင်အပေါ်လည်း အမြတ်ထုတ်ဖို့ရာ ပိုမိုလွယ်ကူသွားခဲ့ပြီဖြစ်ပါတယ်။ကျေးဇူးရှင်အဖြစ် အမှတ်ယူလိုက်တာဖြစ်ပြီးသူ့ရဲ့ စီးပွားရေးကိုလည်း ဗမာပြည်ထဲမှာ လက်တဆုံးနှိုက်ပြီးတိုးချဲ့ဖို့ရာ အခွင့်ကောင်းကြီးတခုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
လားရှိုးပြန်ပေးလိုက်ရတဲ့ နောက်ဆက်တွဲအကျိုးဆက်များ
——————————————————
လားရှိုးပြန်ပေးလိုက်ရတဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲအကျိုးဆက်တွေကို ဆန်းစစ်ကြည့်တဲ့အခါဘက် လေးဘက်ကဆန်းစစ်ကြည့်ဖို့လိုအပ်သလို ခွင်လေးရပ်ကနေလည်း ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ ဘက်လေးဘက်ဆိုတာ ရန်သူ့ဘက်၊တော်လှန်ရေးအင်အားစုဘက်၊ပြည်သူလူထုဘက်နဲ့ တရုတ်ပြည်ဘက်ကို ဆိုလိုတာဖြစ်တယ်။ ခွင်လေးရပ်ဆိုတာက စစ်ရေးခွင်၊နိုင်ငံရေးခွင်၊စီးပွားရေးခွင်နဲ့ လုံခြုံရေးခွင်တို့ပဲ ဖြစ်ပါတယ်။
ဘက်လေးဘက်က ဆန်းစစ်ခြင်း
————————————————-
လားရှိုးကို စကစပြန်ရလိုက်တာ တိုက်ယူတာမဟုတ်၊တောင်းယူတာဖြစ်လို့ ဂုဏ်သိက္ခာမရှိပါဘူး။တောင်းတာတောင်တရုတ်အားကိုးနဲ့ ပြန်တောင်းတာဖြစ်တယ်၊ကိုယ့်အစွမ်းအစနဲ့ကိုယ် ပြန်ယူနိုင်တာမဟုတ်ဘူး။ ဒါပေမယ့် သူတို့ကျသွားတဲ့ သိက္ခာကို ပြန်ဆယ်နိုင်ဖို့ စကစဘက်ကတော့ ဘယ်နည်းနဲ့မဆို ကြိုးစားမှာပဲ။သူတို့ပြန်လာရင်တော့ အရင်ကလို မြို့ခံလူထုကို ဒုက္ခပေးဖို့တော့ သေချာပေါက် လုပ်လိမ့်မယ်လို့ လားရှိုးဒေသခံတွေက စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် လားရှိုးက လူငယ်တွေကို အဓမ္မစစ်မှုထမ်းခေါ်တာတို့၊ စစ်ပေါ်တာကောက်တာတို့ စသဖြင့် မင်းအောင်လှိုင်ရဲ့ ပေါ်လစီအတိုင်း ကျင့်သုံးမှာကို ပြည်သူလူထုက မလိုလားကြပါဘူး။
တော်လှန်ရေးအင်အားစုဘက်က ဆန်းစစ်ကြည့်ရင် လားရှိုးကို ရရှိအောင်တော်လှန်ပေးတဲ့အထဲမှာ MNDAA တဖွဲ့တည်းမဟုတ်ဘဲ PDF ၊ LPDF နဲ့အခြားအဖွဲ့တွေအများကြီးပါဝင်ခဲ့ကြတယ်။ကိုးကန့်ဘက်က လူ ၄၀၀ အကျအဆုံးရှိပြီး နွေဦးတော်လှန်ရေးအင်အားစုဘက်က လူ ၆၀၀ ခန့် ကျဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တခုကတဆင့် သိရပါတယ်။ အသက်ပေါင်း ထောင်ဂဏန်း ပေးဆပ်ပြီး ယူထားရတဲ့ လားရှိုးမြို့ကို ပြန်ပေးရတာ တော်လှန်ရေးအင်အားစုတွေဘက်ကဘယ်လိုမှ ကျေနပ်နိုင်မှာမဟုတ်ဘူး။အကူအညီလိုအပ်တုန်းကလက်တွဲတိုင်ပင်ခဲ့ပြီး ပြန်စွန့်လွှတ်တဲ့အချိန်မှာ ကျန်မဟာမိတ်တွေနဲ့ မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လိုက်တဲ့အတွက် ကိုးကန့်တပ်ဖွဲ့အပေါ်လည်း အယုံအကြည်ကင်းမဲ့သွားကြပါတယ်။
ဒီတချိန်မှာ ကိုးကန့်တပ်ဖွဲ့ဟာ နိုင်ငံရေးပုံရိပ်တော့အတိုင်းအတာတခုထိ ကျဆင်းသွားတယ်လို့ ပြောရပါမယ်။ကိုးကန့်ပုံရိပ်ကျသွားတာနဲ့ တပြိုင်နက် အခြားသော ရှမ်းမြောက်အဖွဲ့တွေ အထူးသဖြင့် တရုတ်သြဇာနဲ့မလွတ်ကင်းတဲ့အဖွဲ့တွေအပေါ်မှာလည်း ရိုက်ခတ်လာနိုင်ပါတယ်။ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ယုံကြည်မှုကျဆင်းလာခြင်းဟာ ရှေ့ဆက်ရမယ့် ခရီးလမ်းအတွက်အလွန်အမင်း အကြပ်အတည်းတွေ့စေနိုင်ပါတယ်။ ပြည်သူလူထုဘက်လို့ပြောလိုက်ရင်တော့ လက်ရှိ CDM ဝန်ထမ်းတွေနဲ့ သာမန်စီးပွားရေးလုပ်စားကိုင်စားသူ ပြည်သူတွေဆိုပြီး နှစ်ပိုင်းခွဲပြောရမှာပါ။လက်ရှိအချိန်မှာ CDM ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အပြည့်အဝတာဝန်ယူသင့်တာက ကိုးကန့်တပ်ဖွဲ့ပဲဖြစ်တယ်။သူတို့ ရွှေ့ပြောင်းသွားတဲ့ လောက်ကိုင်၊ချင်းရွှေဟော်စတဲ့ အထူးဒေသ(၁) ကိုCDM ဝန်ထမ်းတွေ ခေါ်ဆောင်သွားဖို့ လိုအပ်ပါတယ်။မလိုက်ပါချင်တဲ့သူတွေကိုတော့ ဘေးကင်းလုံခြုံတဲ့လွတ်မြောက်ဒေသတနေရာကို အချိန်မီရောက်အောင် စီစဥ်ပေးဖို့ လိုအပ်ပါတယ်။
သာမန်ပြည်သူတွေထဲက နိုင်ငံရေးနဲ့ မကင်းတဲ့ နိုင်ကျဥ်းဟောင်းတွေ၊တက်ကြွလှုပ်ရှားသူတွေရှိရင်လည်း စစ်ကောင်စီပြန်ရောက်မလာခင် ကြိုတင်ရှောင်တိမ်းလို့ရအောင်လုပ်ပေးရမှာက ကိုးကန့်တပ်ရဲ့တာဝန်ပဲဖြစ်တယ်။လားရှိုးကို စစ်ကောင်စီလက်ထဲပြန်မပေးရရေး နိုင်ငံရေးသမားတွေ၊လူငယ်တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြတာ တလတောင်မကြာသေးပါဘူး။ဒီလူတွေကိုလည်း တရုတ်အစိုးရရဲ့ ဖိအားနဲ့ ကိုးကန့်တပ်က ဖမ်းဆီးစစ်ကြောရေးလုပ်ခဲ့တာမျိုးတွေရှိပါတယ်။ပွင့်ပွင့်လင်းလင်းပြောရရင် ကိုးကန့်တပ်ရဲ့ ပြဿနာက လူထုအားကို ကိုယ့်အားဖြစ်အောင်မလုပ်ယူနိုင်ခဲ့တာဖြစ်တယ်။ကိုယ့်ပြည်သူလူထုဘက် မျက်နှာမူမယ့်အစား တရုတ်ပြည်ရဲ့ဖိအားကို မလွန်ဆန်ရဲတဲ့ သူတို့ရဲ့အယူအဆက သူတို့ကို ပြန်ပြီးအဆိပ်ခတ်လိုက်တာပဲဖြစ်ပါတယ်။
ဒီလိုအခင်းအကျင်းမျိုးဟာ ကျနော်တို့ပြည်သူတွေ မကြိုက်တဲ့အခင်းအကျင်း၊လက်မခံနိုင်တဲ့ ရလာဒ်ဖြစ်ပေမယ့် တရုတ်ပြည်အတွက်တော့ လိုချင်တဲ့ရလာဒ်ထွက်တာလို့ပြောရမှာပါ။တရုတ်ပြည်က ဗမာပြည်ထဲက တော်လှန်ရေးအင်အားစုတွေရဲ့အသက်သွေးချွေးစတေးပြီးတိုက်ပွဲဝင်ထားတဲ့တော်လှန်ရေးအသီးအပွင့်တွေကို လွယ်လွယ်ကူကူပဲ စွန့်လွှတ်ခိုင်းတာ မတရားတဲ့ ဆုံးဖြတ်ချက်ပါ။ ဗမာပြည်သူတွေရဲ့ တော်လှန်ရေးကို အသိအမှတ်မပြုရာရောက်ပါတယ်။ပြည်သူတွေရဲ့ တရားသော တော်လှန်ခုခံမှုကိုအသိအမှတ်မပြုတာဟာ မတရားအကြမ်းဖက်တဲ့ စစ်အုပ်စုကိုအသိအမှတ်ပြုရာရောက်ပါတယ်။
တရုတ်ပြည်ဟာ ကျနော်တို့ပြည်သူတွေနဲ့ တဖက်တည်းမှာရပ်တည်နေတာမျိုးမရှိဘဲ ပြည်သူ့ရဲ့ ရန်သူတွေဖက်မှာရပ်တည်တာမျိုးဖြစ်နေပါတယ်။ဒီရပ်တည်ချက်ဟာ ရေရှည်မှာ တရုတ်ပြည်အတွက် ကောင်းမွန်တဲ့ အနာဂတ်ကို အာမခံနိုင်တဲ့ ရပ်တည်ချက်မဟုတ်ပါဘူး။ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးရေးကို တကယ်လိုချင်ရင် ပြည်သူလူထုကို အားပေးကူညီရမှာဖြစ်ပြီးအာဏာသိမ်းစစ်အုပ်စုကို အားပေးရမှာမဟုတ်ဘူးလို့ ရှုမြင်ပါတယ်။တော်လှန်သောပြည်သူ့လှုပ်ရှားမှုတွေကို အတင်းအဓမ္မအနောက်အုပ်စုနဲ့ ပေးစားပြီး တံဆိပ်ကပ်ပုံဖျက်မယ်ဆိုရင်တရုတ်အနေနဲ့ မိုးလောက်ကြီးတဲ့အမှားမျိုးကျုးလွန်မိသလိုဖြစ်သွားပြီး အဆုံးတနေ့မှာ တရုတ်-မြန်မာချစ်ကြည်ရေးလမ်းကြောင်းဟာလည်း စစ်ကိုင်းပြတ်ရွေ့ကြောလှုပ်ရှားလို့ဖြစ်ပေါ်လာတဲ့ ငလျင်ထက်ပိုဆိုးရွားပြင်းထန်စွာ အက်ကွဲပြတ်တောက်သွားနိုင်တယ်လို့ ထောက်ပြဝေဖန် အသိပေးလိုက်ပါတယ်။
ခွင်လေးရပ်က ဆန်းစစ်ခြင်း
——————————————
စစ်ရေးခွင်ကနေ လေ့လာဆန်းစစ်ရင်တော့ ရှမ်းမြောက်ကို စကစပြန်ပြီး ခြေချတာ MNDAA၊ TNLA၊ KIA တို့အတွက် အဓိကခြိမ်း ခြောက်မှုကြီးတခုဖြစ်ပါတယ်။အထူးသဖြင့် လားရှိုးနဲ့နယ်မြေချင်းထိစပ်နေတဲ့ သန္နီ၊နမ္မတူ၊သီပေါတို့ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်ပါတယ်။ စစ်ဗျုဟာအတွက် အရေးကြီးတဲ့ လားရှိုးလေဆိပ်ကို စစ်ကောင်စီပြန်ရသွားတဲ့အတွက် ရှမ်းမြောက်တခွင်လုံးကို အချိန်မရွေးခြိမ်းခြောက်လာနိုင်ပါတယ်။ကိုးကန့်တပ်ဖွဲ့က အချိန်မီလားရှိုးလေဆိပ်ရဲ့ လေကြောင်းထိန်းမျှော်စင်တွေ၊လေယာဥ်ပြေးလမ်းကြောင်းတွေကို ဖောက်ခွဲဖျက်စီးပစ်ခဲ့မှသာ ဒီပြဿနာကို ယာယီဟန့်တားနိုင်လိမ့်မယ်။ဒါပေမယ့် လားရှိုးကစကစလက်ထဲရှိနေသရွေ့တော့ ဘယ်သူမှ စိတ်အေးရမှာမဟုတ်ဘူး။
တန့်ယန်းမှာ ယာယီအထိုင်ချထားတဲ့ အရှေ့မြောက်တိုင်းကွပ်ကဲရေးဌာနချုပ်ဟာ အနှေးနဲ့အမြန် လားရှိုးကို လာပြီးအထိုင်ချမှာပဲဖြစ်တယ်။စစ်ကောင်စီတပ်တွေဟာ “အာရပ်နဲ့ကုလားအုတ်”ပုံပြင်ထဲကလို နှုတ်သီးလေးနည်းနည်းဝင်ချင်လို့ပါ၊ နားရွက်ကလေး အေးလာလို့ပါ၊ခေါင်းလေး ထည့်ထားပါရစေ စသဖြင့် အဆင့်ဆင့်တောင်းဆိုပြီး နောက်ဆုံး အာရပ်ကို တဲပြင်မောင်းထုတ်ပြီး နေရာအားလုံး အပိုင်စီးလိုက်တဲ့ကုလားအုတ်လိုလုပ်မယ့် သဘောမျိုးရှိပါတယ်။ စကစ လားရှိုးပြန်ထိုင်တာဟာ တရုတ်ဘက်က မျှော်လင့်သလို ရှမ်းပြည်မြောက်ပိုင်း အေးချမ်းတည်ငြိမ်ရေးရဲ့မူလအစမဟုတ်ဘဲ ရှမ်းမြောက်စစ်ရေးတင်းမာမှုတွေ ပိုမိုသိပ်သည်းပြင်းထန်လာဖို့ အစပျိုးနေတာပဲဖြစ်တယ်။စစ်ကောင်စီမေးခွန်းရဲ့ အဖြေအစစ်အမှန်ကတော့ ၁၀၂၇ တတိယလှိုင်းကလွဲပြီး ကျန်တာမဖြစ်နိုင်တော့ပါဘူး။
နိုင်ငံရေးခွင်ဘက်က ဆန်းစစ်လေ့လာကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ ခြေလှမ်းသွက်လာတဲ့ ဒစ်ပလိုမေစီဆက်ဆံရေးတွေကို ကျနော်တို့ တော်လှန်ရေးအင်အားစုဘက်က မရပ်တန့်နိုင်သေးလို့ ခုလို လားရှိုးပြန်ပေးရသည်အထိ အခြေဆိုက်လာတာကို မြင်တွေ့ရပါတယ်။
မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်တဲ့ဖြစ်ရပ်ကို ဖိလစ်ပိုင်ဒူတာတေးကိုဖမ်းဆီးတဲ့ဖြစ်စဥ်နဲ့ နှိုင်းယှဥ်သုံးသပ်ကြတာမျိုးကို အမှတ်ရမိပါတယ်။ဒူတာတေးအဖမ်းခံရတာကို တရုတ်ဘက်က သဘောမတူကြောင်း တရားဝင်ထုတ်ဖော်ပြောခဲ့တာကိုသတိထားမိမှာပါ။ဒီအချက်ကို ကြည့်ရင် မင်းအောင်လှိုင်ကိုဖမ်းဆီးဖို့ ကြိုးစားလာရင်လည်း တရုတ်က လက်မခံနိုင်စရာရှိတယ်လို့ ယူဆရပါတယ်။တရုတ်ဟာ အိမ်နီးချင်းနိုင်ငံတွေကိုအုပ်ချုပ်နေတဲ့ အစိုးရအတော်များများကို စမတ်ကျတဲ့အုပ်ချုပ်သူတွေမဖြစ်နေစေချင်ပါဘူး။ရက်စက်ကြမ်းကြုတ်ပြီးတိုင်းပြည်အတွက် အကျိုးမပြုတဲ့ မင်းဆိုးမင်းညစ်တွေအုပ်ချုပ်နေတာကို ပိုလိုလားပုံရပါတယ်။ဒါမှသာ အချိန်မရွေးဝင်ရောက်စွက်ဖက်ဖို့လည်း အခွင့်အရေးပိုရှိမှာဖြစ်သလို ယင်းအစိုးရတွေရဲ့ ညံ့ဖျင်းမှု၊လောဘဇောတိုက်မှုတွေကို အခွင့်အရေးယူအမြတ်ထုတ်ပြီး သယံဇာတနဲ့ စျေးကွက်ကို ချုပ်ကိုင်ခြယ်လှယ်ဖို့ လွယ်ကူမှာကြောင့်ဖြစ်ပါတယ်။
တဖက်ကပြန်ကြည့်တဲ့အခါ NUG အစိုးရရဲ့ သံတမန်ရေးအခင်းအကျင်းဟာ ခိုင်မာမှု၊စည်းနှောင်မှုမရှိသလို အနောက်ကိုအရမ်းကာရော အားကိုးလွန်းနေတဲ့အတွက်ကြောင့် နိုင်ငံရေးရွှေ့ကွက်တွေမှာ ပုံစံမကျ ကို့ယိုးကားရားဖြစ်နေတာကို မြင်ရမှာပါ။ NUG အနောက်ကိုမျှော်တာဟာ အချည်းနှီးသောနိုင်ငံရေးကစားကွက်တခုလို့ပြောရပါလိမ့်မယ်။အနောက်အုပ်စုတွေကြားမှာ ယူကရိန်းအရေး၊ အရှေ့အလယ်ပိုင်းအရေးတွေလို ပိုအာရုံစိုက်ရမယ့်အရေးကိစ္စတွေရှိနေသလိုဒေါ်နယ်ထရမ့်လို ပြည်တွင်းအကျိုးစီးပွားအားကောင်းအောင်လုပ်ရေး( အမေရိကန်ပထမဦးစားပေးရေး)မူဝါဒတွေချမှတ်လာတာကြောင့် ကွာလှမ်းလှတဲ့ အရှေ့တောင်အာရှနိုင်ငံငယ်ရေးရဲ့အရေးကို အာရုံစိုက်ဖို့ သိပ်မလွယ်ကူပါဘူး။ဒါကို အစကတည်းက သိနှင့်ပြီးဖြစ်ရင် ဒီလောက်အချိန်ကုန်မခံဘဲဘယ်ခြေလှမ်းကို လှမ်းရမလဲဆိုတာ သေသေချာချာ ဆန်းစစ်ဖို့လိုပါတယ်။အခုအခြေအနေက NUG တွေ စာမကျေလို့ ကိုးကန့်အရေးမှာ နိုင်ငံရေးအရ အရေးနိမ့်ခဲ့ရတယ်ဆိုတာကိုလည်း ကျနော်တို့ မပျက်မကွက် ထည့်သွင်းစဥ်းစားရမှာပါ။
စီးပွားရေးခွင်ဘက်က ထည့်သွင်းစဥ်းစားဖို့ကတော့ လားရှိုးကိုပြန်ပေးခြင်းရဲ့နောက်ကွယ်မှာ တရုတ်က ပိတ်ထားတဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပေးဖို့ရှိသလားဆိုတာအရင်ဆုံး မေးခွန်းထုတ်ရပါမယ်။လားရှိုးသာပြန်ပေးရတာအဖတ်တင်ပြီး ဖြတ်ငါးဖြတ်ကို အလျှော့မပေးခဲ့ရင် ဖွတ်မရဓားမဆုံးမယ့်ကိန်းဆိုက်ပါလိမ့်မယ်။ အစောကတည်းက စီးပွားရေးလုပ်ငန်းတွေကို တရုတ်နဲ့ရာခိုင်နှုန်းအတော်များများ ချိတ်ဆက်ထားတဲ့ ကိုးကန့်အတွက် ဒီဖိအားက ကြီးမားပါတယ်။အာရက္ခတပ်တော်နဲ့ တအာင်းတပ်အတွက်က အဲ့ဒီလောက်ဖိအားမကြီးဘူးလို့ ဆိုရပေမယ့် အဖျားခတ်တဲ့ ငလျင်ငယ်လေးတွေလှုပ်သလောက်တော့ ရိုက်ခတ်ခံရမှာပါပဲ။ တရုတ်ပြည်ထဲကတင်သွင်းတဲ့ ကုန်စည်တွေကို အားကိုးနေရတဲ့ပြည်သူလူထုတွေ၊ တရုတ်ပြည်ထဲမှာ အခြေအနေပေါင်းစုံနဲ့ရောက်ရှိနေတဲ့ အလုပ်သမားတွေ၊နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းနဲ့ နယ်စပ်ဒေသစီးပွားရေး၊အလုပ်အကိုင်အခွင့်အလမ်း၊လောင်စာဆီကိစ္စအပါအဝင် အရာရာမှာ တရုတ်အားထားနေရတဲ့ ကျနော်တို့ဘက်ခြမ်းက လူမျိုးစုတွေရဲ့ဘဝဟာ သူများလက်ခုပ်ထဲက ရေလိုဘဝမျိုးတွေဆို မမှားပါဘူး။
ပြည်တွင်းကုန်ထုတ်လုပ်မှုနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ စီးပွားရေးအဖြေကိုမရှာနိုင်ရင် တရုတ်ပြည်ရဲ့ ကစားကွက်အတိုင်း အရွှေ့ခံရမှာပါ။ပြောင်းတောင်သူ၊ကြံတောင်သူ၊သခွားမွှေး၊တစ်ရှုးဌက်ပျော၊ဖရဲသီး၊ဝဥ၊ငါးရှဥ့်ကအစ တရုတ်ပြည်ကိုတင်သွင်းရောင်းချနေရတဲ့ ကျနော်တို့ဘက်က စျေးကွက်ကို သူတို့ဘက်က လက်မခံပိတ်ဆို့ထားလိုက်ရင်ဒီဘက်က ပြည်သူတွေ ငုတ်တုတ်မေ့ကုန်ပါတော့တယ်။ဒါကိုကြည့်ခြင်းအားဖြင့် လားရှိုးနောက်မှာ စီးပွားရေးအကြပ်ကိုင်ခံရလို့ နောက်ထပ်မြို့တွေ၊နယ်မြေတွေပြန်မပေးရရေးကိုဘယ်လိုခုခံကာကွယ်မလဲဆိုတာသာ ခုကတည်းက ကြိုတင် စဥ်းစားထားဖို့ လိုအပ်နေပါပြီ။ လုံခြုံရေးခွင်အရ ဝေဖန်ဆန်းစစ်ရရင် တရုတ်-မြန်မာနယ်စပ်တလျောက် ကာရံထားတဲ့ ခြံစည်းရိုးလိုင်းကို အရင်ဆုံးပြေးမြင်မိပါတယ်။
နောက်တခု အရေးတကြီးသတိပေးလိုတာကတော့ တရုတ်ရဲ့အကျိုးစီးပွားကာကွယ်ရေးအကြောင်းပြချက်နဲ့ ဝင်ရောက်လာဖို့ မင်းအောင်လှိုင်ဘက်က ခွင့်ပြုထားပြီးသားဖြစ်တဲ့ လက်နက်ကိုင်တရုတ်လုံခြုံရေးကုမ္ပဏီတွေကိုလည်း လျှော့တွက်လို့မရပါဘူး။ ကျနော်တို့ ပြည်သူလူထုအတွက် တော်လှန်ပေးခဲ့တဲ့လူမျိုးစုလက်နက်ကိုင်အင်အားစုတွေရဲ့ အခန်းကဏ္ဍကိုလျှော့ချဖို့၊ တရုတ်ရဲ့ လုံခြုံရေးအခန်းကဏ္ဍကို တိုးမြှင့်ဖို့၊စစ်အုပ်စု ကျားသေကို အသက်သွင်းဖို့ အကြံအစည်မျိုးစုံနဲ့လားရှိုးကို စစ်ကောင်စီလက်ထဲပြန်ထည့်တာဖြစ်တယ်။ ကျနော့်အနေနဲ့ လားရှိုးကနေ ကိုးကန့်တပ်တွေပြန်ဆုတ်ပေးရပြီးနောက်ပိုင်း ဆက်ဖြစ်လာမယ့် နိုင်ငံရေးအခင်းအကျင်းမှာကျနော်တို့တော်လှန်ရေးအင်အားစုတွေ အခုထက်ပိုပြီး စုစည်းဖို့၊ အခုထက်ပိုပြီး အစီအမံကောင်းဖို့၊အခုထက်ပိုပြီးသွက်လက်ဖို့လိုအပ်နေပြီလို့ ယူဆပါတယ်။
လားရှိုးမြို့ခံပြည်သူတွေရဲ့ အားကို ကျနော်တို့ သေသေချာချာစည်းရုံးပြီး မြေအောက်လုပ်ငန်းဖော်ဆောင်ရေးနဲ့ စစ်ကောင်စီကို တိုက်ခိုက်ရာမှာ သမားရိုးကျစစ်ရေးစီမံချက်အတိုင်း မသွားဘဲ အမှည့်ချွေတဲ့စစ်ပရိယာယ်တွေ၊ နိုင်ငံရေးအရ ထိုးနှက်တာတွေ၊စီးပွားရေးအရ အခက်တွေ့အောင် ပိတ်ဆို့တာတွေအားလုံးပေါင်းစပ်ပြီးလုပ်နိုင်ရင်တော့ တနေ့မှာ လားရှိုးဟာပြည်သူလူထုလက်ထဲ ပြန်ရောက်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ တိုင်းတပါးကနေ မတရားလာအုပ်ချုပ်တဲ့ ကိုလိုနီအစိုးရတွေက အဖိနှိပ်ခံပြည်သူတွေက မောင်းထုတ်နိုင်တဲ့ သမိုင်းသာဓကတွေကို သက်သေထူပြီး လားရှိုးကို မတရားလာရောက်သိမ်းပိုက်အုပ်ချုပ်တဲ့ နယ်ချဲ့လက်သစ်အစိုးရနဲ့ အပေါင်းအပါတွေကိုတကယ်တော်လှန်တိုက်ထုတ်နိုင်မှာက လူထုပဲဖြစ်တယ်။လူထုကသာ သမိုင်းကို ဖန်တီးနိုင်မယ်လို့ ယုံကြည်မိပါတယ်။
ကျော်ကိုကို