ဧပြီလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်း
စစ်ကောင်စီဟာ ရှေးရိုးစွဲအမြင်ရှိပြီး အမြင်ကျဥ်းမြောင်းသည့် အမျိုးသားရေးဝါဒီများလည်းဖြစ်၍ ငလျင်ဒဏ်သင့် ပြည်သူများအရေးထက် ပြိုကျသွားသော ဘာသာရေးအဆောက်အဦးများ ပြန်တည်ဆောက်ရေးကို ဦးစားပေးနေသဖြင့် ထိခိုက်ဒဏ်ရာရ လူနာများအတွက် ဆေးဝါးကုသရေးနှင့် ပြန်လည်သန်စွမ်းရေးကို အလေးပေးဆောင်ရွက်ခြင်းရှိမနေပါ။ ဗေဒင်ကိန်းခန်းတွေကို ယုံကြည်နေတဲ့ စစ်ကောင်စီဟာ စစ်ကိုင်းကို ဗဟိုပြုတဲ့ မြေငလျင်ကြီးကိုတောင် “မန္တလေးငလျင်ကြီး”လို့ ခေါ်ရမယ်ဆိုပြီး အတင်းတွေ အဓမ္မတွေ အမိန့်ထုတ်ပြန်တာကို ကြည့်ရင် သူတို့ဟာ ကျိုးကြောင်းယုတ္တိခိုင်မာရေးထက် အတိတ်နမိတ်တွေ အခါတော်အယူတော်တွေဆိုတဲ့ ရှေးဗေဒင်ယတြာတွေကိုပဲ ပိုယုံကြည်လက်ခံနေတာ အထင်အရှားပါပဲ။
နိုင်ငံတကာအသိုင်းအဝိုင်းကို ဦးတည်ပစ်မှတ်ထားပြီး သံခင်းတမန်ခင်း လက်တံဆန့်ဖို့ကြိုးစားနေပေမယ့်လည်း မင်းအောင်လှိုင်စစ်အုပ်စုဟာ မြေပြင်မှာ တကယ်အုပ်ချုပ်နိုင်စွမ်းမရှိတဲ့အဖြစ်ကို ကျနော်တို့ အားလုံး သိမြင်နေကြရပါတယ်။မြေငလျင်ဘေးအန္တရာယ်သင့်တဲ့ ဇုန်တွေမှာတောင် အဆင့်ဆင့်ဖွဲ့စည်းထားတဲ့ စီမံကြီးကြပ်ရေးအဖွဲ့တွေကို မတွေ့ရပါဘူး။လက်နက်ကိုင်စစ်သားတွေအားကိုးပြီး သဘာဝဘေးဒဏ်သင့်ပြည်သူကို ထပ်မံဖိနှိပ်တာမျိုးတွေပဲ တွေ့နေရပါတယ်။ငလျင်ဘေးအတွက် အလှုခံတဲ့အဖွဲ့တွေ၊ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ မလိုအပ်ဘဲ ထောက်ခံစာတွေ၊ခွင့်ပြုချက်တွေယူဖို့ ရပ်ကွက်ရုံး၊ထွေအုပ်ရုံး၊ရဲစခန်း စတာတွေသွားစောင့်ရတာဟာ ဗျုရိုကရေစီဆန်ဆန် ဖိနှိပ်မှုလို့ ပြောလို့ရသလို တမင်စိတ်ပျက်ပြီး ပြည်သူကို ကယ်ဆယ်ရေးမလုပ်နိုင်အောင် နှောင့်ယှက်မှုတရပ်လည်းဖြစ်နေပါတယ်။
စစ်ဒဏ် ငလျင်ဒဏ် ဆတိုးခါးစည်းခံနေရတဲ့ပြည်သူ
—————————————————————–
မြေငလျင်ဆိုတဲ့ သဘာဝဘေးအန္တရာယ်ကြီးဟာ မမျှော်လင့်ထားဘဲ ကျရောက်လို့လာခဲ့ပါတယ်။ဖေဖော်ဝါရီလ ၂၈ ရက် နေ့လည် ၁၂ နာရီ ၅၁ မိနစ်မတိုင်ခင်အထိ ဒီဘေးဆိုးကြီး ကြုံရမယ်လို့ ဗမာပြည်ကလူတွေ ဘယ်သူမှကြိုမသိထားကြပါဘူး။ ငလျင်ဒဏ်ဟာ ထန်ပြင်းလှတဲ့ စွမ်းအားနဲ့ ကျနော်တို့အားလုံးရဲ့ အသက်တွေ၊ဘဝတွေ၊ မျှော်လင့်ချက်တွေကို ထိုးနှက်ရိုက်ပုတ်လိုက်ပါတယ်။တချို့တွေ မြေကြီးပေါ် လဲပြိုကျခဲ့ရသလို တချို့တွေ မြေအောက် အမှောင်ကမ္ဘာထဲကို အရှင်လတ်လတ် ကျဆင်းသွားခဲ့ရပါတော့တယ်။ သွေးတွေရဲ့ ရနံ့ဟာ စစ်ကိုင်းနဲ့ မန်းလေးတဝိုက်မှာ တထောင်းထောင်းထခဲ့ကြတယ်။အော်ဟစ်သံ ဆူညံငိုကြွေးသံတွေ ပွက်လောရိုက်ပြီး သွေးရူးသွေးတမ်း ပြေးလွှားနေရတဲ့ ပုံရိပ်တွေ သိပ်မကြာခင် လူမြင်ကွင်းနဲ့ သတင်းအစီအစဥ်တွေမှာ ပြန့်နှံ့လာတယ်။
သဘာဝဘေးအန္တရာယ်တွေထဲမှာ အမျိုးအစားသုံးမျိုးရှိတယ်လို့ သိထားပါတယ်။မိုးလေဝသရာသီဥတုနဲ့ဆိုင်တဲ့ သဘာဝဘေး၊မြေမျက်နှာသွင်ပြင်နဲ့ဆိုင်တဲ့ သဘာဝဘေး၊ သဘာဝဝန်းကျင်နဲ့ဆိုင်တဲ့ ဘေးဆိုပြီး သုံးမျိုးရှိတဲ့အထဲမှာ အခု စစ်ကိုင်းငလျင်ကတော့ မြေမျက်နှာသွင်ပြင်ဆိုင်ရာသဘာဝဘေးအန္တရာယ်ပါပဲ။ ဗမာပြည်မှာ နှစ်ပေါင်း ( ၆၀၀) အတွင်း အဓိကငလျင်ကြီး (၆၂)ခုကြုံတွေ့ခဲ့ရပြီး တရုတ်ပြည် ယူနန်ပြည်နယ်ကို ဗဟိုပြုတဲ့ငလျင်ကြီးတခု၊ အိန္ဒိယပြည် အာသံပြည်နယ်ကို ဗဟိုပြုတဲ့ ငလျင်ကြီးတခုရဲ့ အဖျားခတ်မှုဒဏ်တွေကိုလည်း ခံစားခဲ့ရဖူးပါတယ်။ဆိုလိုတာက အနည်းဆုံး ဆယ်နှစ်ကို တကြိမ်လောက် ပြည်သူတွေဟာ ငလျင်ဒဏ်ကို အကြီးအကျယ်ခံစားနေရတယ်လို့ ပြောလို့ရပါတယ်။
ကိုကိုးကျွန်းလို ပင်လယ်ပြင်ထဲက ကျွန်းတွေအနီးမှာ လှုပ်ခတ်တဲ့ မြေငလျင်တွေကြောင့် ဆူနာမီရေလှိုင်းတွေ ရိုက်ပုတ်ခံရတာမျိုးတွေလည်း ဖြစ်လေ့ရှိပါတယ်။ဒီလို ငလျင်နဲ့ ယဥ်ပါးနေတဲ့ နိုင်ငံတနိုင်ငံမှာ ဖြစ်လာမယ့် ဘေးအန္တရာယ်တွေကို ဘယ်လိုတုံ့ပြန်မလဲ၊ဘယ်လို အန္တရာယ်တွေကို လျှော့ချပေးမလဲ၊ အသက်ကယ်တင်ရေးလုပ်ငန်းတွေ ဘယ်လိုလုပ်မလဲ၊ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ အစစအရာရာ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ သို့သော်လည်း ကနေ့ ဗမာပြည်ရဲ့ စစ်အာဏာသိမ်း ဗိုလ်မင်းအောင်လှိုင်အစိုးရဟာ ကြိုတင်ပြင်ဆင်မှုအပိုင်းမှာလည်း အားနည်းသလို ပြည်သူကို ကယ်ဆယ်ရေးအပိုင်းမှာလည်း တာဝန်အပြည့်အဝမယူဘူးဆိုတာ အထင်အရှားတွေ့မြင်နေရပါတယ်။
အမျိုးသားမြေငလျင်အန္တရာယ်လျော့ပါးရေးစီမံကိန်းဆိုတာမျိုး တိတိကျကျမရှိဘဲ အာဏာမသိမ်းခင်က လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးလက်ထက်မှာ လုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲတခုလောက်သာတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းလိုက်တော့ အဆိုပါ အဖွဲ့အစည်းကိစ္စရပ်တွေ ဆက်လက်လည်ပတ်နိုင်စွမ်းမရှိတော့တဲ့အတွက် ငလျင်ကြီးနဲ့ရုတ်တရက်ကြုံရတဲ့အခါ အကုန် ဗရမ်းဗတာတွေဖြစ်ကုန်ပါတော့တယ်။ ငလျင်နဲ့ပတ်သက်တဲ့ ပညာရှင်တွေ၊တတ်ကျွမ်းနားလည်တဲ့သူတွေကို ပြည်တွင်း ပြည်ပက ဖိတ်ခေါ်ပြီး ဆွေးနွေးတိုင်ပင် နှီးနှောဖလှယ်တာမျိုးတွေကို မင်းအောင်လှိုင်စစ်အုပ်စုဘက်က လုပ်တာကို မတွေ့ရပါဘူး။
တကယ်သိ တကယ်တတ်တဲ့သူမဟုတ်ဘဲ တိုင်းပြည်အာဏာကိုလုပြီး အုပ်ချုပ်တော့ ဘာဆိုဘာမှမလုပ်တတ်ဘဲ ယောင်ခြောက်ဆယ်ရေနစ်သလို မဟုတ်မဟတ်စကားတွေ လျှောက်ပြောနေရင်း အချိန်တွေဖြုန်းနေတယ်လို့ မြင်ပါတယ်။
ပိုဆိုးတာက မင်းအောင်လှိုင်က နိုင်ငံတကာရဲ့ အကြံဥာဏ်တွေကို အကုန်လက်မခံဘဲ သူနဲ့အဆင်ပြေမယ့် နီးစပ်မှုရှိတဲ့နိုင်ငံတွေရဲ့အကူအညီကိုသာ ယူနေတာဖြစ်ပါတယ်။ ဒီကနေ့အထိ သေဆုံးသူဦးရေစာရင်းကို အရပ်ဖက်အဖွဲ့အစည်းတွေဘက်က ကြေညာပြီးသည်အထိ မင်းအောင်လှိုင်တို့ဘက်က အတိအကျမပြောနိုင်သလို သူတို့ပြောတဲ့ကိန်းဂဏန်းက မြေပြင်လက်တွေ့နဲ့ တအားကွာဟနေဆဲပါ။ပျက်စီးဆုံးရှုံးမှု တန်ဖိုးရဲ့ စုစုပေါင်းပမာဏကိုလည်း သူတို့လည်းမသိသလို အခုထိလည်း ပြည်သူကို ထုတ်ပြန်ပြသနိုင်ခြင်းမရှိသေးပါ။ ပြိုကျအဆောက်အအုံတွေအောက်မှာ ပိတ်မိနေတဲ့ လူတွေကို အမြန်ဆုံးကယ်တင်နိုင်မှသာ မြေငလျင်ဘေးဒဏ်ရဲ့ အန္တရာယ်ကို လျှော့ချနိုင်မှာဖြစ်တယ်။မပြိုသေးတဲ့ အဆောက်အအုံတွေဝန်းကျင်မှာ နေထိုင်တဲ့ လူတွေကို ဘေးလွတ်ရာပြောင်းရွှေ့ပေးရေးအစီအစဥ်တွေဟာလည်း အလားတူ အန္တရာယ်လျှော့ချပေးနိုင်တဲ့လုပ်ငန်းစဥ်ဖြစ်ပါတယ်။ဒီနှစ်ခုစလုံးမှာလည်း စစ်ကောင်စီအစိုးရဘက်က ထိထိရောက်ရောက် မလုပ်နိုင်တာကိုတွေ့ရတယ်။
ပြိုကျအဆောက်အအုံတွေကို ဖယ်ရှားဖို့ အချိန်ကြန့်ကြာမှုတွေ၊စက်ယန္တရား အလုံအလောက်မသုံးနိုင်မှုတွေ၊ကူညီရှာဖွေတူးဖော်မယ့်အဖွဲ့အစည်းတွေကို ပိတ်ပင်တားမြစ်မှုတွေကြောင့် မသေသင့်ဘဲ သေသွားရသူတွေရှိခဲ့ပါတယ်။ပြည်သူတွေကို နေရာရွှေ့ပြောင်းပေးဖို့ စစ်တပ်နဲ့ရဲတွေက ဘာတာဝန်မှမယူဘဲ ဘုရားပြို ဘုရားပျက်တွေက အုတ်နီခဲတွေကို ပြန်စီနေတဲ့အလုပ်မျိုးကို တမင်သက်သက်လုပ်နေကြတာ တွေ့ရပါတယ်။ပြည်သူတွေက ကိုယ့်အစီအစဥ်နဲ့ကိုယ် ကျုံးဘေးပတ်လည်မှာ တဲထိုးပြီး သွားရှောင်တဲ့အခါမှာလည်း အတင်းအကြပ်ဖယ်ရှားဖို့ ဖိအားပေးလာတယ်လို့ သိရပါတယ်။ ကြိုတင်ပြင်ဆင်မှုမရှိ၊ကယ်ဆယ်ရေးလုပ်ငန်းမလုပ်၊ ကုသရေးဘက်မှာလည်း အားမစိုက်တဲ့အပြင် သေဆုံးပြီး လူသေအလောင်းတွေကိုတောင် အလျဥ်မှီအောင် မသဂြိုဟ်ပေးနိုင်တဲ့ အစိုးရတရပ်ကို ဘယ်ပြည်သူက လက်မခံတာ ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါ။အစကတည်းက ပြည်သူ့ဆန္ဒမပါဘဲ အာဏာအတင်းသိမ်းပြီး ကိုယ့်ဖာသာကိုယ် အစိုးရကြေညာထားတာဖြစ်တယ်။အလိုမရှိဘူးလို့ ကြွေးကြော်တဲ့ပြည်သူတွေကိုတောင် “ခေတ်ကိုပြောင်းအောင် ခေါင်းကိုပစ်ရမယ်”ဆိုတဲ့ လူမဆန်တဲ့ စိတ်ဓာတ်နဲ့ သတ်ဖြတ်တဲ့ စကစရဲ့လက်မှာ သွေးတွေစွန်းထင်းခဲ့ပါတယ်။
ငလျင်မတိုင်ခင် တော်လှန်စစ်အတွင်းမှာတောင် ကျေးရွာလုံးကျွတ် လူသတ်၊မုဒိန်းကျင့်၊မီးရှို့ဖျက်ဆီးပစ်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေရဲ့ တကိုယ်လုံးမှာ ပြည်သူ့သွေးတွေ စွန်းထင်ပေနေပြီးသားပါ။အခုတော့ မန္တလေး စစ်ကိုင်း ပျဥ်းမနားမြေပြင်ပေါ်မှာ စီးဆင်းနေတဲ့ သွေးတွေဟာ သူတို့ရဲ့ စစ်ဖိနပ်တွေကို ပေကျံစွန်းထင်းပြီး ဘယ်တော့မှပြန်ဖျက်လို့မရတော့ဘူးလို့ သုံးသပ်ချင်ပါတယ်။ သဘာဝဘေးအတွက် ကြိုတင်စီမံကိန်းမရှိခြင်း၊ အလျင်အမြန်တုံ့ပြန်ဖို့အတွက် မူဝါဒ အခိုင်အမာမရှိခြင်း၊ ပြည်သူလူထုအကျိုးစီးပွားကို လျစ်လျုရှုတဲ့ သဘောထားမျိုးရှိခြင်း၊သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ မချမှတ်ထားခြင်း၊ပြင်ပ ပညာရှင်များနှင့် အေဂျင်စီများကို လွတ်လပ်စွာပါဝင်ဆောင်ရွက်ခွင့်မပြုခြင်းတို့ကြောင့် စစ်ကိုင်းမြေငလျင်၏ နောက်ဆက်တွဲအကျိုးဆက်များကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ပါ။
စစ်ကောင်စီဟာ ရှေးရိုးစွဲအမြင်ရှိပြီး အမြင်ကျဥ်းမြောင်းသည့် အမျိုးသားရေးဝါဒီများလည်းဖြစ်၍ ငလျင်ဒဏ်သင့် ပြည်သူများအရေးထက် ပြိုကျသွားသော ဘာသာရေးအဆောက်အဦးများ ပြန်တည်ဆောက်ရေးကို ဦးစားပေးနေသဖြင့် ထိခိုက်ဒဏ်ရာရ လူနာများအတွက် ဆေးဝါးကုသရေးနှင့် ပြန်လည်သန်စွမ်းရေးကို အလေးပေးဆောင်ရွက်ခြင်းရှိမနေပါ။ ဗေဒင်ကိန်းခန်းတွေကို ယုံကြည်နေတဲ့ စစ်ကောင်စီဟာ စစ်ကိုင်းကို ဗဟိုပြုတဲ့ မြေငလျင်ကြီးကိုတောင် “မန္တလေးငလျင်ကြီး”လို့ ခေါ်ရမယ်ဆိုပြီး အတင်းတွေ အဓမ္မတွေ အမိန့်ထုတ်ပြန်တာကို ကြည့်ရင် သူတို့ဟာ ကျိုးကြောင်းယုတ္တိခိုင်မာရေးထက် အတိတ်နမိတ်တွေ အခါတော်အယူတော်တွေဆိုတဲ့ ရှေးဗေဒင်ယတြာတွေကိုပဲ ပိုယုံကြည်လက်ခံနေတာ အထင်အရှားပါပဲ။
နိုင်ငံတကာအသိုင်းအဝိုင်းကို ဦးတည်ပစ်မှတ်ထားပြီး သံခင်းတမန်ခင်း လက်တံဆန့်ဖို့ကြိုးစားနေပေမယ့်လည်း မင်းအောင်လှိုင်စစ်အုပ်စုဟာ မြေပြင်မှာ တကယ်အုပ်ချုပ်နိုင်စွမ်းမရှိတဲ့အဖြစ်ကို ကျနော်တို့ အားလုံး သိမြင်နေကြရပါတယ်။မြေငလျင်ဘေးအန္တရာယ်သင့်တဲ့ ဇုန်တွေမှာတောင် အဆင့်ဆင့်ဖွဲ့စည်းထားတဲ့ စီမံကြီးကြပ်ရေးအဖွဲ့တွေကို မတွေ့ရပါဘူး။လက်နက်ကိုင်စစ်သားတွေအားကိုးပြီး သဘာဝဘေးဒဏ်သင့်ပြည်သူကို ထပ်မံဖိနှိပ်တာမျိုးတွေပဲ တွေ့နေရပါတယ်။ငလျင်ဘေးအတွက် အလှုခံတဲ့အဖွဲ့တွေ၊ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ မလိုအပ်ဘဲ ထောက်ခံစာတွေ၊ခွင့်ပြုချက်တွေယူဖို့ ရပ်ကွက်ရုံး၊ထွေအုပ်ရုံး၊ရဲစခန်း စတာတွေသွားစောင့်ရတာဟာ ဗျုရိုကရေစီဆန်ဆန် ဖိနှိပ်မှုလို့ ပြောလို့ရသလို တမင်စိတ်ပျက်ပြီး ပြည်သူကို ကယ်ဆယ်ရေးမလုပ်နိုင်အောင် နှောင့်ယှက်မှုတရပ်လည်းဖြစ်နေပါတယ်။
အနှစ်ချုပ်ပြီး သုံးသပ်ကြည့်ရမယ်ဆိုရင် စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက အာဏာဖီဆန်ရေးလုပ်ခဲ့တဲ့ ပြည်သူ့ဝန်ထမ်းအင်အားတွေနဲ့ ကျွမ်းကျင်မှုစွမ်းရည်တွေလည်း ချို့တဲ့သွားတဲ့အတွက် စစ်ကောင်စီလုပ်ငန်းတွေ ကောင်းကောင်းမလည်ပတ်နိုင်တော့တာကို တွေ့ရပါတယ်။ပုံမှန်အလုပ်တွေတောင် အခက်ကြုံနေရတဲ့ စစ်ကောင်စီဟာ အခုလို အရေးပေါ်အခြေအနေကို ဘယ်လိုမှမကိုင်တွယ်နိုင်ဖြစ်နေပါပြီ။ရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်ကို စစ်တိုက်ဖို့ တမျိုးတည်းအသုံးချလိုတဲ့အတွက် အတင်းအဓမ္မစစ်သားစုဆောင်းတာဟာလည်း ခုချိန်မှာ ကူညီကယ်ဆယ်ရေးအင်အား ရှားပါးသွားရခြင်းရဲ့ အကြောင်းအရင်း တချက်ဖြစ်တယ်။နွေဦးတော်လှန်ရေးမှာ တောခိုပြီး လက်နက်ကိုင်တော်လှန်နေတဲ့ လူငယ်ထုအင်အား၊နိုင်ငံရပ်ခြားထွက်ခွာသွားတဲ့ လူငယ်ထုအင်အား၊ရွှေ့ပြောင်းအလုပ်သမားထုအင်အားတွေကို ကျနော်တို့ထည့်တွက်မယ်ဆိုရင် အခုတခေါက်မြေငလျင်ကြီးမှာ စစ်အုပ်စုပေးတဲ့ဒုက္ခကို ပြည်သူတွေက မြေငလျင်ဒဏ်နဲ့အတူ ဆတိုးမောင်းပြန် ခါးစည်းခံလိုက်ရပါကြောင်း ဝေဖန်ဆန်းစစ်လိုက်ရပါတယ်ခင်ဗျား။
ကျော်ကိုကို