စကစ ငြိမ်းချမ်းရေးဖိုရန်နှင့် ၂၁ ရာစုပင်လုံ ပြည်ထောင်စုသဘောတူညီချက် များကံကြမ္မာ

ဇွန်လ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

စစ်အုပ်စုဖက်က ရွေးကောက်ပွဲ မီးရှူးမီးပန်းဖောက်ပြီး ငြိမ်းချမ်းရေး ဗလာကျည် အသံကျယ်ကျယ်ပစ်ဖောက်လာပါတယ်။ လက်တွေလုပ်‌လေ့ရှိ တာကတော့ စစ်ရေးဖိအားပိုပေးဖို့က နောက်ကဆက်လိုက်လာမှာပဲဖြစ်ပါတယ်။ မြန်မာတို့ပြောကျသလို ပါးစပ်က ဘုရားဘုရားဆိုရင် လက်ကကားယား ကားယား ပေါ့။ နိုင်ငံရေးစကားအရဆို ဗိုလ်နေဝင်းငြိမ်ချမ်းရေး ဖိတ်ခေါ်တာကို ပဲခူးရိုးမ ဗကပ ဗဟိုမှာ ဘယ်လိုတုံ့ပြန်မလဲဆွေးနွေးကြတော့ ရဲဘော်ဌေးက ဗိုလ်နေဝင်းက ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရေားဖို့ပဲ၊ဆိတ်သားရောင်းမှာလား၊ခွေးသားရောင်းမှာလားဆိုတာ ဈေးထဲရောက်မှ သိရမယ် ဆိုပြီး ဗိုလ်နေဝင်းငြိမ်းချမ်းရေးလှည့်ကွက်ကိုဖွင့်ချဖို လိုင်းကိုတင်ခဲ့ပါတယ်။ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းပေမယ့် မုဆိုးကဆာ စောဟန်တာသာမွှေး နဲ့အဖွဲကတော့ ကျန်ခဲ့ပါတယ်။ မုဆိုးကဆာစောဟန်တာသာမွှေးနဲ့ပက်သက်လို့ ခေတ်ပြိုင်ပုဂ္ဂိုလ်တစ်ဦး မိခါလေရော့ က မာတင်စမစ်ကို ပြောတာက သာမွှေး သူ အားအင်ကုန်ခန်းသွားတာထင်တယ်လို့ ဆိုခဲ့ပါတယ်။ ဘဝနေဝင်ချိန်၊ အင်းစိန်မြို့ရဲ့ ဘုရားကျောင်းတစ်ခုမှာ စောဟန်တာသာမွှေးက “အခုအချိန် ဟော့ဒီ ဘုရားကျောင်းနံရံမှာ စောဘဦးကြီးသာ ရှိ့နေရင် ကျွန်တော့ကို ပြုံးပြုံးကြီးကြည့်လိုနေမှာပါ” လို့သံဝေဂ စကားဆိုခဲ့ပါတယ်။

စစ်အုပ်ဟာ အထွေထွေအကျပ်အတည်းဆိုက်ချိန်ဆိုရင် ငြိမ်းချမ်းရေးထိုးစစ်ဆင်တတ်တာ သမိုင်းလက်တွေ့ဖြစ်ပါတယ်။မြန်မာစစ်သေနင်္ဂဗျူဟာကျမ်းထဲက စစ်နားတောင်းတဲ့ ဗျူဟာကျင့်သုံးလေ့ရှိ့ပါတယ်။ ၁၉၈၈ ပြီးနောက်ပိုင်း စစ်အုပ်စု အထွေထွေအကျပ်အတည်းဆိုက်ချိန်မှာ ၁၊တပ်တည်ရှိ့ခွင့်၊၂၊နယ်မြေတည်ရှိ့ခွင့်၊၃၊စီးပွားရေးလုပ်ပိုင်ခွင့်နဲ့ငြိမ်းချမ်းရေးအပေးအယူလုပ်ပြန်ပါတယ်။ အားနဲနဲရှိလာတာနဲ့ နိုင်စားလို့ရမယ်ထင်တဲ့အဖွဲ့တွေကိုတိုက်ခိုက်ပါတယ်။အချို့အဖွဲတွေ ထားရာနေ၊စေရာသွားအားအင်ချိနဲ့ ကုန်ပါတယ်။ စာရေးသူတို့မွန်ပြည်နယ်သားတွေ ဆိုးရိုးစကားအရ ငြိမ်းချမ်းရေးတစ်ခါလုပ် ၊နယ်မြေတစ်ခါကျုံ့ လိုက်လာလိုက်တာ သုံးခါလည်းပြီးရော လက်တစ်ဝါးစာ ပဲ အနိုင်နိုင်ကျန်တော့တယ် ဆိုသလိုပါပဲ။ တတိယစစ်အုပ်စု ဦးသိန်းစိန်ခေတ်မှာ သူတို့တတိယစစ်အုပ်စု(ဗိုလ်သန်းရွှေအာဏာသိမ်းစစ်အုပ်စု) ငြိမ်းချမ်းရေးလုပ်စဉ် ကတိကျွံထားတဲ့ (ရွေးကောက်တင်မြောက်ခံရတဲ့အစိုးရနဲ့ နိုင်ငံရေးစကားပြောဖို့)ဆိုတဲ့ နိုင်ငံရေးဖိအားကို ရင်ဆိုင်ရပါတယ်။ တတိယစစ်အုပ်စုက နောက်ထပ်ဆိတ်ခေါင်းတစ်လုံးချိတ်လိုက်ပြီး ငြိမ်းချမ်းရေးထိုးစစ်စလိုက်ပြန်ပါတယ်။ NCA ဆိုတဲ့အပစ်အခတ်ရပ်ဆဲရေးနဲ့တံ့သွားပါတယ်။ ထိုစဉ်က ကြားဖြတ်‌ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ KNU အဖွဲ့တို့တွေ့ကြပါတယ်။


ထိုစဉ်က မီဒီယာများကို ဗိုလ်မှုးတူးတူးလေးက ထုတ်ပြောလိုက်တဲ့စကားအပေါ်မှုတည်ပြီး ဒေါ်အောင်ဆန်းစုကြည်က NCA မထိုးဖို့ တားတယ်ဆိုပြီး ရေးသားကြပါတယ်။ ပွဲအတော်ဆူမှ NLD ဘက်ကပြန်ဖြေရှင်းတာက “ဒေါ်အောင်ဆန်းစုကြည်အမှန်တကယ်ပြောခဲ့တာက အထွေထွေ ရွေးကောက်ပွဲကာလနီးနေတဲ့ကာလဖြစ်လို့ NCA လက်မှက်ရေးထိုးတာကို ပြန်စဉ်းစားဖို့နဲ့ အလောတကြီး မဆုံးဖြတ်စေလိုပါ” လို့ပြောခဲ့တာပါဆိုပြီး ‌‌ထွက်ရှင်းပါတယ်။ NCA လက်မှက်ထိုးရာမှာ ဝင်ရောက်မထိုးတာနဲ့ပက်သက်ပြီး NCA လက်မှက်မရေးထိုးတဲအဖွဲ့တွေအများကြီး ကျန်နေသေးတာဖြစ်တဲ့အတွက် အဆိုပါအဖွဲ့တွေ မပါပဲ သူမက လက်မှက်ထိုးလိုက်ပါက အဆိုပါအဖွဲများက အမြင်တစ်မျိုးရှိလာနိုင်လို့ဖြစ်ပါတယ်လို့ ရှင်းခဲ့ပါတယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်ဆဲရေးNCA နဲ့ဝေလေလေဖြစ်နေကြတဲ့ NCA ထိုးအဖွဲ့များအတွက် ၂၁ ရာစုပင်လုံ ကျင်းပပေးလိုက်တဲ့အတွက် အသက်ရှုပေါက်ရသွားပါတယ်။ NCA ထိုးအဖွဲ့များ လူလိုသူလို နိုင်ငံရေးစကားပြောခွင့်ရတာ၊ပြည်သူကိုတင်ပြခွင့်ရတာ၊နိုင်ငံတစ်ကာရှေ့မှောက် လျောက်လွှဲခွင့်ရတာ လွတ်လပ်ပြီးခေတ်မြန်မာ့သမိုင်းမှာ ၂၁ ရာစုပင်လုံ ပဲရှိတယ်လို့မြင်မိပါတယ်။ ၂၁ ရာစုပင်လုံကနေ ပြည်ထောင်စုအဆင့်သဘောတူညီချက် National Accord တွေ ချုပ်ဆိုနိုင်ခဲ့ပါတယ်။SSR,DDR ဆွေးနွေးပြီးတဲ့နောက် ငြိမ်းချမ်းရေးစားပွဲဝိုင်းခုံကျိုးခဲရပြန်ပါတယ်။
ပြည်ထောင်စုအဆင့်သဘောတူညီချက်တွေဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတစ်ကာ သက်သေထား ချုပ်ဆိုခဲတာဖြစ်ပါတယ်။

သို့ပေမယ့်ဆရာမင်းခက်ရဲ ရေးသားတဲ့ ဂရိဒဏ္ဍာရီပုံပြင်ထဲက အပိုလိုနတ်ကွန်း၊ဒဲဖိုင်းအောရကယ် မှာ ရေးသားထားတဲ့ စာသားလိုပါပဲ။”ဘယ်ဟာမှ အလွန်အကျွံမဖြစ်စေနဲ”၊”မိမိမှာ ရှိတာထက်မပိုစေနဲ့”ဆိုတဲ့ ဒဲ့ဖိုင်းအော်ရကယ် စာတန်းနဲ့ပြောင်းပြန် ဒေါ်အောင်ဆန်းစုကြည်နဲ့အရပ်သားအစိုးရအပေါ် အလွန်အကျွံတွေဖိအားပေးခဲ့ကြပါတယ်။ ယခုဦးစိုင်းညွန့်လွင်တို့ပါတီက ဗဟိုကော်မတီဝင်တစ်ဦးကဆို မြန်မာ ISP မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပင်လုံကို အကြီးအကျယ်ဝေဖန်ခဲ့ပါတယ်။ ယခု ၂၀၂၁ စစ်တပ်ကအာဏာထပ်သိမ်းလိုက်တော့ အခြေအနေတွေအားလုံးပြောင်းလဲကုန်ပါတယ်။ဦးစိုင်းတို့ ခမျာ ငြိမ်းချမ်းရေး ပွဲစားအလုပ်ကို နိုင်ငံရေးအလုပ်လို့သဘောထားရတဲ့ဘဝအထိ (နိုင်ငံရေးတန်းဆင်းဇုန်) ရောက်သွားကြပါတယ်။ မြန်မာ ISP ကဆောင်းပါးရှင်လဲ သူ့ရဲ့ ငြိမ်းချမ်းရေး NGO ရုံးကြီး ကို စစ်အုပ်စုလုယူတာခံလိုက်ရပြီး၊နောက်ထပ် (ပွဲဆိုင်နေရတဲ့ ပွဲစားတွေ)ဖြစ်ကုန်ပါတယ်။ ယူတတ်ရင် နိုင်ငံရေးသံဝေဂပါပဲ။ ယခုစကစအခြေအနေကို နိုင်ငံတစ်ကာသိသလို၊ပြည်သူတစ်ရပ်လုံးက သိကြပါတယ်။

အထွေထွေအကျပ်အတည်းဆိုက်နေတဲ့ မင်းအောင်လှိုင်နဲ့ စတုတ္ထစစ်အုပ်စုက ဆိတ်ခေါင်းထပ်ချိတ်ပြန်ပါတယ်။ခွေး‌‌ကတက်က အလုပ်အကျွေးပြုရ၊ပြုရ ဆိုသူတွေ ဘက်အသီးသီးမှာ ရှိနေနိုင်ပါတယ်။ စကစ လုပ်တဲ့ ပထမ အကြိမ် ငြိမ်းချမ်းရေးဖိုရမ်ကထဲက NUG,NUCC,CRPH,K2C+ တွေက နိုင်ငံရေးအရ ရှင်းလင်းပြတ်သားတဲ့ သဘောထားထုတ်ပြန်တာမျိုးမတွေ့ရပါဘူး။ အဖွဲ့အစည်းသဘော ပြတ်ပြတ်သားသား သဘောထားထုတ်ပြန်တာကိုပြောတာပါ။ဘက်အသီးသီးက ဇော်မဲလုံးတွေ မျိုးစုံထွက်ပြောတာက ပေါ်လစီသဘော၊အဖွဲ့အစည်းသဘော ကောက်ယူဖို့ခက်ပါတယ်။ဆဒ္ဒန်ဟူစိန်ရဲ့ အီရတ်ပြောရေးဆိုခွင်ရှိ့သူ “ဟာသအလီ”တွေလိုပဲဖြစ်နေပါတယ်။ ပထမအကြိမ် စကစ ငြိမ်းချမ်းရေးဖိုရန်နဲ့အပြိုင်ရော၊နောက်ဆက်တွဲရော ချင်းမိုင်မှာ၊ဘန်ကောက်မှာ၊အင်ဒိုမှာ၊ဥရောပမှာ တိုးတိုးတိတ်တိတ် အသံတိတ်ဒီပလိုမေစီတွေ စိတ်နေတာ မနေ့တနေ့က အထိပါပဲ။ဘာတွေတက်ပြီး၊ဘာတွေပြောတယ် ပြောမိတဲ့ မီဒီယာကို စိတ်တွေကိုဆိုးလို့။ အစဉ်တွေပြေမနေဘူးရယ်တွေ ဖြစ်ကုန်ကျတယ်ကြားပါတယ်။ ရှင်းလင်းပြတ်သားတဲ့ ပေါ်လစီကို ပြည်သူကိုတင်ပြနိုင်ရင် အခုလို သူခိုးလူမိ အရှက်ကြီးဖြစ်စရာမလိုဘူးထင်ပါတယ်။ အခု ဒုတိယအကြိမ် စကစ ငြိမ်းချမ်းရေးဖိုရန် ပြီးရင် NUG,NUCC(သိပ်တော့မမျှော်လင့်ပါ),CRPH, K2C+ တို့ အဖွဲ့အစည်းသဘော၊(မူ) သဘော သဘောထားထုတ်ပြန်မယ်လို့တော့မျော်လင့်မိပါတယ်။ဟာသအလီတွေ ပြောတာမျိုးမဟုတ်ပါဘူး။ အဖွဲ့အစည်းသဘောပါ။

အခု ကျင်းပနေတဲ့ စကစ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဖိုရန် အင်တာဗျူးတွေအရ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို
(၁) က ပြန်စဖို့၊အသစ်ကပြန်စဖို့ ဆိုတဲ့ ပြောကြားသံစကကြားရပြီးဖြစ်ပါတယ်။

ဒါဟာ ၂၁ ရာစုပင်လုံအစည်းအဝေးရဲ့တူတူတန်တန် နိုင်ငံရေးရလာဒ်ဖြစ်တဲ့ “ပြည်ထောင်စုအဆင့် သဘောတူညီချက်”
တွေကို ဖျက်သိမ်းလိုက်ဖို့ တာဆူ နှပ်ကြောင်းပေးလာတာလည်းဖြစ်နိုင်ပါတယ်။

၂၁ ရာစုပင်လုံကရှိထားတဲ့ ပြည်ထောင်စုအဆင့်သဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ ယခု စကစ ငြိမ်းချမ်းရေးဖိုရန်က အာမမခံဘူးလို့ ယူဆစရာရှိလာပါတယ်။

၂၁ ရာစုပင်လုံက ရရှိ့ထားတဲ့ ပြည်ထောင်စုအဆင့်သဘောတူညီချက် တွေရဲ့ အခန်းကဏ္ဍ ကို ဘယ်လို ပေါ်လစီရှိထားတယ်ဆိုတာ
-စစ်အုပ်စုလဲ တစ်ခုခုပြောရမှာပါ။
-NCA ထိုး EROS တွေလဲတစ်ခုခုပြောရမှာပါ။
-သက်သေလိုက်ထားတဲ့ နိုင်ငံတစ်ကာကလဲ တစ်ခုခုပြောရမှာပါ။
-နိုင်ငံရေးပါတီတွေကလဲ တစ်ခုခုပြောရမှာပါ။
-NUG,NUCC,CRPH, K2C+ တွေကလဲ တစ်ခုခုပြောရမှာပါ။

ဘယ်သူမှ အသံမထွက်ကျရင်တော့ ဒေါ်အောင်ဆန်းစုကြည် လက်နဲ့‌ရေးထားတဲ့၂၁ ရာစုပင်လုံညီလာခံရလာဒ်၊ပြည်ထောင်စုသဘောတူညီချက်တွေ ကို ဘက်အသီးသီးက ခြေနဲ့ဖျက်ဖို့ ကြိုးစားကြတာပါပဲ။ ကံ၊ကံ ၏အကျိုး အတွက် အကြောင်းရှိကြမှာပါပဲ။

စိမ်းမောင်

By admin

Leave a Reply

Your email address will not be published. Required fields are marked *