အာဇာနည်တို့ မျှော်ရည်ချက် လူထုအားနဲ့ ဆက်ချီတက်
[၇၈နှစ်ပြည့် အာဇာနည်နေ့ (၁၉ ဇူလိုင်) လှုပ်ရှားမှု]
ဇူလိုင်ရဲ့ မိုးရေစက်တွေနဲ့ အတူ …
ဇူလိုင်လဟာ ကြေကွဲဖွယ်ရာတွေရဲ့ လတလဖြစ်ပါတယ်။ ကျောင်းသားတွေ သွေးမြေခခဲ့ရတဲ့ ၇ ဇူလိုင်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ရဲဘော်၉ဦး လုပ်ကြံခံခဲ့ရတဲ့ ၁၉ ဇူလိုင်၊ ကိုဂျင်မီ ကိုဇေယျာသော်တို့အပါအဝင် ရဲဘော် ၄ဦးကို စစ်အုပ်စုက တရားလက်လွှတ် သတ်ဖြတ်ခဲ့တဲ့ ၂၃ ဇူလိုင် … စသဖြင့်။ ခေတ်အဆက်ဆက် လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနဲ့ တန်းတူညီမျှရေးတို့အတွက် အသက်ကို စတေး တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်အပေါင်းရဲ့ ဂုဏ်ဟာ ကျနော်တို့ ဖြတ်သန်းနေကြရတဲ့ နွေဦးခရီးရှည်ရဲ့ မောင်းနှင်အားတခုပဲဖြစ်ပါတယ်။ လာမယ့် ဇူလိုင်လ ၁၉ရက်နေ့ (အာဇာနည်နေ့)မှာ ပေးဆပ်သူ အပေါင်းရဲ့ ဂုဏ်ရည်ကို မျှော်မှန်းကာ အလေးအမြတ်ပြုကြမှာဖြစ်ပါတယ်။ မိမိတို့ နေထိုင်ရာ မြို့အသီးသီး၊ နေရာအသီးသီးမှာ ရှိကြတဲ့ အာဇာနည်အထိမ်းအမှတ်နေရာတွေမှာ စုဝေးပြီး အာဇာနည်တွေကို အလေးအမြတ်ပြုကြမယ်။ ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရတဲ့ ၁၀နာရီ ၃၇ မိနစ်မှာ ကားဟွန်းတီးသံတွေ၊ ဥသြသံတွေနဲ့ ဝမ်းနည်းမှု ထုတ်ဖော်ပြသကြမယ်။ အာဇာနည်နေ့နဲ့ ပက်သက်တဲ့ အမှတ်တရတွေ ဖြစ်ရပ်တွေ အထင်ကရ သမိုင်းသင်ခန်းစာတွေ ဟောပြောကြမယ်၊ မျှဝေကြမယ်။ နွေဦးတော်လှန်ရေးအပါအဝင် ခေတ်အဆက်ဆက် တော်လှန်ရေးခရီးရှည်အတွင်းမှာ ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်ရဲဘော်တွေအကြောင်းလည်း ပြန်လည်ထုတ်ဖော်ကြမယ်။
မင်းအောင်လှိုင်နဲ့ အပေါင်းအပါ စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ အာဇာနည်တွေ ယုံကြည်မျှော်လင့်ခဲ့ကြတဲ့ တန်းတူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာနဲ့ ပြဒါးတလမ်း သံတလမ်း ဖြစ်ပါတယ်။ နိုင်ငံတော်သစ်နဲ့ လူထုရဲ့ လွတ်လပ်တဲ့ အနာဂတ်အသစ်အတွက် အဟန့်အတားဖြစ်နေတဲ့ စစ်အုပ်စုကို အမြစ်ဖြတ်ခြေမှုန်းဖို့ရာ လူထုအားနဲ့ အဆုံးထိ တိုက်ပွဲဆင် အောင်ပွဲဝင်နိုင်ဖို့လိုအပ်ပါတယ်။ စစ်ကျွန်ပြုမှုကို သက်ဆိုးရှည်စေပြီး စစ်အမှောင်အရိပ်မည်းတွေ တိုင်းပြည်အပေါ် အဆုံးထိ စိုးမိုးထားနိုင်ဖို့ သူတို့ ပြင်ဆင်နေကြတဲ့ (အတုအယောင်)ရွေးကောက်ပွဲ ဆိုတာကလည်း တိုင်းပြည်နဲ့ လူထုအတွက် ထောင်ခြောက်တခုမျှသာဖြစ်ပါတယ်။ အဆုံးသတ်မှာ စစ်အုပ်စုနဲ့တကွ အပေါင်းအပါတွေအားလုံးကို အမြစ်ဖြတ်ခြေမှုန်းပြီး ပြည်ထောင်စုသစ် တည်ဆောက်ရေးဟာ လူမျိုးပေါင်းစုံပြည်သူအားလုံးရဲ့ ဘုံရည်မှန်းရာ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။ ဇူလိုင်ရဲ့ မိုးရေစက်တွေနဲ့ အတူ … မျက်ရည်စက်များနဲ့ အတူ …
လွတ်လပ်မှု၊ တန်းတူမှု၊ တရားမျှတမှု တို့ တည်ရာ နိုင်ငံတော်သစ်ချီရာလမ်းမှာ ကြီးမြတ်သော ပေးဆပ်သူအပေါင်းရဲ့ ဂုဏ်ကို မျှော်ရည်ရင်း အာဇာနည်နေ့ (၁၉ ဇူလိုင်) လှုပ်ရှားမှုမှာ ကျနော်တို့ အားလုံး အတူတကွ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
#19JulyPeopleMovement
#အာဇာနည်နေ့