ဂျာမဏီနှစ်နိုင်ငံပေါင်းစည်းပြီးနောက် အင်္ဂလန်သည် ဥရောပ ကုန်းမမှ ခတ်ခွာခွာနေလာခဲ့သည်။စစ်အေးခေတ်ပြီးသည့်နောက် သမိုင်းတစ်လျောက် ဥရောပဇာတ်ခုံ၏ ဟန်ချက်ထိမ်းနေရာကို ရောက်ရှိလာတတ်သော ရုရှားသည် ယခုအခါ အဆိုပါနေရာသို့ ပြန်ဝင်လာသည့်သဘောဖြစ်နေသည်။ ရောမအင်ပါယာနှစ်ခြမ်းကွဲပြီးနောက် ကွန်စတီနိုပို အခြေပြု့ အရှေ့ရောမအင်ပါယာနှင့် အီတလီအခြေပြုအနောက်ရောမအင်ပါယာဟူ၍ နှစ်ခြမ်းကွဲသွားသည်။ထို့အတူသာသနာသည်လည်း အရှေ့ရောမသာသနာနှင့် အနောက်ရောမသာသနာဟူ၍ ကွဲသွားသည်။ အနောက်ရောမသာသနာသည် ဗာတီကန်ကို ဗဟိုပြုပြီး ကတ်သလစ်သာသနနယ်များကို စီမံအုပ်ချုပ်သည်။အရှေ့ရောမသာသနာသည်လည်း ရှေးရိုးစွဲ အော်တိုဒေါ့ ခရစ်ယန်သာသနာအဖြစ် သာသနနယ်များကို စီမံအုပ်ချုပ်သည်။ အနောက်ရောမအင်ပါယာသည် ဥရောပမှ လူမျိုးစုံများ၏ အစဉ်အမြဲတိုက်ခိုက်မှုကိုခံနေရ၍ အားပျော့သွားပြီးနောက် သာသနာစောင့် အနောက်ရောမအင်ပါယာမှာ ဗာတီကန်ကျောင်းတော်၏ အထိမ်းအမှတ်အဖြစ်သာ အစဉ်အလာသဘောဆက်လက်ထိမ်းသိမ်းထားရသည့် အခြေအနေရောက်ရှိသွားသည်။ ဥရောပမင်းများသည်လည်း သာသနာစောင့် အင်ပါယာအစဉ်အလာကို ရိုသေလိုက်နာကြပြီး ကျောင်းတော်မှ သာသနာစောင့်အင်ပါယာအဖြစ် အသိအမှတ်ပြု့ပေးခြင်းကို တက်မက်လိုလားကြသည်။ဤတွင် ကျောင်းတော်၏ ဩဇာသည် အထိုက်အလျောက် အနောက်ရောမသာသနာ အုပ်ချုပ်သည့် နယ်များတွင် ကျန်နေဆဲဖြစ်သည်။ အရှေ့ရောမသာသနာမှာလည်း ကွန်စတီနိုပိုကို အော်တိုမာန်အင်ပါယာမှ သိမ်းပိုက်လိုက်သည့်အတွက် အရှေ့ဥရောပနှင့်ဘော်လကန်ဒေသများသို့ ပြောင်းရွေ့သွားပြီး ရုရှားသည် အရှေ့ရောမသာသနာစောင့် အင်ပါယာအဖြစ် ခံယူသွားခဲ့သည်။ အနောက်ရောမသာသနာ၏ ဥရောပ ချယ်လှယ်ရေးနှင့်ထီးနန်းဆက်ခံရေး ဝင်ရောက်စွတ်ဖက်မှုကို ဆန့်ကျင်လာကြသည်တွင် သာသနာစောင့်ဗာတီကန်တပ်များ၊ဩဇာခံမင်းများ၏တပ်များနှင့်အာခံသည့် မင်းများကြားစစ်ပွဲများဖြစ်ပွားခဲကြသည်။
——————————————
ဇူလိုင်လ ၃၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဒုတိယကမ္ဘာစစ်ဖြစ်ရခြင်းအကြောင်းစာအုပ်ကို ချာချီရေးသားပြီး မောင်ချစ်ပန်မှ မြန်မာဘာသာသို့ ပြန်ဆိုသော စာအုပ်ကို အဟောင်းတန်းမှ မိတ်ဆွေများ လမ်းညွန်ရောင်းချပေးသည့်အတွက် ဖတ်ခွင့်ရခဲ့ဖူးပါသည်။ ပထကမ္ဘာစစ်အပြီး ချုပ်ဆိုသော ဗာဆိုင်းနန်းတော်တစ်ဖက်သတ်စာချုပ်ကြောင့် ဂျာမဏီနှင့်တစ်နေ့စစ်ပြန်ဖြစ်လိမ့်မည်ဖြစ်ကြောင်း တွက်ချက်ပြပြီး အင်္ဂလန်နှင့်မဟာမိတ်များ ကြိုတင်စစ်ပြင်ဆင်ထားရန်နိုးဆော်ခဲ့သော သူ့အယူအဆမှန်ကန်ကြောင်း သက်သေပြသွားသည်။အဆိုပါစာအုပ်တွင် ဒုတိယကမ္ဘာစစ်အတွင်း ဗာတီကန်၏ အထောက်အပံ့နှင့်တည်ထောင်လည်ပတ်နေသော ကက်သလစ်နိုင်ငံအချို့ရှိ တပ်မများကို အသုံးပြု့ရန် ဗာတီကန်မှ ခွင့်ပြု့ခဲသည်ဆိုသည့် အကြောင်းကို လည်း ပထမအကြိမ်အဖြစ် ဖတ်မိသိရှိရသည်။ ဥရောပနိုင်ငံသစ်များပေါ်ထွက်လာစေပြီး မြင့်မြတ်သော ရောမအင်ပါယာကျဆုံးစေခဲ့သည့် နှစ် ၃၀ ဘာသာရေး နှင်းဆီစစ်ပွဲ၏ စနစ်တံကို မီးစတို့ခဲ့သော ဂျာမာန်မင်းသားအုပ်ချုပ်ခံနယ်များကို ကျောင်းတော်မှ မေ့လျော့မည်မဟုတ်သည်မှာ သေချာနေသည်။ ပထမကမ္ဘာစစ်ကာလများသည် ဥရောပ မင်းဆွေမင်းမျိုးတို့၏ စစ်ပွဲဟုပင် သက်မှတ်ရမလိုဖြစ်နေသည်။ဥရောပထီးနန်းအားလုံးလိုလိုအား အင်္ဂလန် ဝိတိုရိယဘုရင်မကြီး၏ သား၊သမီး၊မြေး၊မြစ်များ တစ်သီကြီးနှင့်ပေးစားထားသည့် အတွက် ဝိတိုရိယခေတ်ဟုခေါ်ကြသော အဆက်ဖြစ်နေသည်။ မြန်မာပြည်နှင့်နီးစပ်သော အရှေ့တောင်အာရှ စစ်သေနာပတိချုပ် မောင့်ဘက်တန်သည် ငယ်စဉ်က ဦးလေးတော်စပ်သူ ရုရှားဇာဘုရင်နန်းတော်သို့ သွားရောက်လည်ပတ်ခဲ့ပြီး ဇာဘုရင် သမီးတော်လေးနှင့် အီစီကလီဖြစ်ခဲ့ကာ မိဘများနှင့်ဦးရီးတော်တို့မှ တားမြစ်ပုံကို သူ၏ အတ္ထုပ္ပတိစာအုပ်တွင် တစ်လွမ်းတစ်ဆွေး ပြန်လည်ရေးသား ထားသည်။ မောင့်ဘက်တန်တို့၏ အမျိုးများကား ဂျာမာန် ကိုင်ဇာအပါအဝင် ဥရောပထီးနန်းတစ်ခုလုံး လိုလို ဖြစ်နေသည်။သူတို့ အမျိုးအချင်းချင်း စစ်ဖြစ်ကြ၊မဟာမိတ်တွေဖြစ်ကြနှင့် ပထမကမ္ဘာစစ်တွင် လူသန်း ၂၀ ကျော်သေဆုံးခဲ့ကြရသည်။ ပထမကမ္ဘာစစ်မတိုင်မီ ရှေ့တွင်ဖြစ်ပွားခဲ့သော နပိုလီယံစစ်ပွဲများကာလအတွင် နပိုလီယံမှာ ဥရောပတစ်တိုက်လုံးနီးပါးထိမ်းချုပ်ထားနိုင်သည့် အခြေအနေရောက်ခဲ့သည်။ဥရောပအား ဩဇာဖြင့်ထိန်းချုပ်လာနိုင်သည့် အချိန်တွင် သူ၏ ပြိုင်ဖက် အင်္ဂလန်အားနည်းသွားစေရန် (ကွန်တီနင်တယ်လော) ကို ထုတ်ပြန်ခဲ့သည်ဟု ဆရာထွန်းသစ်ဘာသာပြန်ဆိုသည့် နပိုလီယံ စာအုပ်မှလေ့လာရသည်။
အဆိုပါဥပဒေမှာဥရောပကုန်းမကြီးပေါ်မှ နိုင်ငံများအားလုံး အင်္ဂလန်နှင့် ကုန်သွယ်မှု့မပြု့လုပ်ရန်တားမြစ်သည့် ဥပဒေဖြစ်သည်။ပင်လယ်ပြင်တွင်ဖြစ်စေ၊အခြားကုန်သွယ်မှု့လမ်းကြောင်းများတွင်ဖြစ်စေ အင်္ဂလန်နှင့်ကုန်သွယ်မှုပြု့မည့် မည်သည့် နိုင်ငံမှ ကုန်တင် သင်္ဘော မဆို ပြင်သစ်မှ တားဆီးမည့် ဥပဒေဖြစ်သည်။ သို့ရာတွင် အင်္ဂလန်သည်တစ်ကမ္ဘာလုံးတွင် ကျယ်ပြန့်သောကိုလိုနီနယ်များကို ပိုင်ဆိုင်ထား၍ နပိုလီယံ၏ စီးပွားရေးပိတ်ဆို့မှုကို ခံနိုင်ခဲ့သည်။ရေကြောင်းတိုက်ပွဲတွင် ပြင်သစ်တို့စတင်ရှုံးနိမ့်ပြီးသည့်နောက် အရှုံးဆက်လာကာ နပိုလီယံ ကစားကွင်းမှ ထွက်သွားခဲ့ရသည်။ပထမကမ္ဘာစစ်တွင် ကိုင်ဇာဘုရင် အရာကျသွားသည့် အတွက် မြင့်မြတ်သော သာသနာစောင့်ရောမအင်ပါယာဆီဇာအမွေခံတစ်ဦးပြုတ်သွားသည်။တစ်ဖန် ရုရှားတော်လှန်ရေးကို အကြောင်းပြု၍ ရုရှား ဇာ ဘုရင်မှာလည်းပြုတ်သွားသည်။ပထမကမ္ဘာစစ်အတွင်း ဂျာမဏီရှုံးနိမ့်မှုနှင့်ကိုင်ဇာဘုရင်ပြုတ်ကျသွားသည့်အတွက် ဂျာမဏီ၏ အင်ပါယာအိမ်မက် တစ်ခန်းရပ်သွားသည်။ ထို့နောက် ဟစ်တလာမှ နိုင်ငံရေးအောင်မြင်မှု ရလာပြီးနောက် ရောမအလေးပြုပုံနှင့်ရောမအင်ပါယာ အခင်းအကျင်းများဖြင့် နာဇီပါတီ၏ အခန်းအနားများကို ကြီးကျယ်စွာ ပြုလုပ်ခဲ့သည်။ဂျာမဏီသည် ရောမအင်ပါယာ ဆီဇာအမွေခံ အဆင့်အတန်းပင်ဖြစ်ကြောင်း ဥရောပကို တစ်ဖန်ခြိမ်းခြောက်ခဲ့ပြန်သည်။ဒုတိယကမ္ဘာစစ်တွင်လည်း ဂျာမဏီအရေးနိမ့်ပြီးနောက် ကစားကွင်းမှ ထွက်ရပြန်သည်။ ကမ္ဘာစစ်ကြီးနှစ်ခုအတွင်း ကျည်တစ်တောင့်မှ မကျခဲသော အမေရိကန်သည် စစ်ကြီးအတွင်းဈေးရောင်းပြီး စူပါပါဝါဖြစ်လာသည်။မြောက်အတ္တလန်းတစ်စစ်စာချုပ်(နေတိုး)၊မာရှယ်စီမံကိန်းများဖြင့် ဘယ်သူအကောင်လဲပြခဲ့သည်။ဆိုဗီယက်ရုရှားမှာလည်း အကောင်တစ်ကောင်ဖြစ်လာ၍ ဝင်ရိုးတန်းစူပါပါဝါနှစ်ခုအားပြိုင်မှု့စစ်အေးကာလကြီး တစ်ခုကို ဖြတ်သန်းခဲ့ကြသည်။စစ်အေးခေတ်ပြီးဆုံးပြီးနောက် ဥရောပတွင် ပြန်လည်ပေါင်းစည်းထားသော ဂျာမာန်သည် လက်ရှိ ဥရောပသမဂ္ဂတွင် ပြင်သစ်နှင့်အပြိုင် ဝင်ရိုးတန်းပါဝါပြန်ဖြစ်လာသည်။
ဂျာမဏီနှစ်နိုင်ငံပေါင်းစည်းပြီးနောက် အင်္ဂလန်သည် ဥရောပ ကုန်းမမှ ခတ်ခွာခွာနေလာခဲ့သည်။စစ်အေးခေတ်ပြီးသည့်နောက် သမိုင်းတစ်လျောက် ဥရောပဇာတ်ခုံ၏ ဟန်ချက်ထိမ်းနေရာကို ရောက်ရှိလာတတ်သော ရုရှားသည် ယခုအခါ အဆိုပါနေရာသို့ ပြန်ဝင်လာသည့်သဘောဖြစ်နေသည်။ ရောမအင်ပါယာနှစ်ခြမ်းကွဲပြီးနောက် ကွန်စတီနိုပို အခြေပြု့ အရှေ့ရောမအင်ပါယာနှင့် အီတလီအခြေပြုအနောက်ရောမအင်ပါယာဟူ၍ နှစ်ခြမ်းကွဲသွားသည်။ထို့အတူသာသနာသည်လည်း အရှေ့ရောမသာသနာနှင့် အနောက်ရောမသာသနာဟူ၍ ကွဲသွားသည်။ အနောက်ရောမသာသနာသည် ဗာတီကန်ကို ဗဟိုပြုပြီး ကတ်သလစ်သာသနနယ်များကို စီမံအုပ်ချုပ်သည်။အရှေ့ရောမသာသနာသည်လည်း ရှေးရိုးစွဲ အော်တိုဒေါ့ ခရစ်ယန်သာသနာအဖြစ် သာသနနယ်များကို စီမံအုပ်ချုပ်သည်။ အနောက်ရောမအင်ပါယာသည် ဥရောပမှ လူမျိုးစုံများ၏ အစဉ်အမြဲတိုက်ခိုက်မှုကိုခံနေရ၍ အားပျော့သွားပြီးနောက် သာသနာစောင့် အနောက်ရောမအင်ပါယာမှာ ဗာတီကန်ကျောင်းတော်၏ အထိမ်းအမှတ်အဖြစ်သာ အစဉ်အလာသဘောဆက်လက်ထိမ်းသိမ်းထားရသည့် အခြေအနေရောက်ရှိသွားသည်။ ဥရောပမင်းများသည်လည်း သာသနာစောင့် အင်ပါယာအစဉ်အလာကို ရိုသေလိုက်နာကြပြီး ကျောင်းတော်မှ သာသနာစောင့်အင်ပါယာအဖြစ် အသိအမှတ်ပြု့ပေးခြင်းကို တက်မက်လိုလားကြသည်။ဤတွင် ကျောင်းတော်၏ ဩဇာသည် အထိုက်အလျောက် အနောက်ရောမသာသနာ အုပ်ချုပ်သည့် နယ်များတွင် ကျန်နေဆဲဖြစ်သည်။ အရှေ့ရောမသာသနာမှာလည်း ကွန်စတီနိုပိုကို အော်တိုမာန်အင်ပါယာမှ သိမ်းပိုက်လိုက်သည့်အတွက် အရှေ့ဥရောပနှင့်ဘော်လကန်ဒေသများသို့ ပြောင်းရွေ့သွားပြီး ရုရှားသည် အရှေ့ရောမသာသနာစောင့် အင်ပါယာအဖြစ် ခံယူသွားခဲ့သည်။ အနောက်ရောမသာသနာ၏ ဥရောပ ချယ်လှယ်ရေးနှင့်ထီးနန်းဆက်ခံရေး ဝင်ရောက်စွတ်ဖက်မှုကို ဆန့်ကျင်လာကြသည်တွင် သာသနာစောင့်ဗာတီကန်တပ်များ၊ဩဇာခံမင်းများ၏တပ်များနှင့်အာခံသည့် မင်းများကြားစစ်ပွဲများဖြစ်ပွားခဲကြသည်။
အဆိုပါစစ်ပွဲများအတွင်းမှ အခြေအနေစောင့်ကြည့်နေသော ပြင်သစ်သည် အရှေ့ရောမသာသနာနှင့်ပူးပေါင်း၍ ဗာတီကန်၏ အရှိန်ဩဇာကို ဖြိုချလိုက်သည်။ ဗာတီကန်၏ သာသနာစောင့်ရောမအင်ပါယာသည် ပရိုတက်စတင့်သာသနာလှုပ်ရှားမှု့ပေါ်ထွက်လာပြီးသည့်နောက် နိုင်ငံရေးအားပြိုင်မှုများအရှိန်ပိုမြင့်လာခဲ့သည်။ ဘုရားသခင်နှင့်လူသား တိုက်ရိုက်ဆက်သွယ်ပိုင်ခွင့်ရှိသည်ဆိုသည့် အသင်းတော်လှုပ်ရှားမှုများသည် ထီနန်းအမွေဆက်ခံမှုနှင့်လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဗာတီကန်၏ ချုပ်ချယ်မှု့ကို ကျော်လွားရန်နိုင်ငံရေးလက်နက်တစ်ခုဖြစ်လာခဲ့သည်။ဂျာမာန်မင်းသားအုပ်ချုပ်ခံနယ်များနှင့်အသင်းတော်များ ပူးပေါင်းမိလာသည်မှ စတင်၍ ဥရောပ နှစ် ၃၀ နှင်းဆီစစ်ပွဲစတင်လာခဲ့သည်။ စစ်ပွဲအပြီး အားကုန်ခန်းသွားသော ကျောင်းတော်နှင့်စစ်မက်နိုင်ငံများအကြား ဝတ်စဖေးလီးယား သဘောတူစာချုပ်ဖြင့်စစ်ပြေငြိမ်း၍ ဥရောပအစီအစဉ်အသစ်တစ်ခုစတင်လာခဲ့သည်။ ဝတ်စဖေးလီးယားစနစ်သည်လည်း နပိုလီယံစစ်ပွဲများနှင့်ကမ္ဘာစစ်ကြီးများ ကာလများတွင် ရပ်ဆိုင်းနေလေ့ရှိပြီး ရုရှား၏ ဟန်ချက်ထိမ်းမှု့သည် ဥရောပဇာတ်ခုံသို့ဝင်ရောက်လာလေ့ရှိတတ်သည့် အစဉ်အလာကို ဖြစ်ပေါ်စေခဲ့သည်။ သံတမာန်ကဝေကြီး ဟင်နရီကစ်ဆင်းဂျား၏ World Order ကမ္ဘာ့အစီအစဉ်စာအုပ်မှာ မိမိတို့ဂျာနယ်လစ်များအပေါ်တွင်သာမက ပညာတတ်အသိုင်းအဝိုင်းပေါ်တွင်ပါ ဩဇာလွမ်းမိုးသည်ကို သတိပြုမိသည်။ မိမိတို့အနေဖြင့် ကစ်ဆင်းဂျား၏စာအုပ်အားကြိုက်နှစ်သက်သော်လည်း မိုးကုတ်စက်ဝိုင်းကို အခြား မျက်မှန်ဖြင့်တတ်ကြည့်
ထားဖူး၍ သူ၏ သောသုဇန ဖြစ်သွားရန်အခုအခံရှိနေမည်ပင်ဖြစ်သည်။သို့သော် အမေရိကန်ဟားဗတ်စကူးဂိုဏ်းသားဖြစ်သွားသူတို့အပေါ်တွင် လမ်းညွန်စာအုပ် ဖြစ်ကောင်းဖြစ်နေမည်ဖြစ်သည်။
သံတမာန်ကဝေကြီး ဟင်နရီကစ်ဆင်းဂျား၏ ကမ္ဘာ့အစီအစဉ်ကရရှိသည့် အယူအဆမှာ
-ကမ္ဘာအစီအစဉ်တွင် ဥရောပဟန်ချက်နှင့်ဟန်ချက်ပြန်လယ်ချိန်ညိ့ရန် ရုရှား လိုအပ်သည်။
-တရုတ်သည်လည်း ကမ္ဘာ့အစီအစဉ်တွင် သူ့ဒေသနှင့်သူ ရှိနေမည်ဖြစ်သည်။
-အစ္စလန်ကမ္ဘာသည်လည်း သူ့အစီအစဉ်နှင့်သူရှိနေမည်ဖြစ်သည်။
အမေရိကန်သည် အဆိုပါ အစီအစဉ် သုံးခုတွင် ဥရောပဟန်ချက်အတွက် ချိန်ညှိ့ရန် ဖြစ်သည်ဟု နားလည်မိ့သည်။( မှက်ချက် ။ ရှိ့ထားသည့် ဗဟုသုတ အနည်းငယ်ဖြင့် ယူဆချက်ထုတ်ခြင်းဖြစ်၍ ”မပြည့်သည့်အိုးဘောင်ဘင်ခတ်သည်”ဟုသာ ယခုဆောင်းပါရေးသူအား နားလယ်ပေးပါရန်)ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာနှစ်ခုအစီအစဉ်ကို အမေရိကန်နှင့်ဆိုဗီယက်တို့ဦးဆောင်ချမှတ်ခဲ့ကြခြင်းဖြစ်သည်။
တရုတ်၊အိန္ဒိယနိုင်ငံများမှ ကမကထလုပ်ပြီး တတိယကမ္ဘာဖြင့် စုဖွဲ့ကြသည်။ကမ္ဘာနှစ်ခု အစီအစဉ်ပျက်ပြီးသည့်နောက် အမေရိကန်နှင့် ရုရှား တို့သည် တစ်ကိုယ်ကျဲ လုပ်ကိုင်မှုများကာလကိုဖြတ်သန်းနေကြရသည်။ ယခုအခါ အမေရိကန်သည် ကမ္ဘာနှစ်ခုအစီအစဉ်ကို အင်ပါယာအယူအဆဖြင့် ပြန်လယ်ပုံစံချရန် ရှိနေပြီလား မှန်းဆချက်ထုတ်ကြည့်သည်။ လက်ရှိယူကရိမ်းစစ်ပွဲများနှင့်အမေရိကန်ကန်၊ရုရှား၊ဥရောပ ဖြစ်စဉ်များကို မီဒီယာတင်ဆက်မှုများမှ လူအများစုလေ့လာသိရှိနေကြပြီဖြစ်သည်။ပထဝီနိုင်ငံရေးအယူအဆမျိုးစုံဖြင့်လည်း ရှင်းလင်းတင်ပြနေကြသည်။ဥရောပ ဟန်ချက်အလှည့်အပြောင်းနှင့်ကမ္ဘာ့ ဟန်ချက်အလှည့်အပြောင်းတို့ ဆက်တိုက်ဖြစ်ပေါ်နေသည်ကို တွေ့မြင်နေကြရသည်။ ထိုသို့ ကမ္ဘာ့အခင်းအကျင်းရှုတ်ရှုတ်ထွေးထွေးကြီးထဲတွင် မြန်မာနိုင်ငံနှင့်ပက်သက်လာသည့် ကမ္ဘာ့ကိစ္စများကလည်း ဝင်ရောက်လာနေသည်ကို သတိပြုမိသည်။ ယခုရုရှားသို့ ခရီးသွားနေသော စကစ မင်းအောင်လှိုင်၏ ခရီးစဉ်မတိုင်မီ ရုရှားအော်သိုဒေါ့(အရှေ့ရောမသာသနာ)၏ စင်ကာပူ သာသနာနယ်ပိုင်နှင့်မြန်မာစကစ သာသနာရေးဝန်ကြီးဌာနတို့ သာသနာပြု့လုပ်ငန်းများဆောင်ရွက်ခွင့် နားလည်မှုစာချုပ်ချုပ်ဆိုသွားခြင်းဖြစ်သည်။ အဆိုပါစာချုပ်ချုပ်ဆိုသည့် လပိုင်းအတွင်း စစ်ကိုင်းတိုင်း ရွေဘိုမြို့နယ်ရှိ့ ကက်သလစ်( အနောက်ရောမသာသနာ)ဘုန်းတော်ကြီးတစ်ပါး လုပ်ကြံသတ်ဖြတ်ခံရသည့် ကိစ္စသည်လည်းပေါ်ထွက်လာခဲ့သည်။ ထိုကာလအတွင်း ကျမ်းမာရေးအခြေအနေဆိုးရွားနေသော ဗာတီကန်ပုတ်ရဟန်းမင်းကြီးနေရာတွင် အစားထိုးဆက်ခံရန် ရွေးချယ်ခံသာသနာနယ်ပိုင် ကာဒီနယ်များရာထားစာရင်းတွင် မြန်မာနိုင်ငံသာသနာနယ်ပိုင် ကာဒီနယ် ချားလ်မောင်ဘို့စ် သည်လည်း ပါဝင်နေကြောင်းသတင်းများ တွေ့ရသည်။ ထိုနောက် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွင် ရုရှားအား သင်္ဘောဆိပ်တစ်ခု တည်ဆောက်ခွင့်နှင့်လောင်စာနှင့်သံမဏိလုပ်ငန်း များလုပ်ကိုင်ရန် စာချုပ်တစ်ခု ချုပ်ဆိုခဲ့သည်ကိုတွေ့ရသည်။ထို့နောက် စကစ မင်းအောင်လှိုင် ၏ ရုရှားခရီးစဉ်လည်း ပေါ်ထွက်လာသည်။
မြန်မာနိုင်ငံကိုလိုနီလက်အောက်မကျရောက်မည်ကာ မြန်မာနိုင်ငံအောက်ပိုင်းသို့ သာသနာပြုများဝင်ရောက် သာသနာပြုခွင့်ရခဲ့ကြောင်းသမိုင်းမှတ်တမ်းများက ဖော်ပြနေသည်။ မြန်မာနိုင်ငံသို့ ပေါ်တူဂီတို့ ရှေးဦးစွာခြေချခဲ၍ ဗာရင်ဂျီသာသနာမှာ ရှေးဦးစွာ သာသနာပြုခွင့်သာခဲ့သည်ဟုဆိုရမည်ဖြစ်သည်။ထို့နောက်မြန်မာနိုင်ငံသည် အင်္ဂလိပ်နှင့် ၃ ကြိမ်စစ်ဖြစ်ပြီးနောက် ကိုလိုနီလက်အောက်ကျရောက်ခဲ့သည်။အင်္ဂလိပ်ကိုလိုနီနယ်များဖြစ်သည့်အိန္ဒိယနှင့်မြန်မာနိုင်ငံ၏ သွားလာရခက်ခဲသည့် ဒေသလူမျိုးစုများအတွင်း အမေရိကန်သာသနာပြု မစ်ရှင်များ သည် ပိုမိုအောင်မြင်မှုရခဲ့သည်။ မြန်မာနိုင်ငံ၏ ၂၀၀၈ နိုင်ငံရေးကာလတစ်ဖြတ်တွင် မြန်မာနိုင်ငံသို့ ပုတ်ရဟန်းမင်း လာရောက်ခဲ့သလို၊မြန်မာနိုင်ငံနှင့်ဗာတီကန်သံတမာန်အဆက်အသွယ်ထူထောင်ဖြစ်ခဲ့ကြသည်။မြန်မာနိုင်ငံမှ ဘုန်းတော်ကြီးချားလ်မောင်ဘို့စ် အားလည်းသာသနာနယ်ပိုင် ကာဒီနယ်အဖြစ် ခန့်အပ်ခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ဗာတီကန်၏သာသနာနယ်၊အမေရိကန်အသင်းတော်မစ်ရှင်များ နှင့်နိုင်ငံတစ်ကာ အသင်းတော်မစ်ရှင်များ ရှိထားရာမှ ယခု စကစ မင်းအောင်လှိုင်မှ အော်တိုဒေါ့(ရှေးရိုးစွဲခရစ်ယာန်)သာသနနယ် ဖွင့်လှစ်ရန် ၎င်း၏ ရုရှားနိုင်ငံခရီးစဉ်မတိုင်မည်ခွင့်ပြုလိုက်သည်ကိုတွေ့ရသည်။ ရုရှား၏ အရှေ့မျှော်ပေါ်လစီ(Look East Policy)သည် ဒေသတွင်း အမေရိကန်နှင့်တရုတ်ပြိုင်ပွဲကြားတွင် ဟန်ချက်ထိမ်းညှိ့ရေးဖြစ်သည်ဟုဆိုသည်။အဆိုပါ ရုရှားပေါ်လစီ၏ အရှေ့တောင်အာရှနှင့်တောင်အာရှ ဝင်ပေါက် မုဒ်ဦးသည် မြန်မာနိုင်ငံဖြစ်ကြောင်း ရေးသားထားမှုများအရဖတ်မှတ်ရသည်။စစ်အေးကာလအတွင်း တရုတ်နှင့်ဆိုဗီယက်ပြည်ထောင်စုကြားတွင် ပထဝီပိုင်းခြားသက်မှတ်မှုများကို ပြုလုပ်ထားကြောင်းကို အေးမင်းထွန်းပြန်ဆိုသည် မြန်မာနိုင်ငံ ဆိုဗီယက်သံရုံး KGB ဝန်ထမ်းတစ်ဦးရေးသားသော စာအုပ်အရ ဖတ်မှတ်ရသည်။
ထိုစဉ်က မြန်မာနှင့်အရှေ့တောင်အာရှဒေသကို တရုတ်လှုပ်ရှားရမည့် ပထဝီ၊အိန္ဒိယ၊ပါကစ်စ္စတန်၊အာဖကန်တို့ကို ရုရှားလှုပ်ရှားရမည့် ပထဝီဒေသများအဖြစ် ပိုင်းခြားထားသည်ဟု ဆိုသည်။ တရုတ်နိုင်ငံ ပေါ်လစ်ဗျုရိုမှ တိုက်ရိုက်ထိန်းချုပ်ထားသော တရုတ်နိုင်ငံတစ်ကာဆက်ဆံရေး ဌာန၏ဌာနခွဲများတွင် မြန်မာ၊ဗီယက်နမ်၊ဂျပန် တို့ကို ဌာနခွဲတစ်ခုအဖြစ်ထားရှိ့သည်ကို CIA Report ရေးသားချက်တစ်ခုအရ ဖတ်မှတ်ရသည်။ ပထမစစ်အေးခေတ်ဟုခေါ်ကြသည့် ဗြိတိသျှအင်ပါယာနှင့်ရုရှားဇာအင်ပါယာတို့ အရှေ့အလယ်ပိုင်းနှင့်ဗဟိုအာရှနှင့်အန္ဒိယတိုက်ငယ်ရှိ အာဖကန်နစ္စတန်ဒေသအားပြိုင်မှုများသည် ဒုတိယကမ္ဘာစစ်အပြီး ဒုတိယစစ်အေးခေတ် အဖြစ်ဆက်ရှိနေပြီး ဗြိတိသျှနေရာတွင် အမေရိကန်အစားထိုးဝင်ရောက်လာသည့်သဘောဖြစ်သည်။ ယခုစစ်အေးခေတ်ပြီးဆုံးသွားပြီးသည့်နောက် 9/11 ဖြစ်စဉ်ဖြင့် အမေရိကန်သည် အဆိုပါကစားကွင်းအတွင်း တိုက်ရိုက်ဝင်ရောက်လာပြီးသည့်နောက် ပြန်လယ်ဆုတ်ခွာထားသည်။တစ်ဖက်တွင်လည်း ရုရှားတို့အစား တရုတ်သည် OBOR ဖြင့်စတင်ဝင်ရောက်နေသည်။အာဖကန်တွင် အမေရိကန်ဝင်ရောက်နေစဉ်အတွင်း ဂျပန်သည်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊လမ်းများစသဖြင့် အခြေခံအဆောင်အဦ စီမံကိန်းများဖြင့် အာရှလမ်းမကြီးစီမံကိန်းအစိတ်အပိုင်းများ ဆောင်ရွက်ထားသည်။ စစ်အေးခေတ်အပြီးတွင် ရုရှားမှ အရှေ့မျှော်ပေါ်လစီချမှတ်ရာမှ မြန်မာသည် အဆိုပါပေါ်လစီ၏ မုဒ်ဦးဖြစ်လာခဲ့သည်။ရုရှား၏ ဒေသတွင်း အမေရိကန်၊တရုတ်အားပြိုင်ပွဲတွင် ဟန်ချက်ထိမ်းရန်ဆိုသည့် ပေါ်လစီကို ဒေသတွင်း နိုင်ငံများအပေါ် တရုတ်-အမေရိကန် ဗိုလ်ကျလွမ်းမိုးမှု ဖိအားလျော့ချရေးအဖြစ် ဒေသတွင်းနိုင်ငံများမှ သဘောထား မထားမှာ မီဒီယာသတင်းအချက်အလက် မတွေ့ရသေး၍ မခန့်မှန်းနိုင်သေးဟု မြင်မိသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ် အစိုးရသစ်လက်ထက်တွင် သမ္မတဦးထင်ကျော် ရုရှားနိုင်ငံ ဆိုချီ အပန်းဖြေစခန်းဆွေးနွေးပွဲသို့ ကနဦးခရီးစဉ်အဖြစ်သွားရောက်ခဲ့သည်။
အဆိုပါခရီးစဉ်တွင် ရုရှား-မြန်မာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ခရီးစဉ်မှအပြန် အနီးဆုံးလွတ်တော်၌ မှတ်တမ်းတင်ခဲ့သည်။ တရုတ်နိုင်ငံတွင်ကျင်းပသော ကမ္ဘာစီးပွားရေးဖိုရမ်သို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ရာ ရုရှားသမ္မတပူတင်နှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့သည်။ထို့နောက်မကြာမီပင် မြန်မာနိုင်ငံ ရခိုင်ဒေသ၌ ပဋိပက္ခများပေါ်ထွက်လာသည်။ ရခိုင်ပြည်နယ်တွင်းနေမွတ်ဆလင်များ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသည့် ပြဿနာကြီး ပေါ်ထွက်လာသည်။၎င်းနောက် OIC နိုင်ငံများ၏ကမကထဖြင့် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းစွတ်စွဲမှုဖြင့် ICJ ကိစ္စအပါအဝင် ပြဿနာများဆက်တိုက်ဖိအားဝင်လာသည်။မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်ပြဿနာအတွင်း ရုရှားICS အဖွဲ့ဝင်နိုင်ငံ ချေချင်ညာမှ ဝင်ရောက်လာသည်။ ချေချင်ညာမြို့တော်တွင် လူပေါင်းသိန်းနှင့်ချီ၍ ရိုဟင်ဂျာအရေး ဆန္ဒပြပွဲကြီးကို ချေချင်ညာ သမ္မတမှ ဦးဆောင်၍ ဆင်နွှဲခဲ့သည်။ချေချင်ညာသမ္မတသည် ဗဟိုအာရှနှင့်ကော့ကေးရှန်းဒေသ မွတ်ဆလင်များကို စည်းရှုံးပြီး ကာလီဖိတ်နေရာကို ရယူရန်မျှော်မှန်းချက်ရှိထားသည်ဟုဆိုသည်။ အလားတူ အော်တိုမာန်အင်ပါယာကို အင်္ဂလိပ်၊ပြင်သစ်တို့မှ ဖြိုခွဲလိုက်သည်ကို ခံရပြီးသည့်နောက် ဆွန်နီမွတ်ဆလင်ကမ္ဘာ၏ တရားအဆုံးအဖြတ်တရားသူကြီး ကာလီဖိတ်ရာထူးကို လက်လွှတ်လိုက်ရသော တူရကီအတွက်လည်း အားပြိုင်မှုဖြစ်လာသည်။ အော်တိုမာန်အင်ပါယာဖြိုချခံရပြီးသည့်နောက် ကာလီဖိတ်နေရာကို အင်္ဂလန်၊ပြင်သစ်အစီအစဉ်ဖြင့် ပေါ်ထွက်လာသော ဆော်ဒီနိုင်ငံက လတ်တလော တာဝန်ယူထားသည့် သဘောဖြစ်သည်။ ချေချင်ညာ၏ ရိုဟင်ဂျာအရေးဆန္ဒပြပွဲသည် မော်စကိုအားခေါင်းလောင်းခေါက်လိုက်သလိုဖြစ်သွားခဲ့သည်။
မော်စကိုလက်အောက်ခံနိုင်ငံတစ်ခုမှ မော်စကို၏ နိုင်ငံခြားရေးပေါ်လစီကို ကျော်လွန်လုပ်ဆောင်လာခြင်းနှင့်ရုရှားတွင် မွတ်ဆလင် လူဦးရေ ၁၅ ရာခိုင်နှုန်းခန့်ရှိနေသည့် အပေါ်မှုတည်၍ မော်စကိုသည် မြန်မာနိုင်ငံ ရိုဟင်ဂျာအရေးတွင် ပေါ်လစီကိုယ်တိုင်ချမှတ်ရန်နှင့်ပါဝင်လာရန် ဖြစ်လာခဲ့သည်ဟု ISP ချေချင်ညာ ၏ စာတမ်းဖော်ပြချက်အရ ဖတ်မှတ်ရသည်။ ယခုအခါ ယူကရိန်းစစ်ပွဲများ လက်စသတ်ရန်ဖြစ်ပေါ်လာသည့် အခင်းအကျင်းတွင် ရုရှား၏ အရှေ့မျှော်ဝါဒ စတင်ရန် အားယူလာပုံရသည်။အမေရိကန်အနေဖြင့် အာရှအခင်းအကျင်းတွင် ထဲထဲဝင်ဝင် အားစိုက်ပါဝင်ရန် မရှိလာပါက တရုတ်နှင့်ချိန်ခွင်လျှာအဖြစ် ရုရှား၏ အရှေ့မျှော်မှုဝါဒ ရှေ့တစ်လှမ်းတိုးလာမှုအပေါ် နှုတ်ဆိတ်နေလာဖွယ်ရှိနေသည်။ အချိန်ကိုက် ပြဿနာတစ်ခုအဖြစ်စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဗြိတိန်နိုင်ငံအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားမှုအဖွဲ့မှ အာဂျင်တီးနားတရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးထင်ကျော်ကို ပါ တရားစွဲဆိုလာခြင်းဖြစ်သည်။အဆိုပါတရားစွဲဆိုမှုအပေါ် သမ္မတထရမ့်မတက်မည်အထိ NGO အဖွဲများမှ ပုဂ္ဂိုလ်အချို့မှ ထောက်ခံကြသည်ကိုတွေ့ရသည်။ အမေရိကန်သမ္မတ ထရမ့်တက်လာပြီးသည့်နောက် USAID အပါအဝင် အမေရိကန်ပြည်သူများ၏ အခွန်ငွေများကို အလွဲသုံးစားလုပ်နေသော အဖွဲ့များ၏ ရံပုံငွေများကို ဖြတ်တောက်လိုက်ပြီးသည့်နောက် အသံတိတ်နေကြပြန်သည်ကို သတိပြုမိသည်။
လက်ရှိအနေအားဖြင့် ရိုဟင်ဂျာပဋိပက္ခအား ဥရောပနိုင်ငံအချို့နှင့် OIC နိုင်ငံများမှ ပိုမို၍ ထဲထဲဝင်ဝင်ဝင်ရောက်လာသည်ကို တွေ့နေရသည်။ရိုဟင်ဂျာပဋိပက္ခ၊အမေရိကန်၊ဥရောပ၊OIC၊တရုတ်၊ရုရှားစသဖြင့်ဇာတ်ကောင်များ မည်သို့မည်ပုံ ကစားကွက်ဆင်နွှဲကြမည်ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ်ဖြစ်လာသည်။ ကမ္ဘာ့အခင်းအကျင်းရှုတ်ရှုတ်ထွေးထွေးကြီးထဲတွင် စကစ မအလ ရုရှားနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်ပေါ်ထွက်လာသည်မှာ စိတ်ဝင်စားဖွယ်ရာကောင်းပြီး တော်လှန်ရေး အင်အားစုများမှ အထူးဂရုစိုက်၍ သရုပ်ခွဲ စမ်းစစ်ရန်လိုအပ်လာသည်။ ကမ္ဘာ့အခင်းအကျင်းသစ်၏ နိုင်ငံကြီးတို့လောဘဇောတိုက်လာမှု့အပေါ် အပေးအယူနည်းလမ်းများဖြင့် အသုံးချလာခြင်းသည် လက်တွေ့တွင် နိုင်ငံကြီးတို့ အားပြိုင်ရာ ကစားကွင်းတစ်ခုအဖြစ် ဖိတ်ခေါ်လိုက်သလို ဖြစ်နေမည်ဖြစ်သည်။ လက်ရှိအာဏာကို ကိုင်ထားသည့် စစ်အုပ်စုမှ သူတို့အာဏာတည်မြဲရေးအတွက် မြန်မာနိုင်ငံအား မငြိမ်းသော မီးတောက်အတွင်းဆွဲသွင်းလိုက်မည့်သဘောမြင်ရသည်။ မြန်မာနိုင်ငံအား မငြိမ်းသောမီးတောက်မီးလျှံမှ ကယ်တင်ရန် နည်းလမ်းမှာ တော်လှန်ရေးကို အမြန်ဆုံးအောင်မြင်စွာဆင်နွှဲနိုင်ရန်ဖြစ်လာသည်။တောင်ယာမီးကြီးတောကိုကူးစက်လောင်ကျွမ်းလာသည်ကို မီးလှန်ရှို့သည့် နည်းလမ်းဖြင့်တားဆီးခြင်းသည် တစ်တောလုံးမီးကြီးလောင်သွားသည်ထက် သက်သာမည်ပင်ဖြစ်သည်။ယခုအခါ စစ်အေးခေတ်ပြီးဆုံးသွားပြီး ကမ္ဘာ့အစီအစဉ်သစ် အထိုင်ကျရန်နိုင်ငံကြီးတို့ အားထုတ်ယှဉ်ပြိုင်နေကြချိန်ဖြစ်သည်ကို သတိမလွတ်ရန်ဖြစ်သည်။ ရဲဘော်ဗိုလ်ကြင်မောင်ပြောသလို ကမ္ဘာ့အစီအစဉ်သစ် အရည်မလည်သေးသည့် ကာလတွင် ကိုယ့်ကိစ္စ ကိုယ်အမြန်ဖြတ်ထားရန်လိုအပ်လာပြီဖြစ်သည်။
-လူပေါင်းမမှားရန်နှင့်”ဟေ့ဒီက မြေရှားပူပူလေးရမယ်နော်”ဆိုသည့် ချဉ်းကပ်မှုသည်လည်း ယူကရိန်း အားကျမှုနှင့်ကလေးဆန်သည့် ချဉ်းကပ်မှု့ဖြစ်သည်ကို သတိပြုရန်ဖြစ်သည်။
-အလားတူ မအလ ၏ “ဆိပ်ကမ်းတွေရမယ်၊လေဆိပ်တွေရမယ်”ချဉ်းကပ်မှုသည်လည်း လက်တွေ့အလုပ်ဖြစ်ရန်မလွယ်ပဲ ပြဿနာများပိုမို ရှုတ်ထွေးစေရန်ထက်မပိုဟု ဆိုရမည်ဖြစ်သည်။
-ကျားဖြန့်နှင့်မျက်စေ့လယ်ပြီးဘေးကျပ်နံကျပ်အခြေအနေကြားထဲတွင် ၂၀၂၄ က မင်းအောင်လှိုင်ပြန်လည် အဆိုပြုခဲ့သော ရပ်ဆိုင်းထားသည့်တရုတ်နှင့်ထိုင်းတို့ အဓိကရင်းနှီးမြုပ်နှံကြမည့် သံလွင်ရေအားလျှပ်စစ် စီမံကိန်းသာလက်တွေ့အကောင်အထည်ဖော် ဖြစ်သွားပါက မိမိတို့တော်လှန်ရေးအားရိုက်ခတ်လာမည့် အကျပ်အတည်းမှ မည်သို့ ရုန်းထွက် ဖြေရှင်းရမည်ကို ကြိုတင် ပြင်ဆင်ထားသင့်ကြပြီဖြစ်ပါကြောင်း။
စိမ်းမောင်
မှက်ချက်။ ။စာရေးသူ၏ ပုဂ္ဂလိက အာဘော်သာဖြစ်ပါသည်။