စက်တင်ဘာ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
အာဏာလုစစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr.Mongkol Wisitsan တို့ တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ချောမွေ့စေရေး နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ Asia News Network သတင်းကစက်တင်ဘာ ၁၂ ရက်မှာဖော်ပြပါတယ်။ စစ်အုပ်စုနိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး ဦးသန်းဆွေနဲ့မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ Wisitsanတို့ဟာစက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းကနေပြည်တော်ရှိ နိုင်ငံခြားရေဝန်ကြီးဌာနမှာတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနဲ့ မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ အထူးသဖြင့် ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေမှာ နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးရှိတဲ့ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့သတင်းကဖော်ပြပါတယ်။ တွေ့ဆုံပွဲကိုနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေတက် ရောက်ခဲ့ကြတယ်လို့သိရပါတယ်။