အောက်တိုဘာ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံပတ္တရားမြို့မှာ ပြိုင်ဘက်ဂိုဏ်းတွေအကြား ပြင်းထန်စွာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူ ၂ ဦး သေဆုံးပြီး လူစည်ကားရာ လမ်းဘေး ဓားခုတ်မှု ဖြစ်ပွားပြီးနောက် လူ ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ The Thaiger သတင်းက အောက်တိုဘာ ၁ ရက်မှာဖော်ပြပါတယ်။ ဘာလီဟိုင်းတံတားအနီး မြေကွက်ရုံးလမ်းဆုံအနီး တောင်ပတ္တရားလမ်းပေါ်ရှိ လူသွားလမ်းတစ်လျှောက် စက်တင်ဘာ ၃၀ ရက် နံနက် ၆ နာရီ ၀၆ မိနစ်ခန့်က ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခံရမှု သတင်းတွေကို တုံ့ပြန်တဲ့အနေနဲ့ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး Suthiraphan Thapsri နဲ့ပတ္တရားမြို့မရဲစခန်းက တာဝန်ရှိသူတွေရောက်ရှိလာပြီး Sawang Boriboon Thammasathan Foundation က ကယ်ဆယ်ရေးလုပ်သားတွေလိုက်ပါသွားခဲ့တယ်လို့ဆိုပါတယ်။
လမ်းဘေးမှာလဲလျောင်းနေတဲ့အမည်မသိ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးရဲ့ အလောင်းကိုတာဝန်ရှိသူတွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ လူသတ်လက်နက်လို့ ယူဆရတဲ့ ၁၅ စင်တီမီတာရှည်တဲ့သစ်သီးခုတ်တဲ့ဓားတစ်ချောင်းကို ၁၀ မီတာအကွာမှာ တွေ့ရှိခဲ့ပါတယ်။ အနီးနားမှာလည်း အခြားမြန်မာအမျိုးသားတစ်ဦး ဓားဒဏ်ရာနှစ်ချက်နဲ့ သေဆုံးနေတယ်လို့လည်းသတင်းကဆိုပါတယ်။ တတိယမြောက် အသက် ၂၀ အရွယ် စိုးန ဟာ ဒဏ်ရာအပြင်းအထန်ရရှိပြီး အရေးပေါ်ကုသဖို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ သူ့အခြေအနေက စိုးရိမ်ရဆဲပါ။
ရဲတပ်ဖွဲ့က သက်သေအထောက်အထားတွေကိုထိန်းသိမ်းဖို့အတွက် ဧရိယာပြင်ပကိုချက်ချင်း ပိတ်ဆို့ခဲ့ပြီး ဂိုဏ်းနဲ့ ဆက်နွှယ်တဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့တယ်လို့သိရပါတယ်။ တိုက်ခိုက်မှုကို မျက်မြင်တွေ့ရှိသူ အသက် ၂၇ နှစ်အရွယ် Bai ရဲ့ အဆိုအရ အကြမ်းဖက်မှု မဖြစ်ပွားမီ အချိန်အနည်းငယ်အလိုမှာ လူအုပ်စုကြီးတစ်စုက သေဆုံးသူတွေကိုလိုက်လံဖမ်းဆီးနေခဲ့ပြီး လမ်းဘေးကိုပြေးသွားတာကို မြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ အစတုန်းကတော့ ရုန်းရင်းဆန်ခတ်ဖြစ်နေတယ်လို့ သူထင်ပြီး ရဲကိုဖုန်းဆက်ခဲ့ပြီး သေစေမယ့်အရာဖြစ်မယ်ဆိုတာ မသိခဲ့ပါဘူး။
ရဲတပ်ဖွဲ့ကို ကူညီဆောင်ရွက်ပေးနေတဲ့စကားပြန်တစ်ဦးက ပါဝင်ပတ်သက်သူအားလုံးဟာ ဘောလုံးကွင်းအတွင်း အရင်အငြင်းပွားမှုတစ်ခုကနေဖြစ်ပေါ်လာတဲ့ပဋိပက္ခတွေဖြစ်ပွားနေသည့် မြန်မာနိုင်ငံသားတွေဖြစ်ကြတယ်လို့ အတည်ပြုခဲ့ပါတယ်။ လူအုပ်စုနှစ်စုဟာ လမ်းတွေပေါ်မှာ ဖြတ်ကျော်ပြီး ပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုအဖြစ်ကိုအရှိန်မြှင့်လာချိန်မှာ ရန်ပွဲဖြစ်ပွားခဲ့တယ်လို့Pattaya News က ဖော်ပြခဲ့ပါတယ်။ ပတ္တရားရဲစခန်းမှ ဒုရဲမှူးကြီး Siriwat Katchamat က တရားခံတွေကို ရှာဖွေဖမ်းဆီးနိုင်ရေးအတွက် အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပါတယ်။ သက်သေခံတွေကလူဖမ်းနိုင်ဖို့ကူညီပေးရန်အတွက် ရုပ်ပိုင်းဆိုင်ရာ ဖော်ပြချက်တွေကို ပေးထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ အခင်းဖြစ်ပွားရာနေရာကCCTV မှတ်တမ်းတွေကို စုံစမ်းစစ်ဆေးနေပြီး ပတ္တရားမြို့မ ရဲစခန်းကိုဆက်သွယ်စုံစမ်းပြီး တိုက်ခိုက်သူတွေကို ဆက်လက်ခြေရာခံနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။