ဖေဖော်ဝါရီ ၂၁၊၂၀၂၅။သောင်ရင်းသတင်းလွှာ
ထိုင်းအစိုးရက Facebook နှင့် TikTok အပါအဝင် လူမှုမီဒီယာပလက်ဖောင်းအများအပြားမှ ကိုယ်စားလှယ်များကို အွန်လိုင်းလိမ်လည်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နည်းလမ်းများကို ဆွေးနွေးရန် ဖိတ်ကြားထားသည်ဟု ဘန်ကောက်ပို့စ်ကဖော်ပြသည်။ ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ အောက်လွှတ်တော်ကော်မတီ ဥက္ကဌ Siam Hathasongkorh က Facebook နှင့် TikTok တွင် အွန်လိုင်းလိမ်လည်ခံရသူ သားကောင်အရေအတွက် တိုးလာနေသောကြောင့် ဖေဖော်ဝါရီ ၂၀ ရက်နေ့က အစည်းအဝေးခေါ်ယူခဲ့ကြောင်း သိရသည်။
Cyber Crime Investigation Bureau (CCIB) နှင့် Online Crime Center (AOC) တို့မှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ပြီးအွန်လိုင်းငွေလိမ်ဂိုဏ်းများ လုပ်ကိုင်နေသော ထိုင်း-မြန်မာနယ်စပ်တလျှောက် အင်တာနက်အသုံးပြုခွင့်အပေါ် ကန့်သတ်ချက်များ ထပ်မံထုတ်ပြန်နိုင်ခြေရှိပြီး လိမ်လည်လှည့်ဖြားသူများထံမှ ငွေများပြန်လည်ရရှိရန် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြောင်း Mr Siam မှ ပြောကြားခဲ့ပါသည်။
သို့သော်လည်း အလိမ်ခံရသောငွေများ ပြန်လည်ရရှိရေး လွယ်ကူစေရန် သက်ဆိုင်ရာဥပဒေအား ပြင်ဆင်ခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။ ဆိုက်ဘာလုံခြုံရေးဥပဒေသစ်၏ ဒုတိယမူကြမ်းကို အစိုးရအဖွဲ့က မကြာသေးမီက အတည်ပြုခဲ့သော်လည်း လွှတ်တော်က အတည်ပြုခြင်းမရှိသေးပေ။
လိမ်လည်သည့်ဂိုဏ်းအဖွဲ့များသည် ၎င်းတို့၏လိမ်လည်ခြင်းမှရငွေများအား ခရစ်ပတိုငွေကြေး အဖြစ်သို့ ပြောင်းလဲလေ့ရှိသောကြောင့်လိမ်လည်ခံရသူများ၏ ပိုင်ဆိုင်မှုများကို ပြန်လည်ရယူရန် ကြိုးပမ်းမှုများကို ပိုမိုရှုပ်ထွေးစေနိုင်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ ကုန်ပစ္စည်းများနှင့်မတူဘဲ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများကို အလွယ်တကူ လေလံတင်ရောင်းချနိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အွန်လိုင်း လိမ်လည်မှုများ၏ သားကောင်မဖြစ်စေရန် အစိုးရ၏ အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းသောအခါတွင် မစ္စတာ Siam က ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနနှင့် အမျိုးသားအသံလွှင့်နှင့် ကြေးနန်းကော်မရှင် (NBTC) တို့နှင့်အတူ လိမ်လည်မှုဆိုင်ရာ အသိပညာပေးမှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း၊ မကြာသေးမီက တက္ကသိုလ်ကျောင်းသားတစ်ဦးကို လိမ်လည်သူများကဘတ်ငွေ ၅၀၀၀၀၀ ကျော်ကို လွှဲပြောင်းပေးရန်အတွက်အတင်းအကျပ် ဖိအားပေးခံရသည့် မကြာသေးမီက ဖြစ်ရပ်တစ်ခုကို ကိုးကား၍ အမည်မသိနံပါတ်များမှ သံသယဖြစ်ဖွယ်ခေါ်ဆိုမှုများကို လျစ်လျူမရှုရန် ပြည်သူများအား တိုက်တွန်းခဲ့သည်။ တရားခံသည် အမည်မသိ နံပါတ်တစ်ခုထံမှ ဖုန်းခေါ်ဆိုမှုကို ဖြေကြားခဲ့ပြီး လိမ်လည်သူများနှင့် ၁၇ နာရီကျော်ကြာ ဖုန်းပြောခဲ့သည်ဟု ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ယခုလကုန်တွင် အင်တာနက်လိုင်းဖြတ်တောက်မည့် အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းရာတွင် ကော်မတီသည် လာမည့်သီတင်းပတ်တွင် မဲဆောက်မြို့သို့ သွားရောက်မည်ဖြစ်ပြီး အဆိုပါအစီအစဉ်သည် နယ်စပ်တစ်လျှောက်နေထိုင်သော ထိုင်းလူမျိုးများအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိမရှိ အကဲဖြတ်ရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။
ကော်မတီသည် National Telecom ၊ ကွန်ရက်အော်ပရေတာများနှင့် NBTC တို့မှ ကိုယ်စားလှယ်များကို အဆိုပါဧရိယာအား စစ်ဆေးရန် ခေါ်ယူသွားမည်ဖြစ်ကြောင်း Mr Siam မှ ပြောကြားခဲ့သည်။