ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံမှ ထွက်ပြေးလာနိုင်သည့် နိုင်ငံခြားသား ၇၀၀၀ နီးပါးရှိကြောင်း ဒုဝန်ကြီးချုပ် က သတိပေးထား

ဖေဖော်ဝါရီ ၂၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံထားရသော နိုင်ငံခြားသားများကို နေရပ်ပြန်ပို့ရန်ထိုင်း နိုင်ငံခြားရေး ၀န်ကြီးအား သက်ဆိုင်ရာနိုင်ငံခြားအစိုးရများနှင့် အမြန်ထိတွေ့ဆက်ဆံရန် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachaiကညွှန်ကြားခဲ့ကြောင်း ယင်းက ဖေဖော်ဝါရီ ၂၅ ရက်ကကြေညာခဲ့သည်ဟု The Nation သတင်းကဖော်ပြသည်။

၎င်းသည် ဒေသတွင်း လည်ပတ်နေသော ငွေလိမ်လည်သောဂိုဏ်းများကို ဖြိုခွင်းပြီးနောက်တွင် ဖြစ်သည်။ ဖမ်းဆီးခံထားရသော နိုင်ငံခြားသားများ ပြန်လည်လက်ခံရေး အစီအစဉ်အတွက် နိုင်ငံခြားရေး ဝန်ကြီး Maris Sangiampongsa သည် ဖေဖော်ဝါရီ ၂၇ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာ နိုင်ငံခြား အစိုးရများထံ ဆက်သွယ်ရမည် ဖြစ်ကြောင်း Phumtham က ပြောကြားခဲ့သည်။


KK Park နှင့် မြဝတီမြို့ရှိရွှေကုက္ကို မြို့သစ်တို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း လုပ်ငန်းများကို ဝင်ရောက်စီးနင်းပြီးနောက် မြန်မာနယ်ခြားစောင့်တပ် (BGF) မှ နိုင်ငံခြားသား ၆၅၀၀ ကို ဖမ်းဆီးထားကြောင်းသတင်းများထွက်နေစဥ်ဝန်ကြီး၏ မှတ်ချက်များထွက်ပေါ်နေခြင်းဖြစ်သည်။ ၎င်းအပြင် ဒီမိုကရေစီကရင်လူထုအကျိုးပြု တပ်မတော် (DKBA) သည် ၎င်း၏ ထိန်းချုပ်နယ်မြေအတွင်း ဖြိုခွင်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် နောက်ထပ် နိုင်ငံခြားသား ၄၀၁ ဦးကို ထိန်းသိမ်းထားသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက BGF နှင့် DKBA နှစ်ဖက်စလုံးသည် ၎င်းတို့၏နိုင်ငံသားများကို ချက်ခြင်းပြန်လည်ခေါ်ဆောင်ရန် သက်ဆိုင်ရာ နိုင်ငံခြားအစိုးရများကိုတိုက်တွန်းထားကြောင်း၊ယင်းမှာ ဖမ်းဆီးခံထားရသူများအား ပြုစုစောင့်ရှောက်ရန် အရင်းအမြစ်နှင့် အထောက်အကူပစ္စည်းများ နည်းပါးနေသောကြောင့်ဖြစ်သည်ဟုပြောကြားသည်။

၎င်း၏စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုရာတွင် Phumtham က မည်သည့်အရေးယူမှုမျှ မလုပ်ပါက အခြေအနေသည် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်ကြောင်း သတိပေးခဲ့သည်။ “ဒီကိစ္စကို မြန်မြန်ဖြေရှင်းစေချင်တယ်။ ဘာမှမလုပ်ရင် BGF နဲ့ DKBA က အကျဉ်းသားတွေကို ကိုင်တွယ်ဖို့ မရုန်းကန်နိုင်ဖြစ်ပြီး အားလုံးကို တပြိုင်နက် ပြန်လွှတ်ပေးနိုင်ပါတယ်။ အဲဒီလိုဖြစ်ရင် ပျားအုပ်ကြီးတွေလို အစုလိုက် အပြုံလိုက် ထွက်ပြေးကြလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ဒေသတွင်း သဘာဝမြေပြင်အနေအထားသည် အကျဉ်းသားများ ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်ရန် လမ်းကြောင်းများစွာကို ပံ့ပိုးပေးထားပြီး သိသိသာသာ လုံခြုံရေးစိန်ခေါ်မှုများကို ဖန်တီးပေးနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ လိမ်လည်ခံရသူများနှင့် အမှန်တကယ်ရာဇ၀တ်ကျူးလွန်သူများကိုခွဲခြားစိစစ်နိုင်ရန် နိုင်ငံခြားအစိုးရများကထိုင်းနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဟု Phumtham က အလေးပေးပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ခေါ်ဆိုရေးစင်တာ ဂိုဏ်းများမှ ကယ်တင်ခံရသော နိုင်ငံခြားသားများကို ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်လည်လက်ခံရေး ကိုသက်ဆိုင်ရာနိုင်ငံများကအာမခံချက်မပေးခဲ့ပါက နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်မပြုကြောင်း ၎င်းက ထပ်လောင်းအတည်ပြုခဲ့သည်။ စစ်တပ်စခန်းတစ်ခုတွင် ခေါ်ဆိုရေးစင်တာဂိုဏ်းများထံမှ ကယ်တင်ခံခဲ့ရသော အီသီယိုးပီးယားနိုင်ငံသား ၃၁၀ ကိုထိုင်းစစ်စခန်းတစ်ခုတွင်ထိန်းသိမ်ထားသည်ဟူသော ကောလာဟလများကိုသူက ပယ်ချကာ ငြင်းဆိုခဲ့သည်။

“သူတို့ထိုင်းနိုင်ငံထဲကို ဝင်ခဲ့မယ်ဆိုရင် သူတို့နိုင်ငံကို ပြန်ပို့ခံရလိမ့်မယ်” ဟု ၎င်းက ရှင်းပြသည်။ ယခုအချိန်အထိ မြန်မာနိုင်ငံတွင် ခေါ်ဆိုရေးစင်တာ စစ်ဆင်ရေးများမှ ဖမ်းဆီးခြင်း သို့မဟုတ် ကယ်တင်ခြင်းခံခဲ့ရသော ၎င်း၏နိုင်ငံသား ၆၀၀ ကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ ကျန်ရှိနေသော တရုတ်နိုင်ငံသား အကျဉ်းသားများ နေရပ်ပြန်ရေး ညှိနှိုင်းရန်အတွက် ထိုင်း၊ တရုတ်နှင့် မြန်မာတို့အကြား သုံးပွင့်ဆိုင်တွေ့ဆုံမှုကိုလည်း မကြာမီကျင်းပတော့မည်ဖြစ်ကြောင်း Phumtham က ပြောကြားသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *