ကင်ညာနိုင်ငံသား ဒါဇင်ပေါင်းများစွာကို မြန်မာနိုင်ငံတွင် ပိတ်မိနေသော လိမ်လည်မှုစင်တာများမှ ကယ်တင်နိုင်ခဲ့

မတ်လ ၄၊၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာနိုင်ငံတွင် နာမည်ဆိုးဖြင့်ကျော်ကြားသောအွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ကယ်တင်ခဲ့သည့် ကင်ညာနိုင်ငံသား ၆၀ ကျော်သည် ထိုင်းနိုင်ငံနှင့် နယ်စပ်တွင် ဆိုးရွားသော အခြေအနေတွင် ပိတ်မိနေကြောင်း အရှေ့အာဖရိကနိုင်ငံမှ သိရသည်ဟု Peninsula သတင်းဌာနကမတ်လ ၃ ရက်ကဖော်ပြသည်။ မြန်မာနိုင်ငံ၏ ဥပဒေမဲ့နယ်စပ်များတွင် နှစ်အတော်ကြာ ကြီးထွားလာခဲ့သည့်အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်းများသည် လစာမြင့်မားသည့် အလုပ်များပေးမည်ဟု ကတိဖြင့် နိုင်ငံခြားအလုပ်သမားများကို ဆွဲဆောင်လျက်ရှိသည်။


သို့သော်လည်းအလုပ်သမားများရောက်လာသောအခါ ငွေလိမ်ဂိုဏ်းများက သူတို့ကို ဓားစာခံအဖြစ်ထားရှိပြီး အွန်လိုင်းတွင် ငွေလိမ်ရန်အတင်းအကြပ်ခိုင်းစေခဲ့ကြသည်။ အဓိက မဟာမိတ် တရုတ်နိုင်ငံ၏ ဖိအားပေးမှုအောက်တွင် မြန်မာနိုင်ငံသည် ငွေလိမ်လုပ်ငန်းအချို့ကို နှိမ်နင်းခဲ့ပြီး အနည်းဆုံး နိုင်ငံပေါင်း နှစ်ဒါဇင်မှ အလုပ်သမား ၇၀၀၀ ခန့်ကို လွှတ်ပေးခဲ့သည်။

လွတ်မြောက်လာသူများထဲတွင် ကင်ညာနိုင်ငံသား ၆၄ ဦး ပါဝင်သော်လည်း ၎င်းတို့သည် ၎င်းတို့၏ မိခင်နိုင်ငံသို့ ဆက်လက်နေရပ်ပြန်ရန်အတွက် ထိုင်းနိုင်ငံသို့ မဝင်ရောက်နိုင်သေးကြောင်း ကင်ညာနိုင်ငံခြားရေးဌာနက X လူမှုကွန်ယက်စာမျက်နှာတွင် မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ကင်ညာနိုင်ငံသား ၂၃ ဦးအပါအဝင် နိုင်ငံခြားသား ၂၆၀ ဦးကို ထိုင်းဘုရင့်တပ်မတော်ထံ လွှဲပြောင်းပေးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှစပြီး ထိုင်းအာဏာပိုင်များက နယ်စပ်ဖြတ်ကျော်မှုအား ပြန်လည်ခွင့်ပြုခြင်းမရှိခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ထို့ကြောင့် လွတ်မြောက်လာသည့် အလုပ်သမားများသည် မြန်မာ-ထိုင်းနယ်စပ်ရှိ ယာယီစခန်းများတွင် ဆေးဝါးကုသရေး၊ ရေသန့်နှင့် လျှပ်စစ်မီးရရှိမှု နည်းပါးသည့် အခြေအနေဆိုးများဖြင့် စောင့်ဆိုင်းရန် နေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကင်ညာအာဏာပိုင်များက ၎င်းတို့၏နိုင်ငံသားများကို အိမ်ပြန်ခေါ်ဆောင်ရန် အခြားနည်းလမ်းများကို ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က မြန်မာနိုင်ငံမှနေရပ်သို့ တရုတ်နိုင်ငံသား ၆၀၀ ခန့်ကို ထိုင်းနိုင်ငံမှတစ်ဆင့် ထွက်ခွာသွားခဲ့ကြသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *