မတ်လ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
လုပ်ငန်းခွင်မတော်တဆမှု မကြာခဏဖြစ်နေတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက် ရာမ ၂ လမ်း တံတား ဆောက်လုပ်ရေးဟာ မတ် ၁၅ ရက် မနက် ၂ နာရီဝန်းကျင်မှာ ထပ်မံပြိုကျခဲ့တယ်လို့ BBC သတင်းကဖော်ပြပါတယ်။ ဒီဖြစ်စဉ်အတွင်း မြန်မာအလုပ်သမား ၂ ဦးနဲ့ ထိုင်းနိုင်ငံသား ၃ ဦး သေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ထိုင်း သတင်းတွေက ဖော်ပြပါတယ်။
တံတားလုပ်ငန်းခွင်ပြိုကျလို့ ဒီမနက် သေဆုံးသွားခဲ့တဲ့ မြန်မာနိုင်ငံသားနှစ်ဦးက ကိုဇင်ကိုအောင် နဲ့ ကိုနိုင်လင်းအောင်တို့ဖြစ်တယ်လို့ ထိုင်းသတင်းဖော်ပြချက်အရသိရပြီး သူတို့ရဲ့ဇာတိနဲ့ အသေးစိတ်အချက်အလက်ကို တော့မသိရသေးပါဘူး။
၂၀၂၄ နိုဝင်ဘာ ၂၉ ရက်တုန်းကလည်း ဒီတံတားရဲ့ မဟာချိုင်ဘက်အခြမ်း ဆောက်လုပ်ရေး ပြိုကျပြီး မြန်မာအလုပ်သမား ၄ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တာပါ။
၂၀၂၃ မေလ နဲ့ ၂၀၂၄ ဇန်နဝါရီလတွေတုန်းကလည်း ဒီဆောက်လုပ်ရေးထဲမှာပဲ မတော်တဆမှုတွေကြောင့် အလုပ်သမား ၂ ဦးသေဆုံးခဲ့ပါသေးတယ်။
ထိုင်းအာဏာပိုင်တွေဘက်ကတော့ တံတားပြိုကျတဲ့အကြောင်းအရင်းကိုစစ်ဆေးနေပြီး ကန်ထရိုက်ကိုဒါဏ်ရိုက်တာနဲ့ သေဆုံးဒါဏ်ရာရသူတွေအတွက် လျော်ကြေးငွေတွေ ပေးဆောင်စေမယ်လို့ ဆိုထားကြပါတယ်။
ဒီတံတားဆောက်လုပ်ရေးဟာ ရှည်လျားပြီး ကန်ထရိုက်များစွာက ခွဲဝေဆောက်လုပ်နေတာ၊လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ချက် စံမမှီတာ နဲ့ လုပ်ငန်းခွင်စစ်ဆေးရေး စနစ်မကျဘဲ ဟာကွက်တွေရှိနေတာကြောင့် အခုလို မတော်တဆမှု မကြာခဏဖြစ်နေရတာလို့ King Mongkut’s Institute of Technology Ladkraban(KMITL) ရဲ့ ပါမောက္ခ Dr. Kamsan Maliseeက BBC ထိုင်းဘာသာစကားဌာနကို ၂၀၂၄ နိုဝင်ဘာမှာ ပြောထားပါတယ်။