အဘယ်ကြောင့် မြန်မာ့မြေငလျင်သည် စစ်အစိုးရကို ပြိုလဲစေနိုင်သနည်း

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ပြည်တွင်းစစ်များကြားတွင် သမိုင်းဝင်ငလျင် ကပ်ဆိုးကြီး လှုပ်ခတ်မှုကြောင့် အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာရှင် အစိုးရသည် အန္တရာယ်နှင့် မရေရာသော အနေအထားတွင် ရှိနေသည်။ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးတို့ အထူးသဖြင့် တပ်မတော်၏ နယ်မြေအတွင်း ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည့် သဘာဝဘေးအန္တရာယ်သည် တစ်ပြိုင်နက်ထဲ အစိုးရ ပြိုလဲစေရန် ဦးတည်သွားမည်လား။ စစ်အစိုးရကိုဆန့်ကျင်သည့် သူပုန်အဖွဲ့များသည် ငလျင်ဒဏ်သင့် ဒေသများတွင် အပစ်အခတ်ရပ်စဲရေး ကြေညာထားပြီး ဒုက္ခသည်များထံ အကူအညီများ ပေးအပ်နိုင်ခဲ့သည်။

မတ်လ ၃၀ ရက်ရက်နေ့ အထိ ရုပ်အလောင်း ၂၉၂၈ လောင်း ဆယ်ယူရရှိပြီး ၃,၄၀၈ ဦး ဒဏ်ရာရရှိကာ ၁၃၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။ ဤကိန်းဂဏန်းများသည် စစ်အစိုးရကငလျင်ကြီးကြောင့်နိုင်ငံရေးအရသက်ရောက်မှုရှိမလာစေရန်လျှော့ပေါ့ပြောဆိုမှုဖြစ်ကြောင်းကိုလူတိုင်းကအလွယ်တကူခန့်မှးတွေးဆနိုင်ပါသည်။ စစ်အစိုးရကိုဆန့်ကျင်သူများကအပစ်အခတ်ရပ်စဲကြောင်းကြေညာချက်နှင့်စစ်အစိုးရက နိုင်ငံတကာသို့အကူအညီများပေးရန် တောင်းဆိုနေသော်လည်း ယခုအခါ ရခိုင်ပြည်နယ် မြို့တော် စစ်တွေအနီးမှ ပုဏ္ဏားကျွန်းရှိ ဆေးရုံကို အမြောက်များဖြင့် တိုက်ခိုက်ခြင်း အပါအဝင် သီတင်းပတ်ကုန်ကပင် စစ်အစိုးရက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကြုံစဖူးသော ဘေးအန္တရာယ်တစ်ခုကြားတွင် အဆိုပါတိုက်ခိုက်မှုများသည် ခွန်အားမဟုတ်ဘဲ အားနည်းခြင်း၏ လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်သင့်သည်။ သမိုင်းကြောင်းအရ ပြည်တွင်းပဋိပက္ခများ- ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းများနှင့် မြေပြိုမှုများ- သဘာဝဘေးဆိုးများပေါင်းစပ်လာသောအခါတွင် စစ်အစိုးရ၏ အားနည်းချက်များကို ထပ်မံဖော်ထုတ်သိရှိခဲ့သည်။ အမှန်စင်စစ်၊ သဘာဝဘေးအန္တရာယ်များသည် အထူးသဖြင့် တရားမ၀င်သော သို့မဟုတ် နက်နဲသော ပြိုင်ဆိုင်မှုရှိသော အုပ်ချုပ်ရေးဖွဲ့စည်းပုံများ ပြိုကွဲပျက်စီးလွယ်သောတိုင်းပြည်
များတွင် နိုင်ငံရေးအသွင်ကူးပြောင်းမှုများကို ပုံဖော်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံ၏ အခြေအနေတွင်၊ သဘာဝပတ်ဝန်းကျင် ကပ်ဘေးများသည် စစ်အာဏာရှင်အစိုးရ အသီးသီး၏ ဖွဲ့စည်းပုံ အားနည်းချက်များကို ထပ်ခါတလဲလဲ ပိုမိုဆိုးရွားစေကာ ပုန်ကန်မှုများ၊ နိုင်ငံတကာစိစစ်မှုနှင့် ပြည်တွင်း မကျေနပ်မှုများကိုစစ်အစိုးရအနေနဲ့ပို၍ပင် ခံလာရနိုင်ချေရှိသည်။ ငလျင်ပြီးသည့်နောက် အခင်းအကျင်း ပေါ်ပေါက်လာသောအခါတွင် ပုန်ကန်သူများသည် ၎င်းတို့၏မြို့တော်နေပြည်တော်နှင့်အခြားအချက်အချာကျသည့်ရန်ကုန် ကိုထိန်းချုပ်ထားသည့် စစ်အစိုးရကို စစ်ရေးအရအင်အားချိနဲ့သွားစေရေးအတွက် အသွင်ပြောင်းစေနိုင်သည့်မကြုံစဖူးသော အခွင့်အရေးများရှိနေသည့်ကြားမှပင်တစ်စိတ်တစ်ပိုင်း အပစ်အခတ်ရပ်စဲရေးကို လျင်မြန်စွာပြုလုပ်နိုင်ခဲ့ကြသည်။

ကွန်ဖြူးရှပ်နှင့် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာများတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် “ လူအများထောက်ခံမှုအရရှိသောကောင်းကင်ဘုံ ၏ လုပ်ပိုင်ခွင့်” အယူအဆက အုပ်စိုးသူတစ်ဦး၏ တရားဝင်မှုမှာ ၎င်း၏ ပြည်သူများ၏ သာယာဝပြောရေးအတွက်ထိရောက်စွာ အုပ်ချုပ်နိုင်စွမ်းနှင့် ဆက်စပ်နေကြောင်း ညွှန်ပြသည်။ ခေတ်မီသော တရုတ်နိုင်ငံတွင် သဘာဝဘေးဒဏ်ကို လုံလောက်စွာ မတုံ့ပြန်နိုင်သောအခါ မင်းဆက်အုပ်စိုးရှင်များသည် ၎င်းတို့၏ ပြည်သူကအပ်နှင်းထားသည့်လုပ်ပိုင်ခွင့်များ ဆုံးရှုံးသွားသည်ဟု ယုံကြည်ကြပြီး နောက်ဆုံးတွင် ကျဆုံးမှုဆီသို့ ဦးတည်သွားကြသည်။

မြန်မာ့စစ်တပ်သည် ၎င်း၏ လောကီရေးရာနှင့် အမျိုးသားရေး သဘောထားဟန်ပြရှိလင့်ကစား နိုင်ငံ၏ နက်နဲသော အယူသီးသော လူထုများကြားတွင် အလားတူခံယူချက်မှ မလွတ်ကင်းနိုင်ပေ။ ကမ္ဘာတစ်ဝှမ်းတွင် သဘာဝဘေးအန္တရာယ်များသည် အာဏာရှင်အစိုးရများ၏ အရည်အချင်းမပြည့်မီမှုကို ဖော်ထုတ်ပြသလေ့ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံမှာဤကဲ့သို့ဖြစ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီး လူပေါင်း ၁၃၀,၀၀၀ ကျော် သေဆုံးခဲ့သည်။ထိုစဉ်က အုပ်ချုပ်သူစစ်အစိုးရက နိုင်ငံတကာ၏ စိစစ်မှုနှင့် အမေရိကန်၏ ကျူးကျော်မှုကိုပင် ကြောက်ရွံ့ပြီး နိုင်ငံခြားမှ လူသားချင်းစာနာမှု အကူအညီများကို ခွင့်ပြုရန် ငြင်းဆန်ခဲ့ပြီး သဘာဝဘေးဒဏ်ကို လူကပြုလုပ်သည့် ကံဆိုးမိုးမှောင်ကျမှုအဖြစ်ဆိုးတစ်ခုအဖြစ်သို့ပြောင်းလဲခဲ့သည်။

ယနေ့ဖြစ်ပျက်နေသောအဖြစ်များသည် ဖော်ပြပါဖြစ်ရပ်နှင့်ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ပုံစံနှင့် အလွန်ဆင်တူပါသည်။ ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် မုန်တိုင်းများ အပြီးတွင် စစ်အစိုးရ၏ ညံ့ဖျင်းသော ကယ်ဆယ်ရေး ဆောင်ရွက်ချက်များ ၊ဒုက္ခသည်များနှင့် မတ်လ ၂၈ရက်နေ့က ငလျင်လှုပ်ခတ်မှုမှ အသက်ရှင်ကျန်ရစ်သူများအတွက် ကောင်းစွာ အကျိုးမဖြစ်ထွန်းပါ။ သို့သော်လည်း ၂၀၀၈ ခုနှစ်နှင့်မတူဘဲ ယနေ့မြန်မာနိုင်ငံသည်ပို၍ အစိတ်စိတ်အမွှာမွှာဖြစ်နေကာ စစ်တပ်၏အာဏာကို ချုပ်ကိုင်မှု သိသိသာသာ အားနည်းလာသည်။

အာဏာရှင်အစိုးရများသည် ပွင့်လင်းမြင်သာမှုမရှိခြင်းဖြင့် ရှင်သန်နေပြီး မြန်မာစစ်အစိုးရသည်လည်း ချွင်းချက်မဟုတ်ပါ။ ဆယ်စုနှစ်များအတွင်းမြန်မာစစ်တပ်သည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကဲ့သို့သော စစ်တပ်ပိုင် လုပ်ငန်းစုများမှတစ်ဆင့် စီးပွားရေးလုပ်ငန်း အများအပြားကို ချုပ်ကိုင်ခဲ့သည်။ သဘာဝဘေးအန္တရာယ်များအပြီးတွင် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ မြင့်တက်လာခြင်းသည် ပြင်ပတာဝန်ခံမှုနှင့် ကြီးကြပ်မှုကို တိုးမြှင့်စေသည်။ ထောက်ပံ့ရေးရန်ပုံငွေနှင့် အရင်းအမြစ်များကို အကျင့်ပျက်စစ်အရာရှိများနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များလက်သို့လွှဲပေးခြင်းသည် ယခင်ကကဲ့သို့ပင် စစ်အစိုးရ၏တိုက်စားခံနေရပြီဖြစ်သော ယုံကြည်ကိုးစားမှုကို ပျက်ပြားစေမည့် အန္တရာယ်များဖြစ်သည်။

Bertil Lintner နှင့် David Steinberg ကဲ့သို့သော မြန်မာရေးရာပညာရှင်များက စစ်အာဏာရှင်များ၏ ရှင်သန်ရပ်တည်မှုသည်၎င်းတို့နှင့် သဘောထားကွဲလွဲသူများကို နှိမ်နှင်းသည့်အချိန်တွင် ၎င်းတို့၏ စီးပွားရေးကို ထိန်းချုပ်နိုင်မှုအပေါ်တွင် မူတည်နေကြောင်း ကာလရှည်ကြာ စောဒကတက်ခဲ့သည်။ သို့သော်၊ သဘာဝဘေးအန္တရာယ်များသည် စစ်တပ်အား နိုင်ငံတကာ ကယ်ဆယ်ရေးအေဂျင်စီများနှင့် ထိတွေ့ဆက်ဆံရန် ဖိအားပေးခြင်း သို့မဟုတ် ပြည်တွင်းထောက်ခံမှု အနည်းငယ်သာ ကျန်ရှိတော့သည့်အန္တရာယ်များကို ကင်းဝေးသွားစေရန် သဘာဝအရအပြောင်းအလဲဆီသို့ တွန်းပို့သောအရာဖြစ်စေပါသည်။

ယခုအချိန်အထိ အမေရိကန်၊ ဥရောပသမဂ္ဂ၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် ကုလသမဂ္ဂတို့က ငလျင်လှုပ်ခတ်ပြီးကတည်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့သွားမည်ဟု ကတိပြုထားသည်။ ပွင့်လင်းမြင်သာမှုသည် သက်ဦးဆံပိုင်အစိုးရများ၏ ရွံမုန်းစရာဖြစ်နေပြီး စိစစ်မှုများ တိုးလာသည်နှင့်အမျှ အန္တရာယ်လည်း တိုးလာပါသည်။ အကယ်၍ လူသားချင်းစာနာထောက်ထားမှုအကူအညီသည် စစ်ရေးလမ်းကြောင်းများကိုကျော်ဖြတ်သည့် နိုင်ငံရေးလက်နက်ကိရိယာဖြစ်လာပါက၊ အဓိအရင်းအမြစ်များအပေါ် စစ်အစိုးရ၏ထိန်းချုပ်မှုသည် ပိုမိုအားနည်းသွားနိုင်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဗဟိုဌာနဖြစ်သည့် မန္တလေးနှင့် နေပြည်တော်သို့ ဦးတည်သွားသော လမ်းများသည် မကြာသေးမီက ရေလွှမ်းမိုးမှုနှင့် ယခုအခါ၌ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံခဲ့ရသည်။

ဤအခြေခံအဆောက်အအုံပြိုကွဲမှုသည် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အထူးသဖြင့် ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပါဝင်သော ညီအကိုတော်သုံးပါးမဟာမိတ်အဖွဲ့များအတွက် ဗျူဟာမြောက် အကျိုးကျေးဇူးဆုလာဘ်တစ်ခုဖြစ်သည်။ အဆိုပါအဖွဲ့များသည် မကြာသေးမီက စစ်မြေပြင်အောင်ပွဲများနှင့်အတူ အစိုးရထိန်းချုပ်မှုအောက်ရှိ နယ်မြေများကို သမိုင်းဝင်သိမ်းပိုက်မှုများတွင် မြင်တွေ့ခဲ့ရသည့် မြန်မာစစ်တပ်အပေါ် ကောင်းစွာပြင်ဆင်ထားသော ထိုးစစ်များကို ဆောင်ရွက်နိုင်သည့် စွမ်းရည်ကို ပြသခဲ့ပြီးဖြစ်သည်။ လုံခြုံရေးကျွမ်းကျင်သူ Anthony Davis ၏ အဆိုအရ ပြောက်ကျားစစ်ဆင်ရေးသည် သမားရိုးကျစစ်တပ်များ၏ ရွေ့လျားသွားလာမှုနှင့် ထောက်ပံ့ရေးလမ်းကြော င်းများ စိတ်မချရသောပတ်ဝန်းကျင်တွင် ​ ကြီးထွားလျက်ရှိသည်ဟုဆိုသည်။

ငလျင်ကြောင့်အဓိကကျသောလမ်းများကို ပျက်ဆီးသွားခြင်းသည် စစ်တပ်အား လေကြောင်းစွမ်းအားကို ပိုမိုမှီခိုအားထားရန် တွန်းအားပေးသော်လည်း လောင်စာဆီထောက်ပံ့မှု အကန့်အသတ်နှင့် အခြားသောထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများ တိုးလာခြင်းကြောင့် လေကြောင်းသာလွန်မှုသည် ရေရှည်တည်တံ့မည်မဟုတ်ပေ။ တစ်ချိန်တည်းတွင်၊ ဒေသခံလူထုများအတွင်း နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားပြီး ရေမြေနှင့်လိုက်လျောညီထွေရှိထားသော ခုခံရေးတပ်ဖွဲ့များသည် ငလျင်ဒဏ်သင့် ဒေသအများအပြားတွင် အသာစီးရခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

အရှေ့တောင် အာရှရှိ ပုန်ကန်မှုများ၏ သမိုင်းကြောင်းကအစိုးရ၏စစ်တပ်များသည် ၎င်းတို့၏ ထောက်ပံ့ရေးလိုင်းများ ဖြတ်တောက်ခံလိုက်ရသောအခါ ၎င်းတို့၏ စွမ်းဆောင်နိုင်မှုသည် မကြာခဏဆိုသလို ဆိုးရွားစွာ ကျဆင်းသွားသည်ကို သက်သေပြနေသည်။ ဗီယက်နမ်စစ်ပွဲအတွင်း ဟိုချီမင်းလမ်းကြောင်းသည် ဗီယက်ကောင်းများအတွက် အရေးပါသောသွေးလွှတ်ကြောတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ပြီး ရန်သူတို့ကို ချေမှုန်းနိုင်ကာ နောက်ဆုံးတွင် သာလွန်ကောင်းမွန်သော စစ်အင်အားကိုထူထောင်နိုင်ခဲ့သည်။ အလားတူ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်ကို ၎င်းတို့၏ အားသာချက်အဖြစ် အသုံးချရာတွင် ကျွမ်းကျင်ကြပြီး မကြာသေးမီက ဖြစ်ပွားခဲ့သောသဘာဝဘေးအန္တရာယ်များကြောင့် ၎င်းတို့၏ ဗျူဟာမြောက် အနေအထားကိုပိုမို အားကောင်းလာစေခဲ့သည်။

သက်ဦးဆံပိုင်အစိုးရများသည် အတွင်းပိုင်တွင် အက်ကြောင်းများပေါ်လာသည့်တိုင် တည်ငြိမ်မှုကို ထိန်းသိမ်းထားလေ့ရှိသည်။ မြန်မာစစ်အစိုးရသည် စစ်ရေးပြပွဲများ၊ သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများနှင့် တရုတ်နှင့် ရုရှားကဲ့သို့ နိုင်ငံများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ထိန်းချုပ်ထားနိုင်မှုသဏ္ဍာန်ကို ပုံဖော်ရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း လွတ်လပ်သောအဖွဲ့အစည်းများမှတဆင့် ကြားဝင်ဆောင်ရွက်ပေးလေ့ရှိသော နိုင်ငံခြား လူသားချင်းစာနာမှုအကူအညီများ ဝင်လာခြင်းသည် ဤထင်ယောင်ထင်မှားမှုကို ခြိမ်းခြောက်နေပါသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်များသည် ဘက်မလိုက်မှု၏ အခြေခံမူများပေါ်တွင် လုပ်ဆောင်နေသော်လည်း ၎င်းတို့၏ တည်ရှိမှုသည် နိုင်ငံတကာ၏ ကြီးကြပ်ကွပ်ကဲမှုကို အမြဲတစေ တိုးတက်စေပါသည်။

Mary Callahan ကဲ့သို့သော ပညာရှင်တို့သည် နိုင်ငံခြားအကူအညီပေးရေး လုပ်သားများနှင့် အဖွဲ့အစည်းများ ဝင်ရောက်လာခြင်းသည် လူ့အခွင့်ရေးချိုးဖောက်မှုများကို ပြင်ပမှ ဖော်ထုတ်သိမြင်မှုများ ပိုမိုများပြားလာစေသည်ဟု စောဒကတက်ကြသည်။ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအသစ်နှင့် ပြည်ပအကူအညီပေးရေး လုပ်သားများ ရှိနေခြင်းမှာ အဓမ္မလုပ်အားပေးခိုင်းစေခြင်းမှသည် စစ်ရာဇဝတ်မှုများအထိအခွင့်အရေးချိုးဖောက်မှုများ တိုးပွားလာကြောင်းသိသာ ထင်ရှားစေနိုင်သည်။ ထို့အပြင်၊ လက်နက်ကိုင်တော်လှန်ရေးအတွက် စာနာနားလည်မှုရှိသော အဖွဲ့အစည်းများမှတဆင့် စစ်ဘက်လမ်းကြောင်းများကို ဖြတ်ကျော်ပြီး ထိခိုက်ခံစားရသူများထံ ရောက်ရှိသည့် အကူအညီများသည် စစ်အစိုးရ၏ အခွင့်အာဏာနှင့် စစ်မြေပြင်အနေအထားကို ပိုမိုထိခိုက်စေနိုင်သည်။

ထို့အပြင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် မြန်မာနိုင်ငံအကျပ်အတည်းကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ပိုမိုသဘောထားကွဲပြားလာသဖြင့် ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂကဲ့သို့သော ပြင်ပမှပါဝင်ပတ်သက်သူများသည် အကူအညီများ ပေးအပ်ရာတွင် တိုက်ရိုက်အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်။ (USAID ၏ ပိတ်သိမ်းမှုသည် အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို လျော့ပါးစေမည်ဖြစ်သော်လည်း အချို့သောအမေရိကန်အကူအညီများသည် ပါဝင်ပတ်သက်မှုများ ရှိနေပါသည်။) နိုင်ငံခြားအကူအညီများ ဖြန့်ဖြူးမှုကိုနိုင်ငံအစိုးရမဟုတ်သောအဖွဲ့အစည်းများက ထိန်းချုပ်ထားမည်ဆိုလျှင် စစ်တပ်သည် အရေးကြီးသော အရင်းအမြစ်များကို ထိန်းသိမ်းထားရန် ရုန်းကန်ရမည်ဖြစ်ပြီး၊ အခွင့်အရေးများရုပ်သိမ်းခံနေရသော ဒေသခံအများအပြားအပေါ် ၎င်း၏ဩဇာလွှမ်းမိုးမှုကို ပိုမိုအားနည်းသွားစေမည်ဖြစ်သည်။

ပြည်တွင်းစစ်ကြောင့်ထပ်တလဲလဲဖြစ်နေသော အကျပ်အတည်းများနှင့် မတ်လ ၂၈ရက်နေ့ မြေငလျင်ဘေးအန္တရာယ်များသည် မြန်မာစစ်အစိုးရအား ပို၍မထန်းသိမ်းနိုင်သော အနေအထားသို့ တွန်းပို့နေသည်။ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လုံး၀ ရုန်းကန်နေရချိန်တွင် သူ၏ယခင်အချိန်ကကဲ့သို့ သဘာဝဘေးအန္တရာယ်တွေကို ထိထိရောက်ရောက်နှင့်မျှမျှတတ တုံ့ပြန်နိုင်စွမ်းမရှိခြင်းက မြန်မာနိုင်ငံ ယခုငလျင်ပြီးနောက်ပိုင်း ထိရောက်စွာတုံ့ပြန်မှုအတွက် ပို၍ဆိုးရွားလာသည်။ နိုင်ငံတွင်းသို့ နိုင်ငံခြားအကူအညီများ စီးဆင်းလာသည်နှင့်အမျှ အဓိကအရင်းအမြစ်များအပေါ် စစ်တပ်က ချုပ်ကိုင်မှု အားနည်းသွားမည်ဖြစ်ပြီး တချိန်တည်းတွင် စစ်အစိုးရ၏ နက်နဲသော ဖွဲ့စည်းပုံဆိုင်ရာ ချို့ယွင်းချက်များကို ဖော်ထုတ်ပြသနေပါသည်။

အကျင့်ပျက်ခြစားမှု၊တာဝန်ဝတ္တရား လစ်လပ်မှုနှင့် အခြေခံအဆောက်အအုံများ ပျက်စီးယိုယွင်းမှုသည် ပြီးပြည့်စုံသော မုန်တိုင်းတစ်ခု ဖန်တီးနိုင်ပြီး စစ်အာဏာရှင်များ၏ ဆုတ်ယုတ်မှုနှင့် ပြိုကျနိုင်ခြေကို အရှိန်မြှင့်ပေးနိုင်သည်။ စစ်အာဏာရှင်တို့၏ ကျဆုံးနိုင်ခြေ၏ အချိန်ဇယားသည် မရေရာသေးသော်လည်း လမ်းကြောင်းမှာ ရှင်းနေသည်- မြန်မာစစ်အာဏာရှင်စနစ်သည် အချိန်တိုနှင့် ယုံကြည်စိတ်ချရမှုလျော့နည်းနေပြီး ၎င်း၏ လက်နက်ကိုင်နှင့် လက်နက်မဲ့ရန်ဘက်ရန်ဘက်များက တနေ့ထက်တနေ့ ပိုမိုအားကောင်းလာနေချိန်တွင် စိတ်ပျက်အားငယ်မှုနှင့် ဆင်းရဲဒုက္ခများကြားတွင် ယုံကြည်စိတ်ချရမှု ဆက်လက်နည်းပါးနေပါသည်။

အဲမောင်း
The Asia Times သတင်းစာမျက်နှာတွင်ဖော်ပြသော Phar Kim Beng ၏ Why Myanmar’s earthquake could topple its military regime ကိုပြန်ဆိုပါသည်။ Phar Kim Beng, PhD သည် Islamic International University Malaysia (IIUM) မှ အာဆီယံလေ့လာရေး ပါမောက္ခဖြစ်ပြီး အာရှ-ဥရောပ အင်စတီကျု၊ မလေးရှားတက္ကသိုလ်မှာလည်းသုတေသီအဖြစ်တာဝန်ထမ်းဆောင်နေပါသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *