ဧပြီလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ အကျဉ်းထောင်က အမျိုးသား နှစ်ယောက်ကို ‘ဝ’ (USSA) ရုံး အာမခံချက်နဲ့ ဧပြီ ၄ ရက်က ပြန်လွတ်လာတယ်လို့ UWSA သတင်းတွေကို ဖော်ပြပေးနေတဲ့ ‘ဝ’ လူငယ်အသံကနေ ရေးသားထားပါတယ်လို့ BBC ကဧပြီ၅ ရက်မှာဖော်ပြပါတယ်။
လားရှိုးအကျဉ်းထောင်ထဲမှာ မူးယစ်ဆေးဝါးမှု အပါအဝင် တခြားအမှုတွေနဲ့ အကျဉ်းကျနေတဲ့ ‘ဝ’ အမျိုးသားတွေအပါအဝင် တခြား တိုင်းရင်းသား အယောက် ၃၀ ဝန်းကျင်ဟာ ‘ဝ’ ဆက်ဆံရေးရုံး အာမခံချက်နဲ့ လွတ်မြောက်ခဲ့တယ်လို့ ‘ဝ’လူငယ့်အသံက ဖော်ပြထားပါတယ်။
လားရှိုးမြို့နယ်၊ မန်ပျဉ်ကျေးရွာက ရှမ်းအမျိုးသား ဦးကြိုင်းနော်ခမ်းနဲ့ လားရှိုးမြို့၊ ရပ်ကွက်(၁) ၊ ပါရမီလမ်းက ‘ဝ’ အမျိုးသား ဦးအိုက်ပေါင်းတို့ရဲ့ မိသားစုဝင်တွေ အကူအညီတောင်းလာတာကြောင့် ‘ဝ’ ပြင်ပဆက်ဆံရေးရုံးက အာမခံချက်နဲ့ ထုတ်ပေးခဲ့တာလို့ သိရပါတယ်။ အကျဉ်းထောင်ကနေ လွှတ်ပေးရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး MNDAA ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
အဲဒီ အယောက် ၃၀ ဝန်းကျင်ထဲမှာ ဟိုပန်၊ ပန်လုံ၊ ကွမ်းလုံ၊ တန့်ယန်း၊ လားရှိုး စတဲ့ မြို့နယ်တွေကဖြစ်သလို ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာလည်း ကိုးကန့်တပ်ရဲ့ စစ်သားသစ် စုဆောင်းခံရသူ ‘ဝ’ လူငယ်တချို့လည်း ပြန်လွတ်မြောက်လာတာ ရှိတယ်လို့ သိရပါတယ်။