မြန်မာ့ငလျင်သည် စစ်အစိုးရ၏ လူမဆန်ဆုံး လက်နက်နှင့် တိတ်ဆိတ်မှုကို ဖော်ထုတ်ပြသ

ဧပြီလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မတ် ၂၈ ရက်က မြန်မာနိုင်ငံတွင် ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး မြန်မာနိုင်ငံတွင် အပြင်းထန်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ လူပေါင်း ၃၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရ၊ ပျောက်ဆုံး သို့မဟုတ် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အိမ်ခြေ ၈၅ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးခဲ့သည်။မုတ်သုန်ရာသီ နီးကပ်လာသည်နှင့်အမျှ အရေးပေါ်အခြေအနေသည် ပို၍ကြီးမားလာကာ ပျက်သုဉ်းနေပြီဖြစ်သော အသက်ရှင်ကျန်ရစ်သူများဒုက္ခပိုမိုရောက်ရှိရန် ခြိမ်းခြောက်နေသည်။ ဤမျှကြီးမားသော ပျက်စီးဆုံးရှုံးမှုကို ရင်ဆိုင်ရသောအခါတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် တုံ့ပြန်မှုကို မျှော်လင့်နိုင်မည်ဖြစ်သည်။ သို့သော်လည်း မြန်မာစစ်အစိုးရသည် ဤသဘာဝဘေးအန္တရာယ်ကို ဖိနှိပ်ချုပ်ချယ်မှုတွင် အခြားမျက်နှာစာအဖြစ် ပြောင်းလဲပေးခဲ့သည်။ ငလျင်ဒဏ်ခံရသော ဇုန်များတွင်ပင် စစ်အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေသည့် ညမထွက်ရအမိန့်များ ချမှတ်ထားကြောင်း အစီရင်ခံစာများက ဖော်ပြသည်။

နိုင်ငံခြားအစိုးရများသည် အရေးပေါ်ရန်ပုံငွေ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် အသက်ကယ်ထောက်ပံ့ရေးပစ္စည်းများမှတစ်ဆင့် ပံ့ပိုးကူညီမှုများ တိုးမြှင့်ဆောင်ရွက်နေသော်လည်း အဆိုပါ ကြိုးပမ်းမှုများကိုမြန်မာစစ်တပ်က တင်းကျပ်စွာ ချုပ်ကိုင်ထားသည်။ မြန်မာနိုင်ငံ၏ အမှောင်မိုက်ဆုံးအချိန်များတွင် ၎င်းသည် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၊COVID-19 ကပ်ရောဂါ နှင့် ၂၀၂၀ နှင့် ၂၀၂၃ ခုနှစ်ကြားတွင် မြင်တွေ့ခဲ့ရသည့်အတိုင်း ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့အစည်းများ မကြာခဏ ပါဝင်ကူညီခဲ့ကြသည်။ ယနေ့တွင်၊ ၎င်းတို့သည် စိတ်ပျက်အားငယ်နေသော လူမှုအသိုင်းအဝိုင်းများအတွက် ယုံကြည်စိတ်ချရသော ကယ်ဆယ်ရေးအရင်းအမြစ်အနည်းငယ်ထဲမှ တစ်ဖန်ဖြစ်လာပါသည်။


သို့သော် ၎င်းတို့ကိုလည်း စနစ်တကျ ပိတ်ဆို့ထားသည်။ အကျပ်အတည်းကို ထပ်လောင်း၍ စစ်အစိုးရက ပြည်ပမီဒီယာများကို တားမြစ်ထားပြီး ပြည်တွင်း သတင်းထောက်များကို ထိခိုက်သည့် ဒေသများသို့ ဝင်ရောက်ခွင့် ကန့်သတ်ထားသည်။ ဤသို့တမင်တကာ နှိပ်ကွပ်ခြင်းသည် စစ်အစိုးရ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာဖြစ်ပြီး သဘာဝဘေးအန္တရာယ်၏ အတိုင်းအတာအမှန်ကို ဖုံးကွယ်ကာ ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုကို ထိခိုက်စေသည်။အဖြစ်ဆိုးကို မှတ်တမ်းတင်ပြီး ဆက်သွယ်ရန် ကြိုးစားသူများကို တိတ်တိတ်ဆိတ်ဆိတ်နေခြင်းသည် လူများ တိတ်ဆိတ်စွာ ခံစားနေရချိန်တွင် အဖြစ်မှန်ဇာတ်ကြောင်းကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။

စစ်တပ်၏ သတင်းအချက်အလက်များကို နှိပ်ကွပ်ခြင်းသည် ရက်စက်ရာကျသည်။ ၎င်းသည် အသက်ရှင်သန်ခွင့်နှင့် သတင်းရယူခွင့်ကို ဆိုးရွားစွာ ချိုးဖောက်မှုတစ်ခုဖြစ်သည်။ လူများ အသက်ရှင်ဖို့ အခွင့်အလမ်းကို ငြင်းပယ်ခြင်းဖြစ်သည်။ တိတ်ဆိတ်ခြင်းသည် ဒုက္ခအဖြစ်သို့ ပြောင်းလဲစေပြီး လူသတ်ခြင်းလည်းဖြစ်သည်။အထိခိုက်ဆုံး ဒေသများတစ်လျှောက် အင်တာနက် ဖြတ်တောက်မှုနှင့် ဆက်သွယ်ရေး ကန့်သတ်ချက်များကို စစ်အစိုးရက ဆက်လက် ချမှတ်နေခြင်း ဖြစ်သည်။ငလျင်လှုပ်ခတ်ပြီးနောက် ၄၈ နာရီကျော်ကြာတွင် နေရာအများအပြားတွင် ဆက်သွယ်မှု ပြတ်တောက်ခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေကြားတွင် ယင်းသည် ပေါ့ဆမှုမဟုတ်ပါ၊ ၎င်းသည်တမင်တကာ ထိခိုက်နစ်နာမှုတစ်ခုဖြစ်သည်။

ချိတ်ဆက်မှုဆိုသည်မှာယခုလိုအချိန်များတွင် ဇိမ်ခံပစ္စည်းမဟုတ်ပါ။ ၎င်းသည် အသက်သွေးကြောဖြစ်သည်၊ အကူအညီတောင်းရန် ကြိုးစားနေသည့် အသက်ရှင်ကျန်ရစ်သူများအတွက်၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ပေးနေသော တုံ့ပြန်သူများအတွက်နှင့် ၎င်းတို့ကို ကာကွယ်ရန် နောက်ဆုံးသတင်းများကို အသည်းအသန်ရှာဖွေနေသည့် လူမှုအသိုင်းအဝိုင်းများအတွက်အရေးကြီးပါသည်။ သို့သော် စစ်အစိုးရသည် တိတ်ဆိတ်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်ရန် ရွေးချယ်ခဲ့သည်။ ဆိုရှယ်မီဒီယာပလပ်ဖောင်းများ၊ လွတ်လပ်သောသတင်းဝဘ်ဆိုဒ်များနှင့် VPN အသုံးပြုခွင့်များကို ၂၀၂၄ခုနှစ်တွင်စတင်ခဲ့သည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် firewall အောက်တွင် ပိတ်ဆို့ထားဆဲဖြစ်သည်။

ဤဆက်လက်တည်ရှိနေသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုသည် သတင်းအချက်အလက်သာမကဘဲ ညှိနှိုင်းသက်သာရာရနိုင်ခြေကိုပါထိခိုက်စေပါသည်။ ၎င်းသည် ရှင်သန်မှုကို ဆန့်ကျင်သည့် ဆင်ဆာဖြတ်တောက်မှုတစ်ခုဖြစ်သည်။ အာဏာသိမ်းပြီးကတည်းက အင်တာနက် ဖြတ်တောက်မှုများသည် နိုင်ငံ၏ သုံးပုံတစ်ပုံနီးပါးရှိ မြို့နယ်ပေါင်း ၁၀၀ ကျော်ကို ထိခိုက်ခဲ့သည်။ သတင်းသမားများကို ဖမ်းဆီး၊ သတ်ဖြတ်၊ နှုတ်ပိတ်နေသည်။ အမှီအခိုကင်းတဲ့ မီဒီယာများကို ပိတ်ပစ်လိုက်သည်။ ယနေ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတစ်ခုရင်ဆိုင်နေရချိန်တွင် ဤမူဝါဒများသည် ဖိနှိပ်ချုပ်ချယ်ရုံမျှမက၊ ၎င်းတို့သည် ကြိုတင်ကာကွယ်နိုင်သော သေဆုံးမှုများကို တက်ကြွစွာ ပံ့ပိုးပေးလျက်ရှိသည်။

၎င်းသည် ဆက်သွယ်ရေးပြဿနာတစ်ခုမျှသာ မဟုတ်ပါ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေဖြစ်ပါသည်။ နိုင်ငံတော် ကြေကွဲစရာ ကာလအတွင်း စစ်အစိုးရ၏ တမင်ဆင်ဆာဖြတ်တောက်ခြင်းသည် ပြည်သူများ၏ ရှင်သန်မှုထက်ဖိနှိပ် ထိန်းချုပ်မှုကို ပိုမိုအလေးထားသော အစိုးရဖြစ်ကြောင်း ဖော်ပြသည်။ အပစ်အခတ်ရပ်စဲရေးသည်ဤအဖြစ်မှန်ကို ဖုံးကွယ်ထား၍မရပါ။ ဒစ်ဂျစ်တယ်အသုံးပြုခွင့်ကို ပြန်လည်ရယူရန် စစ်အစိုးရ၏ ငြင်းဆိုမှုသည် တာဝန်ဝတ္တရားများကို လုံးလုံးလျားလျား လွဲချော်ပြီး လူ့ဂုဏ်သိက္ခာကို ထိပါးစေသည်။ နိုင်ငံတကာ အသိုက်အဝန်းသည် အရေးတကြီးနှင့် ရှင်းလင်းပြတ်သားစွာ တုံ့ပြန်ရမည်ဖြစ်သည်။ အစိုးရများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများနှင့် နည်းပညာကုမ္ပဏီများသည် အင်တာနက်အပြည့်အဝအသုံးပြုခွင့်ကို ပြန်လည်ရယူရန်နှင့် ဒစ်ဂျစ်တယ်ဆင်ဆာဖြတ်တောက်မှုကို အဆုံးသတ်ရန် စစ်အစိုးရအား ဖိအားပေးရမည်ဖြစ်သည်။

အရေးပေါ်ကယ်ဆယ်ရေးတွင် ပိတ့်ဆို့ဖြတ်တောက်မှုကို ကျော်လွှားပြီး ဒေသတွင်း တုံ့ပြန်သူများကို ခွန်အားဖြစ်စေရန် ချိတ်ဆက်မှုဆိုင်ရာ ဖြေရှင်းနည်းများ ပါဝင်ရပါမည်။ အရေးကြီးသည်မှာ၊ မည်သည့်အကူအညီ သို့မဟုတ် အခြေခံအဆောက်အအုံကိုမဆို စစ်တပ်က ထိန်းချုပ်သည့်ကိရိယာအဖြစ် ခေါင်းပုံဖြတ်ခံရခြင်းမှ အကာအကွယ်ပေးရမည်ဖြစ်သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အာဆီယံလူ့အခွင့်အရေးကော်မရှင် (AICHR) မှ ဧပြီလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုအားလုံးသည် လူ့အခွင့်အရေးကို အခြေခံရမည်ဟု အလေးပေးဖော်ပြခဲ့သည်။ AICHR မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ခွဲခြားဆက်ဆံခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းမရှိဘဲ ထိခိုက်ခံစားရသောရပ်ရွာများနှင့် ဒေသအားလုံးအား မျှမျှတတခွဲဝေပေးရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။

သမာသမတ်ကျမှု၊ လူသားဆန်မှု၊ ဘက်မလိုက်မှုနှင့် လွတ်လပ်ရေးအခြေခံမူများကို လိုက်နာခြင်းသည် ရွေးချယ်ခွင့်မရှိမဖြစ်လိုအပ်သည်။ ရှုပ်ထွေးသော နိုင်ငံရေးပတ်ဝန်းကျင်များတွင်ပင် ဘေးအန္တရာယ်တုံ့ပြန်မှုကဏ္ဍတိုင်းတွင် လူ့အခွင့်အရေးသည် အဓိကကျကြောင်း ကာယကံရှင်များအား သတိပေးထားသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ယာယီအပစ်အခတ်ရပ်စဲရေးကို ဧပြီလ ၂ ရက်နေ့တွင် စစ်အစိုးရက ကြေညာခဲ့ပြီး၊၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့၏ ပြည်သူများအပေါ် မညှာမတာစစ်ပွဲများ ဆင်နွှဲခဲ့သည့် စစ်အစိုးရအတွက် ရှားရှားပါးပါး လှုပ်ရှားမှုတစ်ခုဖြစ်သည်။

ဧပြီလ ၂၂ ရက်အထိ ကြာမြင့်မည့် အပစ်အခတ်ရပ်စဲရေးကို သတိကြီးစွာထားကာ ကြိုဆိုခဲ့သည်။ သို့သော်လည်းယင်းသည် လုံးဝမလုံလောက်သေးပါ။ သေနတ်သံများ ခေတ္တတိတ်ဆိတ်နေသော်လည်း၊ စစ်အစိုးရ၏ အဆိုးဆုံးသော စစ်ပွဲများ၊ သတင်းအချက်အလတ်များ ဖြတ်တောက်မှုများသည်ဆက်လက် ၍တည်ရှိနေပါသည်။ သတင်းရယူခွင့်ကို ငြင်းပယ်သည့် အပစ်အခတ်ရပ်စဲရေးသည် စစ်မှန်သည်မဟုတ်၊ လုံလောက်မှုလည်း မရှိပါ။ အခြေခံအခွင့်အရေးများ၊ ဆက်သွယ်ရေး၊ သတင်းလွတ်လပ်ခွင့်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခွင့်အရေးများ ပြန်လည်ရရှိရေးသည် ငြိမ်းချမ်းရေးကြိုးပမ်းမှုတိုင်း၏ ညှိနှိုင်းရနိုင်သော အခြေအနေများ ဖြစ်ရပါမည်။

မြန်မာနိုင်ငံသည် သမိုင်းတစ်လျှောက် လူအသေအပျောက်အများဆုံးငလျင်ဒဏ်ကိုကြုံတွေ့ရုံသာမက စနစ်တကျ အကြမ်းဖက်မှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လျစ်လျူရှုမှုတို့ကို လေးနှစ်ကျော်ကြာ ခံစားနေကြရသည်။ ပြည်သူများသည် ဆင်းရဲဒုက္ခများရင်ဆိုင်ရချိန်တွင် တိတ်ဆိတ်မှုကို လက်နက်ဖြင့် ချုပ်ကိုင်ထားသော အစိုးရအောက်တွင် အသက်ရှူကျပ်နေကြသည်။ သင်္ကေတအမူအရာများ မလုံလောက်တော့ပါ။ ချိတ်ဆက်မှုကို ပြန်လည်ရယူရန်၊ ဆင်ဆာဖြတ်တောက်မှုကို အဆုံးသတ်ရန်နှင့် ပြည်သူများကို မြင်နိုင်၊ ကြားနိုင်၊ ကယ်တင်နိုင်စေရန် စစ်အစိုးရအား တွန်းအားပေးရမည်ဖြစ်သည်။ မြန်မာပြည်သူပြည်သားများ စည်းလုံးညီညွတ်မှု လိုအပ်ပါသည်။ အလင်းတန်းကိုထွန်းညှိပါစေ၊အမှောင်ချထားခြင်းကိုကို အဆုံးသတ်လိုက်ပါ။

အဲမောင်း
The Jakata Post သတင်းစာမျက်နှာတွင်ဖေါ်ပြသည့်Yuyun Wahyuningrum ၏ Myanmar’s quake exposes the junta’s most inhumane weapon: Silence ကိုပြန်ဆိုပါသည်။
This article was published in thejakartapost.com with the title “”. Click to read: https://www.thejakartapost.com/opinion/2025/04/08/myanmars-quake-exposes-the-juntas-most-inhumane-weapon-silence.html.
Download The Jakarta Post app for easier and faster news access:
Android: http://bit.ly/tjp-android
iOS: http://bit.ly/tjp-ios

စာရေးသူသည် ASEAN Parliamentarians for Human Rights (APHR) ၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *