ဧပြီလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ချင်းပြည်နယ်၊ ဒုတိယမြို့တော်ဖြစ်တဲ့ ဖလမ်းမြို့ကို အလုံးစုံထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကိုအပြီးသတ်သိမ်းပိုက်ကာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီလို့ ချင်းညီနောင်စစ်ဆင်ရေးအဖွဲ့က တရားဝင်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
ဒီနေ့ထုတ်ပြန်ချက်ထဲမှာ ဖလမ်းမြို့ရဲ့ နောက်ဆုံးလက်ကျန် ခလရ ၂၆၈ကို အပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်ပြီး တမြို့နယ်လုံး နယ်မြေရှင်းလင်းရေးဆောင်ရွက်ပြီးတဲ့နောက် စစ်အုပ်စုကင်းစင်သွားပြီလို့ ဆိုပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို ဟောင်ဝှစ်ဇာအမြောက်ကြီးအပါဝင် လက်နက်ခဲယမ်းတွေ အများအပြားသိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
မြို့သိမ်းမစ်ရှင်ကို ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ဖလမ်းမြို့ မကျစေရေး အတွက် ခလရ ၂၆၈ တပ်ရင်းအပြင် စစ်ကူအများအပြားပို့လွှတ်ခုခံခဲ့သလို လေကြောင်းကနေ အကြိမ်ရေ ၁၀၀၀ ကျော်ပစ်ကူပေးခုခံနေတဲ့ကြားက ချင်းညီနောင်စစ်ဆင်ရေး ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ကာ မြို့ကိုအပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့သိရပါတယ်။
တိုက်ပွဲစဉ်အတွင်းမှာ ညီနောင်မဟာမိတ်တပ်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ မဆုတ်မနစ်တဲ့စိတ်ဓာတ်နဲ့ ကြံ့ကြံ့ခံပြီးထိုးစစ်ဆင်တိုက်ခိုက်မှု၊ အာရက္ခ တပ်တော်မှ ခဲယမ်းစစ်လက်နက်များအပြင် စစ်ရေးဆိုင်ရာ အကြံဉာဏ်များ ပံ့ပိုးကူညီမှုနဲ့ မိဘပြည်သူများရဲ့တက်ညီလက်ညီ တစိုက်မတ်မတ် ထောက်ပို့ပါဝင်မှုတွေကြောင့် မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။
မြို့သိမ်းမစ်ရှင်အတွင်း အသက်ပေးတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်အာဇာနည်သူရဲကောင်းတွေ၊ ခြေ လက်အင်္ဂါ ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေနဲ့ အောင်ပွဲရတဲ့အထိ မနားမနေ ရွပ်ရွပ်ချွံချွံ ချီတက်တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်မှူး၊ တပ်သားများကို အလေးအနက်ဂုဏ်ပြုပြီး ချင်းညီနောင် (CB) အနေနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ညီနောင်မဟာမိတ်တွေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာလို့ ကြေညာထားပါတယ်။
ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ဖလမ်းမြို့ သိမ်းတိုက်ပွဲကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ 96 Soldiers PDF ၊ Anti-Fascist Internationalist Front (AIF) ၊ Burma National Revolutionary Army (BNRA) ၊ Burmese Revolutionary Technical Front (BRTF) ၊ Generation Z Army (GZA) ၊ Giant Revolution Force (GRF) ၊ Harmonious Northern Brothers (HNB) ၊ Kalay Revolution Force (KRF) ၊ Kalay Urban Guerrilla (Kalay UG) ၊ Myingyan Black Tiger (MBT) ၊ National Liberation Army (NLA) ၊ Revolution Ambulance Wolf (RAW Medical Team) ၊ Sagaing Federal Troop (SFT-Sol) ၊ Yaw Defense Force (YDF) ၊ Zo Army (ZA) ၊ ကလေးခရိုင် ပကဖနဲ့ Drone အဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
#သောင်ရင်းသတင်းလွှာ #ချင်း #ဖလမ်း #မြို့သိမ်းတိုက်ပွဲ #CB #ချင်းညီနောင်စစ်ဆင်ရေး #MBT #ဗိုလ်မိုက်ခဲ #ဗိုလ်နဂါး