မေလ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံ Don Tan ခရိုင်, Mukdahan မြို့တွင်ဒေါင့်သန်းရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက အတည်ပြုခဲ့သည်ဟု Thai Enquire သတင်းကမေလ ၇ရက်တွင်ဖော်ပြသည်။ ဒေါင့်သန်းဘက်တီးရီးယားပိုးနှင့် ထိတွေ့သူ ၆၃၆ ဦးစလုံးသည် ယနေ့ စောင့်ကြည့်ကာလ ပြီးဆုံးသွားပြီးလူ ၉၈ဦးမှာ လိုအပ်သော စောင့်ကြည့်စစ်ဆေးမှုပြီးမြောက်ခဲ့သည်ဟုဆိုသည်။ အတည်ပြုလူနာ လေးဦးရှိပြီး တစ်ဦးသေဆုံးခဲ့သည်။ Mukdahan မြို့နယ် ပြည်သူ့ကျန်းမာရေးရုံး အကြီးအကဲ ဒေါက်တာ Narong Chankaew က ထိတွေ့ဖူးသူတိုင်းသည် ခုနစ်ရက်ကြာ ထိုးနှံရသည့်ကာကွယ်ဆေးကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ဘေးကင်းသည်ဟု ယူဆသည့် အသားများကို သေချာစွာ ချက်ပြုတ်စားသောက်ရန် အာဏာပိုင်များက ဒေသခံများကို ဆက်လက်သတိပေးထားသည်။ အမဲသားကိုသတိထားစားရန် ရပ်ရွာများအတွင်း အသိပညာများပေးလျှက်ရှိသည်။ ဧပြီလ ၁၂ ရက်နှင့် ၂၈ ရက်တို့တွင် ဘန်ခိုဆောမြို့နယ်ရှိ ရော်ဘာခြံတွင် အမဲသားအတွက်နွားသတ်မှုနှစ်ခုနှင့် ဆက်စပ်မှုရှိသည်။ နောက်ပိုင်းတွင် သေဆုံးသွားသည့် ပထမလူနာမှာ ဧပြီ ၁၂ ရက်ကပြုလုပ်သောနွားသတ်ပွဲသို့ တက်ရောက်ခဲ့သည်။ ဒုတိယလူနာသည် ဧပြီလ ၂၈ ရက် ကနွားသတ်ပွဲ ပါဝင်ခဲ့သည်။ ပထမအကြိမ်နွားသတ်ပြီးနောက်တွင် ဒေါင့်သန်းပိုးမွှားများသည် ထိုနေရာ၌ကျန်ရှိခဲ့ပြီး နောက်ထပ်ကူးစက်မှုများဖြစ်ပေါ်စေသည်ဟု တာဝန်ရှိသူများက ယုံကြည်ကြသည်။
ဧပြီ ၂၈ ရက် နွားသတ်မှုမှအသားများကို အိမ်ထောင်စု ၂၃ စုသို့ ဖြန့်ဝေခဲ့သည်။ မိသားစုနှစ်စုက စားသုံးပြီး စောင့်ကြည့်ခဲ့ကြသည်။ ကျန်အမဲသားများကို မြစ်ကမ်းတစ်လျှောက် ၁၈ နေရာတွင် မြေမြှုပ်ထားသည်။ ယင်းနေရာအားလုံးကို မီးဖိုချောင်သုံး ဆိုဒါဖြင့် ပိုးသတ်ထားသည်။ နောက်ထပ်အန္တရာယ်ကိုရှောင်ရှားရန်၊ အာဏာပိုင်များသည် ဒေသခံများ၏စိုးရိမ်မှုများကြောင့်အမဲသားများကို စွန့်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ ဧရိယာများကို အလုံပိတ်ပြီး ပိုးသတ်ဆေးများထပ်မံပြုဖြန်းခဲ့ကြသည်။ ယင်းဒေသတွင်နေထိုင်သူများအနေဖြင့် သတိထားနေထိုင်ရန်နှင့် ရောဂါလက္ခဏာများတွေ့ရှိပါက ဆောလျင်စွာ သတင်းပို့ရန် တိုက်တွန်းထားသည်။ အဆိုပါဒေသတွင် နွားအကောင်ရေ ၁၂၂၂ ကောင်ကို ကာကွယ်ဆေးထိုးပြီးဖြစ်သည်။ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန်အတွက် တာဝန်ရှိသူများက လျင်မြန်သောလုပ်ဆောင်ချက်နှင့် အေဂျင်စီအချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုနေ သည်ဟုလည်းသတင်းကဆိုသည်။