မေလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ပုပ်ရဟန်းမင်းသစ် လီယို-၁၄ အားတရားဝင်တင်မြှောက်ပွဲ၌ ဂါဇာနှင့် မြန်မာနိုင်ငံအတွက် ဆုတောင်းပေးခဲ့ပြီး ယူကရိန်းတွင်တရားမျှတပြီး အဓွန့်ရှည်သော ငြိမ်းချမ်းရေး ရရှိစေရန်ဆုတောင်းပေးခဲ့ကြောင်း Asia News ကမေလ၁၈ရက်တွင်ဖော်ပြသည်။ “မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် အပြစ်မဲ့လူငယ်တွေရဲ့ အသက်တွေ ဆုံးရှုံးနေရပါတယ်” ဟုပုပ်ရဟန်းမင်းကြီး၏ မဆ္စား တရားတွင် ထည့်သွင်းဟောကြားခဲ့သည်။ မေ ၁၈ ရက်က စိန့်ပီတာရင်ပြင်၌ယင်းအခမ်းအနားကိုကျင်းပခဲ့ခြင်းဖြစ်သည်။
၂၆၇ ဆက်မြောက် ပုပ်ရဟန်းမင်းဖြစ်လာသော လီယို-၁၄ က ကျောင်းတော်တွင်း ညီညွတ်ရေးကို ဦးစားပေး ပြောကြားခဲ့ပြီး ဘာသာရေးဝါဒဖြန့်ခြင်း၊အာဏာကစားပွဲများအတွက် နေရာမရှိစေရဟုလည်းသတိပေးခဲ့သည်။ ထို့နောက်ကမ္ဘာတလွှားက စစ်ပွဲတွေနဲ့ ပတ်သက်၍လည်း ဆုတောင်းပေးခဲ့သည်။ကမ္ဘာ့သယံဇာများအားအမြတ်ထုတ်ကာအဆင်းရဲဆုံးလူများအား ချန်လှပ်ထားသော စီးပွားရေးစနစ်ကိုလည်း ပုပ်ရဟန်းမင်းက ဝေဖန်ခဲ့သည်။ အခမ်းအနားသို့ အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များတက်ရောက်ခဲ့သည်။