မေလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်အုပ်စုတပ်စွဲထားတဲ့ မော်ဖိုးကေစခန်းကို ကရင့်တော်လှန်ရေးတပ်ပေါင်းစုက အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒေသနေ ပြည်သူ ၂၀၀ကျော်ဟာ အရေးပေါ် ထိုင်းဘက်ကမ်းကို ထွက်ပြေးလာတယ်လို့ မြေပြင်သတင်းရင်းမြစ်တဦးကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။
ဒီနေ့မှာ မော်ဖိုးကေစခန်းသိမ်းတိုက်ပွဲ စတင်ခဲ့တာကြောင့် ဒေသခံ စစ်ဘေးရှောင်ပြည်သူ ၂၁၇ဦးဟာ ထိုင်းဘက်ကမ်းကို အရေးပေါ်စစ်ရှောင်လာခဲ့ရာ ထိုင်းအာဏာပိုင်တွေက စစ်ရှောင်ပြည်သူတွေကို စနစ်တကျနေရာချထားပေးခဲ့တာလို့သိရပါတယ်။
“စခန်းသိမ်းတိုက်ပွဲစတော့ အနီးဝန်းကျင်ကပြည်သူတွေ ဘေးလွတ်ရာ ထိုင်းဘက်ပြေးရတာ။ ထိုင်းတာဝန်ရှိသူတွေကလည်း ကောင်းကောင်းမွန်မွန် နေရာချပေးပါတယ်။
ဘော်ဒါလိုင်းမှာတော့ ထိုင်းစစ်တပ်က အသင့်အနေအထားနဲ့ တပ်လှန့်ထားတဲ့အခြေအနေပါ”လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
ကရင့်အမျိုးသားအစည်းအရုံး KNUက မတ်လနဲ့ ဧပြီလတွေအတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ စစ်အုပ်စုတပ်စွဲထားတဲ့ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်း၊ မောကဝီးလေးစခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ထိုင်းမြန်မာနယ်စပ်လက်ကျန်စခန်းများအနေဖြင့် မော်ဖိုးကေ၊ မယ်လနှင့် နော်တရာစစ်စခန်းများသာ ကျန်ရှိတော့ချိန် မော်ဖိုးကေစခန်းကိုပါ ယနေ့စတင် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။
#သောင်ရင်းသတင်းလွှာ #ထိုင်း #မြန်မာ #မော်ဖိုးကေ #ကရင် #စစ်ဘေးရှောင်