ဘန်ကောက်ရှိဓာတ်ပုံပြပွဲတွင် မြန်မာငလျင်ဘေးသင့်သူများ၏ အခက်အခဲကို ပြသထား

မေလ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

လှုပ်ခါခဲ့ပြီး ဖုန်မှုန့်များအဖြစ်သို့ပြိုကျနေသည့်ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိသောဘုရားတစ်ဆူရှေ့တွင် ရပ်နေသည်ကို မြင်ယောင်ကြည့်ပါ။ ထိုအချိန်တွင် မိသားစုများ အထိတ်တလန့်ဖြင့် လမ်းပေါ်ထွက်ပြေးလာသောအခါ သင်သိသော ကမ္ဘာသည် ကွယ်ပျောက်သွားသည်။ မတ်လ ၂၈ ရက် နေ့လယ် ၁၂း၅၀ နာရီက မန္တလေးမြို့၌ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူပေါင်း ၅၀၀၀ ကျော် သေဆုံး၊ထောင်နှင့်ချီ ဒဏ်ရာရရှိကာ အိမ်ခြေ ၁၂၀၀၀၀ ကျော် ပြိုကျခဲ့သည်။ “7.7 MMERQK- မြန်မာလူထု၏ သည်းမခံနိုင်သော ငိုကြွေးသံကို ဖမ်းယူခြင်း” ပြပွဲသည် ထိုကြောက်မက်ဖွယ်ရာ အခိုက်အတန့်နှင့် ရဲစွမ်းသတ္တိတို့ကို ပြတ်ပြတ်သားသား အာရုံစိုက်လာစေသည်။

SEA Junction၊ CMB Foundation နှင့် Bangkok Tribune News တို့ ပူးပေါင်း၍ Platform 36 ဖြင့် ပုံဖော်ထားသည့် အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံအခြေစိုက် ဓာတ်ပုံဆရာ လေးဦး၊ ပညာရှင် နှစ်ဦးနှင့် နိုင်ငံသား သတင်းထောက် နှစ်ဦးတို့၏ ရုပ်ပုံများကိုပြသထားပြီး ပြပွဲတွင် ငလျင်လှုပ်ခတ်မှု၊ နိုင်ငံရေး လက်စားချေမှုများနှင့် စစ်အစိုးရ၏ ဆင်ဆာဖြတ်တောက်မှုတို့ကို ကြုံတွေ့ခဲ့ရပြီး မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်တို့တွင်ငလျင်လှုပ်ပြီးနောက် ပထမဆုံး သီတင်းပတ်အတွင်း မှတ်တမ်းတင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏တာဝန်မှာ ပညာပေးရန်နှင့်စည်းရုံးရန်ဖြစ်သည်။


“ဧည့်သည်တွေပြခန်းကထွက်ခွာတဲ့အခါ ဒီအကြောင်းကို သိရှိရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာခံစားမှုပါရ သွားစေချင်တယ်”ဟုဘန်ကောက်အနုပညာနှင့်ယဉ်ကျေးမှုစင်တာရှိ အရှေ့တောင်အာရှလေ့လာရေးဖောင်ဒေးရှင်း၏ အစီအစဉ်တစ်ခုဖြစ်သည့် SEA Junction ၏တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ Rosalia Sciortino က ပြောကြားခဲ့သည်။ ခင်းကျင်းပြသထားသည့် ဓာတ်ပုံများကို မည်သည့်နေရာများတွင် တစ်ကြိမ်တခါမျှ မပြခဲ့ဖူးပါ။ ပြိုကျနေသောအင်းဝတံတားဘေးမှဧရာဝတီမြစ်ထဲတွင်သမီးငယ်လေးကိုရေချိုးပေးနေသော မိခင်ကြီး၏လက်ထဲတွင်စုတ်ပြတ်နေသော သံမဏိဇလုံကို ဆုပ်ကိုင်ထားသည့် ပုံကို ဓာတ်ပုံလေးခုကပ်ထား​သည့်နံရံတွင်မြင်တွေ့ရသည်။ အနီးနားတွင် တစ်ချိန်က ဘာသာရေး ဝတ်ပြုရာ ပြိုပျက်နေသော ဗလီတစ်ခုအနီး အပျက်အစီးများကြားတွင်ရမ်ဇာန်လအတွင်း မွတ်စ်လင်မ်အသင်းတစ်ဖွဲ့သည် လမ်းပေါ်တွင် ဒူးထောက်ထိုင်နေကြပုံကို ပြသထားသည်။

အဆိုပါ အစွမ်းထက်သော ပုံရိပ်များသည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ ခံနိုင်ရည်အားကို ရည်ညွှန်းပြီး ငလျင်လှုပ်ခတ်မှုအပြီးတွင်ပင် ဆက်လက်အသက်ရှင်လျက် ရှိသည်။ “လူတွေက အတွင်းထဲမှာ မဆုတောင်းနိုင်တော့ဘူး၊ ဗလီမရှိတော့ပေမယ့် အပြင်မှာ ဆက်ပြီး ဆုတောင်းနေကြတယ်” ဟု ဒေါက်တာ Rosalia က ဆိုသည်။ “သူတို့က ရမ်ဇာန်လသောကြာနေ့ဗလီပြိုကျချိန်မှာ ဆုတောင်းနေခဲ့ကြတာပါ”ဟုလည်းသူကဆိုသည်။အနက်ရောင်ဘောင်ကွက်တစ်ခုတွင် ဧည့်သည်များသည် ဓာတ်ပုံဆရာ Linkar ၏ကိုယ်ပိုင်စကားများကို ဖတ်နိုင်သည်- “တစ်ခါတုန်းက ကလေးတစ်ယောက်ကို CPR လုပ်ပြနေတဲ့ ဆရာဝန်တစ်ယောက်က အသက်ကို ကယ်တင်ဖို့ ကြိုးစားနေတာတွေ့တယ်။ကျနော် ဓာတ်ပုံမရိုက်နိုင်တော့ဘူး၊နောက်တော့ကလေးဟာပြော့ခွေသွားတယ်၊ကျနော်ဓာတ်ပုံတစ်ချက်ရိုက်လိုက်တယ်၊ကျနော်လည်း တတ်နိုင်သလောက် ဓာတ်ပုံရိုက်ပြီး ငိုလိုက်တယ်။ အဲဒါက ကျွန်တော်လုပ်နိုင်တာတစ်ခုပဲ”ဟုဆိုထားသည်။

၂၀၂၁ခုနှစ် အာဏာသိမ်းမှုနှင့် ပြည်တွင်းစစ်ကြောင့်ခြောက်ခြားနေသေးသော နိုင်ငံတစ်ခုတွင် ဤဓာတ်ပုံဆရာများသည် ဓာတ်ပုံတစ်ခါရိုက်လိုက်တိုင်းထောင်ကျနိုင်သည် သို့မဟုတ် ပိုဆိုးနိုင်သည်။ ဒေါက်တာ Rosalia က “သူတို့အရမ်းသတိထားရမယ်။ “ကျွန်တော်တို့ ဓာတ်ပုံဆရာ အများစုဟာ မန္တလေးမှာ ရှိပါတယ်၊ အနည်းစုက နေပြည်တော်မှာ ရှိတယ်။ ရှမ်းပြည်နယ်အထိ ငလျင်လှုပ်ခဲ့ပေမယ့် ဓာတ်ပုံဆရာတွေက အလွယ်တကူမရိုက်နိုင်ခဲ့ပါဘူးအကြောင်းကတော့အလွယ်တကူမသိရှိခဲ့လို့ပါ”ဟုဆက်ပြောသည်။ ထို့အပြင်၊ ဓာတ်ပုံဆရာတိုင်းသည် အစိုးရမှ ၎င်းတို့၏ပုံများကို “အပျက်သဘောဆောင်သော ပြသခြင်း” အဖြစ်မှတ်ယူထားသဖြင့်၎င်းတို့၏ အမည်မှန်ကို ထုတ်ဖော်ခြင်းသည် ၎င်းတို့အတွက် အရာအားလုံးကို ဆုံးရှုံးစေနိုင်ကြောင်း သိထားသဖြင့်အမည်ဝှက်ကိုသာအသုံးပြုထားကြသည်။

ဒေါက်တာ Rosalia က ပြပွဲသည် ပိုမိုနက်ရှိုင်းသော အမှန်တရားကို ဖော်ထုတ်ပေးသည်ဟုဆိုသည်။ငလျင်ဒဏ်ခံခဲ့ရသော မြို့များတွင် အစိုးရထံမှ တရားဝင်အကူအညီ လုံးဝမရှိသလောက်ပင်ဖြစ်သည်။ “သူတို့က ဘာအကူအညီမှ မရဘူး၊ ဘာမှမရှိဘူးလို့ ပြနေတယ်။ မြင်တဲ့အတိုင်းပဲ သူတို့က သူတိုလုပ်နိုင်သမျှသူတို့ဘာသာအကုန်လုပ်တယ်၊ ရှင်းရမယ်၊ဘာအကူအညီမှ မရှိဘူး။ အပျက်အစီးတွေကိုမဖယ်ရှားနိုင်လို့ အလောင်းတွေကိုတောင်မသယ်ထုတ်နိုင်ကြသေးဘူး” ဟု သူက ပြောသည်။ အစိုးရသည် နိုင်ငံတကာအကူအညီများ လက်ခံရရှိသည့်တိုင်အကူအညီများသည် ပဋိပက္ခကြောင့် ပြိုကွဲနေသော လူ့အဖွဲ့အစည်းများသို့ ရောက်ရှိခဲလှသည်။ အစိုးရသည် အရင်းအမြစ်များကို မျှမျှတတ ခွဲဝေမပေးသည့်အတွက် ပြည်သူမှ ပြည်သူသို့ထောက်ပံ့မှု မရှိမဖြစ် လိုအပ်သည်။

Dr Rosalia သည် တစ်ခုနှင့်တစ်ခုအပေါ်တွင် အစီအမံချထားသော နှလုံးသည်းပွတ်ဓာတ်ပုံနှစ်ပုံပါသည့် အကန့်တစ်ခုကို ပြသထားသည်။ ပထမတွင်၊ သတိလစ်နေပုံရသော ကလေးအား ပွေ့ပိုက်ထားသည့် အစိမ်းရောင်အဝတ်ကိုဝတ်ထားသောဆရာဝန်များကို တွေ့နိုင်ပါသည်။နောက် ဓာတ်ပုံတစ်ပုံတွင်လက်များက ဦးရေပြားပေါ်ရှိ ဒဏ်ရာတစ်ခုပေါ်တွင်ပတ်တီးအသစ်များစည်းပေးနေစဉ် တုန်လှုပ်ခြောက်ခြားနေသည့် မိန်းကလေးတစ်ဦး၏ပြူးကျယ်နေသော မျက်လုံးများကို အနီးကပ်ပြသထားသည်။ “ဒီနှစ်ပုံက အရမ်း အသေးစိတ်ကျပါတယ်”ဟု Dr Rosalia ကဆိုသည် “သူတို့ကို ပြထားသင့်လားဆိုတာ ကျမတို့ မသိခဲ့ပေမဲ့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်မှန်ကို လူတိုင်းကို ချပြဖို့ ဆုံးဖြတ်ခဲ့တယ်”ဟုလည်းဆက်ပြောသည်။

ထို့အပြင် မြန်မာ့စစ်အစိုးရကို ဆန့်ကျင်သည့် အမျိုးသားညီညွတ်ရေးအရပ်သားအစိုးရNUG ကငလျင်လှုပ်ခတ်မှုအပြီးတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် နှစ်ပတ်ကြာ အပစ်အခတ်ခေတ္တရပ်နားကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း စစ်အစိုးရက၎င်းကို ဆန့်ကျင်သူတပ်ဖွဲများကို လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုကို ဆက်လက်ဖြစ်စေခဲ့သည်။ “7.7 မြေငလျင်-မြန်မာပြည်သူလူထု၏ သည်းမခံနိုင်သောငိုသံကို ဖမ်းယူခြင်း” ပြပွဲကို ဘန်ကောက်အနုပညာနှင့် ယဉ်ကျေးမှုစင်တာ ပထမထပ်ရှိ Corner Space တွင် မေလ ၆ ရက်မှ မေလ ၂၄ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ လာရောက်ကြည့်ရှုသူများသည် အကန့်အသတ်ဖြင့်ထုတ်ဝေသော ပုံနှိပ်များနှင့် ပြပွဲစာအုပ်ငယ်များကို ဝယ်ယူခြင်းဖြင့် ရရှိငွေ၏ ၁၀၀% ကို မြန်မာနိုင်ငံရှိ ယုံကြည်စိတ်ချရသော အကူအညီပေးရေးအဖွဲ့များထံ တိုက်ရိုက်ပေးဆောင်နိုင်သည်ဟု ဒေါက်တာ Rosalia က ဆိုသည်။ ဘဏ်ငွေလွှဲမှတဆင့် လှူဒါန်းလိုပါက TTB ဘဏ်အကောင့်နံပါတ် 0431077502 ကိုအသုံးပြုပါ။ အကောင့်အမည် Foundation for Southeast Asia Studies။

အဲမောင်း
ဘန်ကောက်ပို့စ်တွင်ဖော်ပြသည့် Exhibition shows plight of quake survivors ဆောင်းပါးကိုပြန်ဆိုပါသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *