မေလ ၂၄၊ ၂၀၁၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံ ဆိုက်ဘာရာဇဝတ်မှုထောက်လှမ်းရေးဗျုရို(CCIB) သည် နှစ်စဉ် ဘတ်ငွေ သန်း ၁၂၀ ကျော် လည်ပတ်နေသော 3AVIPBET လောင်းကစား ဝက်ဘ်ဆိုဒ်ကို ပိတ်လိုက်ပြီး နိုင်ငံမှ ထွက်ပြေးရန် ကြိုးပမ်းသည့် အဓိက သံသယရှိသူကို ဖမ်းဆီးခဲ့သည်ဟု Thai Enquirer သတင်းကမေ ၂၄ရက်တွင်ဖော်ပြသည်။ ဟောင်ကောင်သို့ ထွက်ပြေးရန် ကြိုးပမ်းစဉ် သုဝဏ္ဏဘူမိလေဆိပ်တွင် ထိုင်းအမျိုးသမီးတစ်ဦးအပါအဝင် သံသယရှိသူငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ ဘတ်ငွေ ၇ သန်းကျော်တန်ဖိုးရှိ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အများပြည်သူ၏တိုင်ကြားချက်များရရှိခဲ့အပြီးတွင် စုံစမ်းစစ်ဆေးမှု စတင်ခဲ့ခြင်းဖြစ်သည်။ ဆက်သွယ်ရေးနှင့် အင်တာနက်အသုံးပြုခွင့်ကို အစိုးရက ပိတ်ဆို့ထားသော်လည်း ဖုန်းခေါ်ဆိုခများနှင့် လောင်းကစားလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည့်မယ်ဆိုင်နယ်စပ်မြို့အနီးရှိသော မြန်မာနိုင်ငံရှိ ၎င်းကွန်ရက်၏ ပရိုဂရမ်အခြေစိုက်စခန်းအား အာဏာပိုင်များက ခြေရာခံရှာဖွေခဲ့သည်။
ရာဇ၀တ်မှုအဖွဲ့များသည် ဂြိုလ်တုအင်တာနက်နှင့် အခြားအသုံးအဆောင်ပစ္စည်းများကိုပြောင်းလဲအသုံးပြုခဲ့ကြ ပြီး ယင်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ အဆိုပါဝက်ဘ်ဆိုက်သည် ၂၀၂၀ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့ပြီး လစဉ် ဘတ်ငွေ ၁၀ သန်းကျော် ရရှိခဲ့သည်။ ရဲတပ်ဖွဲ့သည် သံသယရှိသူ ကိုးဦးကို ဖမ်းဝရမ်းထုတ်ထားပြီး ချင်းမိုင်၊ ချင်းရိုင်နှင့် ဘန်ကောက်တို့တွင် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ ဖမ်းဆီးခံရသူများထဲတွင် အသက် ၆၆ နှစ်အရွယ် ငွေကိုင်သူ၊ အသက် ၄၇ နှစ်အရွယ် အကောင့်ပိုင်ရှင်၊တစ်လလျှင် ဘတ် ၃၀၀၀၀ မှ ၅၀၀၀၀ရရှိနေသည့် အသက် ၂၈ နှစ်အရွယ် ကြော်ငြာအေးဂျင့်၊ဘန်ကောက်မြို့ရှိ ဇိမ်ခံကွန်ဒိုမီနီယံတစ်ခုတွင် အဖမ်းခံရသည့် အသက် ၂၇ နှစ်အရွယ် စီမံခန့်ခွဲသူ အက်မင်တစ်ဦးတို့ ပါဝင်သည်။ အသက် ၃၀ အရွယ် သံသယရှိသူကို လေဆိပ်မှာ ဖမ်းမိခဲ့ပြီး လက်ရှိတွင်သူကစွဲချက်များကို ငြင်းဆိုထားသည်။
သိမ်းဆည်းရမိသည့် ပိုင်ဆိုင်မှုများမှာ ငွေသား စုစုပေါင်း ထိုင်းဘတ်ငွေ ၂.၅ သန်း၊ ဘတ်ငွေ ၂၀၀၀၀၀ ခန့်တန်ဖိုးရှိ တရုတ်သုံးငွေ၊ ဘတ် ၃.၇ သန်းကျော် တန်ဖိုးရှိ ကွန်ဒိုအခန်း နှစ်ခု၊ ဘဏ်စာရင်းစာအုပ် ခြောက်အုပ်၊ လက်ကိုင်ဖုန်းလေးလုံးနှင့် MacBook Air တစ်လုံးတို့ ပါဝင်သည်။ သံသယရှိသူအားလုံးသည် တရားမဝင် လောင်းကစား ပံ့ပိုးမှု၊ ပူးပေါင်းကြံစည်မှုနှင့် ငွေကြေးခဝါချမှုတို့ဖြင့် စွဲချက်တင်ခံရသည်။ ကျန်တရားခံများကို ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေပြီး မှုခင်းများမှရရှိသော အမြတ်ငွေအားလုံးကို ပြန်လည်ရရှိရန် စုံစမ်းဖော်ထုတ်လျက်ရှိသည်။