မေလ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
Kok မြစ်အတွင်း အာဆင်းနစ်နှင့် သတ္တုအကြီးစားများ ညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် မြန်မာနိုင်ငံ အာဏာပိုင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ထိုင်းဒုတိယ၀န်ကြီးချုပ် Prasert Jantararauangtong က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်က မေ ၂၈ရက်တွင်ဖော်ပြသည်။ ရေမျက်နှာပြင် အရည်အသွေး မြှင့်တင်ရေး အထူးဆပ်ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သည့် Mr Prasert သည် မေ ၂၇ရက်နေ့တွင် ချင်းရိုင်ခရိုင် မြို့တော်ခန်းမ၌ အစည်းအဝေးကို ဦးဆောင်ခဲ့သည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်တို့တွင် စီးဆင်းနေသည့် Kok မြစ်အတွင်း ရွှေတူးဖော်မှုကြောင့်ညစ်ညမ်းမှုဆိုင်ရာ စိုးရိမ်မှုများကို အစိုးရက ဦးစားပေး လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ညှိနှိုင်းမှုများသည် အကဲဆတ်နိုင်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။ လုပ်ငန်းလည်ပတ်မှုအဆင့်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မူဝါဒအဆင့်တွင် မပါဝင်သေးပေ။ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ၎င်း၏ ခရီးစဉ် မတိုင်မီ ညှိနှိုင်းရမည့် နေ့ရက်များကို ဆုံးဖြတ်ရန် လုပ်ဆောင်နေကြောင်း Prasertက ပြောကြားခဲ့သည်။
“ကျနော်တို့ [ထိုင်း] မှာ ဂြိုလ်တုဓာတ်ပုံတွေ ရှိတယ်။ (ထိုင်းနဲ့ မြန်မာ) က ပြဿနာရဲ့ မူလဇစ်မြစ်ကို ဖြေရှင်းချက်မရှာခင်မှာ သဘောတူရမယ်” ဟု ၎င်းက ဆိုသည်။
မြစ်ငါးများ၏ အရေပြားပေါ်တွင် အနီရောင်အဖုများ တွေ့ရှိရသည့် အစီရင်ခံစာများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကိုလည်း ၎င်းက ပြောကြားခဲ့ပြီး ယင်းအခြေအနေမှာ အာဆင်းနစ်ကြောင့်မဟုတ်သော်လည်း ရေထဲမှဘက်တီးရီးယားပိုးများကြောင့်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သဘာဝရင်းမြစ်အမျိုးမျိုးမှ ရေစမ်းသပ်မှုရလဒ်များသည် အများအားဖြင့် ပုံမှန်ပြန်ဖြစ်ခဲ့သော်လည်း အာဆင်းနစ်ပမာဏသည် ထိုင်း-မြန်မာနယ်စပ်တွင် ပုံမှန်ထက် ပိုများနေကြောင်း Mr Prasert မှ ပြောကြားခဲ့ပါသည်။ ထိုရင်းမြစ်များမှ ရေများကို တိုက်ရိုက်ထိတွေ့ခြင်း သို့မဟုတ် သုံးစွဲခြင်းမပြုရန် ၎င်းက သတိပေးခဲ့သည်။ ရေပိုက်မှရေသည် အန္တရာယ်ကင်းသည်ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုအတောအတွင်း အထက်လွှတ်တော်အမတ် Angkhana Neelapaijit က မြန်မာအစိုးရသည် ယင်းကိစ္စကို ဆွေးနွေးရန်အတွက် ၎င်း၏ “တရုတ်နှင့် နီးကပ်သောဆက်ဆံရေး” ကို အသုံးပြုသင့်ကြောင်း ပြောကြားခဲ့သည်။ သတ္တုတွင်းကုမ္ပဏီပိုင်ရှင်သည် တရုတ်လူမျိုးဖြစ်ကြောင်း အစောပိုင်းက သတင်းရရှိခဲ့သည်။ ရွှေတွင်းတည်ရှိရာ ဝပြည်နယ်သည် ကုလသမဂ္ဂက အသိအမှတ်မပြုသောကြောင့် ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်း၍မရသော်လည်း သတ္တုတွင်းကုမ္ပဏီများနှင့် ဆွေးနွေးပြီး တာဝန်ယူရမည်ဟု Angkhana Neelapaijitက ပြောသည်။