တရုတ်၏ဖိအားပေးမှုကြောင့်မြန်မာ တော်လှန်ရေးတပ်ဖွဲ့များသည် အောင်မြေကိုပြန်လည်ပေးအပ်လိုက်ရ

မေလ ၃၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

လားရှိုးသည်မြန်မာနိုင်ငံတွင် လေးနှစ်ကြာ ပြည်တွင်းစစ်တွင်ဆန့်ကျင်ပုန်ကန်သူများ၏အောင်ပွဲများထဲမှ တစ်ခုဖြစ်သည်။ သူပုန်တပ်ဖွဲ့ ဒါဇင်ဝက်ထံမှ ထောင်နှင့်ချီသော တော်လှန်ရေးသမားများသည် စစ်ဌာနချုပ်တစ်ခုတည်ရှိရာလားရှိုးမြို့ကို သိမ်းပိုက်ခဲ့ပြီး ယင်းသည်တရုတ်နယ်စပ်မှ ၇၅ မိုင်အကွာရှိသည်။ တော်လှန်သူတပ်ဖွဲ့များသည်စစ်အစိုးရ၏ အမြောက်များနှင့် လေကြောင်းတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရပြီးနောက်သူတို့သည် လက်နက်ငယ်များ၊ ဒုံးကန်အားသုံး လက်ပစ်ဗုံးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် ပြင်းထန်သော လမ်းပေါ်တိုက်ပွဲများတွင် အနိုင်ရခဲ့သည်။ ဩဂုတ်လက အောင်ပွဲသည် တိုက်ခိုက်ရေးသမား ၅၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။ သို့သော် အံ့မခန်းသော ပြောင်းပြန်ပြန်ဖြစ်သွားမှုတွင် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခံရခြင်းမရှိဘဲ ပြီးခဲ့သည့်လက ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို တိတ်တဆိတ် စွန့်လွှတ်ကာ ၎င်းတို့၏ ခက်ခက်ခဲခဲရခဲ့သော နယ်မြေကို စစ်အစိုးရထံ ပြန်လည်ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံအလံကို လွှင့်တင်ထားသည့် ယာဉ်အစီးရေ ၂၀၀ ပါ စစ်ယာဉ်တန်းသည် ဧပြီလနှောင်းပိုင်းတွင် မြို့တွင်းသို့ လှိမ့်ဝင်ကာ လားရှိုးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ဤကဲ့သို့ရုတ်တရက် ဆုတ်ခွာရခြင်းသည် ပြည်တွင်းစစ်တွင် ဝင်ရောက်စွက်ဖက်နေသည့် တရုတ်နိုင်ငံ၏ ဖိအားကြောင့် ဖြစ်သည်ဟု တော်လှန်ရေးခေါင်းဆောင်များက ပြောသည်။


တော်လှန်ရေးခေါင်းဆောင်များနှင့် လေ့လာသုံးသပ်သူများက တရုတ်သည်မြန်မာနိုင်ငံတွင် ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော ၎င်း၏ဘဏ္ဍာရေးဆိုင်ရာ အကျိုးစီးပွားများကို အကာအကွယ်ပေးနေကြောင်းပြောကြားကြသည်။ ယင်းတို့တွင်ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ဘင်္ဂလားပင်လယ်အော်မှ မိုင် ၅၀၀ နီးပါး ပို့ဆောင်ပေးသည့် ပိုက်လိုင်းများနှင့် ခေတ်သစ်ပိုးလမ်းမစီးပွားရေးစင်္ကြ (BRI) ၏ ထီးရိပ်အောက်တွင် တည်ဆောက်နေသည့် အခြေခံအဆောက်အဦ စီမံကိန်းများ ပါဝင်သည်။ လားရှိုးမြို့မှ တော်လှန်ရေးတပ်များဆုတ်ခွာစေရန်တရုတ်က နယ်စပ်ကုန်သွယ်ရေးကို ပိတ်ဆို့ခဲ့ပြီး အနီးနားမြို့များတွင် လျှပ်စစ်နှင့် အင်တာနက် ဝန်ဆောင်မှုကို ဖြတ်တောက်ခဲ့ပြီး တရုတ်နိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် အဓိက တော်လှန်ရေးအဖွဲ့၏ တပ်မှူးကို ဖမ်းဆီးထားခဲ့ကြောင်း သိရသည်။ “မြန်မာပြည်တွင်းရေးကို တရုတ်က ဝင်မစွက်ဖက်ဘူးလို့ ပြောပေမယ့် လားရှိုးမှာ ရှင်းရှင်းလင်းလင်း ဝင်ရောက်ပြီး အခြေအနေကို တိုက်ရိုက် စီမံခန့်ခွဲတယ်” ဟု လားရှိုးတိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဒီမိုကရေစီ လိုလားသူ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နီနီကျော်က ပြောသည်။ မြန်မာ့အရေးကို တရုတ်၏ချဉ်းကပ်မှုသည် ကိုယ်ကျိုးစီးပွားသက်သက်ဖြင့် တွန်းအားပေးနေခြင်းဖြစ်သည်ဟုလည်းသူကဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များ မြို့မှ ဆုတ်ခွာသွားခြင်းကို “ကြေကွဲဖွယ်ရာ” ဟုသူကဆက်ဆိုသည်။

ဘေဂျင်းသည် မြန်မာ့အရေးတွင် ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို လူသိရှင်ကြား ကြေငြာထားသော်လည်း ၎င်းသည် ထိုဒေသတွင် ကာလရှည်ကြာတိုက်ခိုက်နေကြသောမြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ— တစ်ခါတစ်ရံ ပြင်းထန်သော ပြိုင်ဘက်များ—အား လက်နက်များ ပံ့ပိုးပေးခြင်းဖြင့် ထိုနေရာတွင် ခေတ်ပြိုင် အကျိုးစီးပွားများကို စီမံခန့်ခွဲသည့် ရှည်လျားသော သမိုင်းကြောင်းရှိသည်။ “ပဋိပက္ခရဲ့ ဘက်ပေါင်းစုံကို တရုတ်က လက်နက်တပ်ဆင်ပေးနေတာ နှစ်အတော်ကြာနေတဲ့လူတိုင်းသိသောလျှို့ဝှက်ချက်ကြီးပါ” ဟု မြန်မာနိုင်ငံတွင် ကာလကြာရှည်စွာ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို လိုက်ကြည့်ခဲ့သည့် လွတ်လပ်သော လေ့လာသုံးသပ်သူ David Mathieson က ပြောကြားခဲ့သည်။ “တရုတ်က ငြိမ်းချမ်းရေးကို စိတ်မဝင်စားဘူး။ သူ့ဘာသာသူပဲ စိတ်ဝင်စားတယ်၊ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို မြင်နိုင်ပါတယ်”ဟုသူကဆက်ပြောသည် ။ အလားတူ ထိုးစစ်ဆင်နေစဉ်အတွင်း လားရှိုးမြို့အနီး ရှိနယ်မြေအချို့ကို သိမ်းယူခဲ့သည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်က လည်းသိမ်းပိုက်ထားသော မြို့ငါးမြို့မှ ဆုတ်ခွာရန် တရုတ်နိုင်ငံမှ သီးခြားတောင်းဆိုမှုကို ခုခံနေရကြောင်းပြောသည်။ “အခုတော့ အဲဒီမြို့တွေကို ပြန်ပေးဖို့ တရုတ်က ကျနော်တို့ကို ဖိအားပေးနေတယ်” ဟု TNLA အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာပန်လှက အင်တာဗျူးတစ်ခုတွင် ပြောသည်။ “တရုတ်-မြန်မာ နယ်စပ်တလျှောက် ဒါမှမဟုတ် ပိုက်လိုင်းအနီးမှာ တိုက်ပွဲတွေ မဆင်နွှဲဖို့ ကျနော်တို့ကို သတိပေးထားပါတယ်။ တကယ်တော့ သူတို့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ နေရာတိုင်းမှာ တိုက်ပွဲတွေ မဖြစ်သင့်ဘူးလို့ အတိအလင်း ပြောထားပါတယ်”ဟုလည်းသူကပြောသည်။

ယခုလတွင် တရုတ်သမ္မတ ရှိကျင့်ဖျင်သည် မော်စကိုတွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် လူသိရှင်ကြား တွေ့ဆုံခဲ့သည်။ “နယ်မြေစည်းလုံးညီညွတ်မှုနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး” ကို ကာကွယ်ရန်အတွက်တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ထောက်ခံကြောင်း ရှီက မင်းအောင်လှိုင်အားပြောကြားခဲ့ပြီး “မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းများ၊ အဖွဲ့အစည်းများနှင့် ပရောဂျက်များ ဘေးကင်းစေရန်အတွက် ခြေလှမ်းများ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်” ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ လွန်ခဲ့သည့် ၁၈ လအတွင်း စစ်အစိုးရသည် တော်လှန်ရေးအင်အားစုများအတွက် အရေးပါသော နယ်မြေများကိုစွန့်လွှတ်ခဲ့ရပြီးယင်းကမကြာသေးမီက ဖွဲ့စည်းထားသည့်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် စစ်တပ်ကို ကာလရှည်ကြာ တိုက်ပွဲဝင်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လက်ဝါးရိုက်လုပ်ဆောင်မှုတစ်ခုဖြစ်သည်။ ယခုအခါ တော်လှန်ရေးတပ်များသည် နိုင်ငံ၏ နယ်မြေတစ်ဝက်ကျော်ကို သိမ်းပိုက်ထားသည်။သို့သော် စစ်အစိုးရသည် အဓိကမြို့ကြီးများ၊ လေဆိပ်များနှင့် ဆိပ်ကမ်းများ အပါအဝင် နိုင်ငံ၏ အဓိကဗဟိုချက်ကို ဆက်လက်ထိန်းချုပ်ထားသည်။ ခေတ်မီလက်နက်များနှင့် ဗဟိုကွပ်ကဲမှုဖွဲ့စည်းပုံ အားနည်းခြင်းကြောင့် တော်လှန်သူများအားအနှောင့်အယှက်ဖြစ်စေသည်။ စစ်တပ်သည်မြေပြင်ပေါ်ရှိတော်လှန်ပုန်ကန်သူများကို အနိုင်ယူနိုင်ခြင်း မရှိသေးဘဲ တရုတ်လုပ် လေယာဉ်များနှင့် ဒရုန်းများကို မကြာခဏ အသုံးပြုကာ အရပ်သားများကို စစ်ရေးအရ မဆုတ်မနစ် လေကြောင်း စစ်ဆင်ရေး ဆင်နွှဲခဲ့သည်။

မတ်လနှောင်းပိုင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် စစ်အစိုးရက အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း ငလျင်ဒဏ်သင့်ဒေသများတွင် အရပ်သားများကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူပေါင်း ၃၃၀ ကျော် သေဆုံးခဲ့ကြောင်း အတိုက်အခံ အမျိုးသားညီညွတ်ရေး အစိုးရကပြောသည်။ ပြီးခဲ့သည့် မေလလယ်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီးရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်တပ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား ၂၂ ဦးနှင့် ဆရာနှစ်ဦး သေဆုံးခဲ့သည်။ ဆိုးရွားလှသော ဓာတ်ပုံများတွင် ကျောင်းဝင်းအတွင်း ကလေးငယ်များ၏ အလောင်းများကို တန်းစီချထားသည်ကို မြင်တွေ့ခဲ့ရသည်။ ရှမ်းပြည်နယ်တွင် တော်လှန်ရေးတပ်များ၏ အောင်ပွဲအား ကိုးကန့်အဖွဲ့ဟု လူသိများသော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က ဦးဆောင်ခဲ့သည်။ ဟန်တရုတ်နွယ်ဖွား ကိုးကန့်လူမျိုးများဖြင့် ဖွဲ့စည်းထားပြီး မန်ဒရင်းတရုတ်စကားပြောသော်လည်း မြန်မာနယ်စပ်တွင် နေထိုင်ကြသည်။ မြန်မာနိုင်ငံက လူတော်တော်များများက ၎င်းတို့ကို တရုတ်လူမျိုးဟုမြင်ကြသည်။ အဆိုပါအဖွဲ့သည် နယ်စပ်တစ်လျှောက် ၎င်း၏ဇာတိမြေကို နှစ်အတော်ကြာ ထိန်းချုပ်ထားသော်လည်း – တရုတ်နိုင်ငံမှ ထောက်ပံ့သော လက်နက်အကူအညီဖြင့် လားရှိုးမြို့ကို သြဂုတ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် သိမ်းပိုက်ခဲ့ပြီး ဗိုလ်ချုပ် သုံးဦးအပါအဝင် ထောင်နှင့်ချီသော အကျဉ်းသားများကို ဖမ်းဆီးခဲ့သည်။

ဤသည်မှာ တရုတ်အရာရှိများ၏အလှမ်းကျယ်သောခြေလှမ်းတစ်ခုဆိုသည်မှာ ထင်ရှားသည်။ နိုဝင်ဘာလတွင် တရုတ်အာဏာပိုင်များသည် နယ်စပ်ဖြတ်ကျော်ကာ MNDAA အဖွဲ့၏တပ်မှူး ထုန်တာ့ရွှင်(Peng Daxun )ကို ဖမ်းဆီးကာ နေအိမ်အကျယ်ချုပ်ချထားခဲ့ကြောင်း ၎င်း၏ထောက်ခံသူများထံမှ သိရသည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သူ့ကို ဖမ်းဆီးခြင်း မပြုကြောင်း ငြင်းဆိုထားပြီး တရုတ်တွင် ဆေးကုသမှု ခံယူရာမှ ပြန်လည် သက်သာလာသည်ဟု ဆိုသည်။ တချိန်တည်းမှာပင် စစ်အစိုးရက လားရှိုးမြို့ကို ဗုံးကြဲပြီး မြို့လယ်တွင် ပျက်စီးဆုံးရှုံးမှုများ ကြီးမားစွာ ဖြစ်ပေါ်နေခြင်းကြောင့် ပေကျင်းက မကျေနပ်ကြောင်း လေ့လာသုံးသပ်သူ မစ္စတာ Mathieson က ပြောသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဒါဇင်ကျော် သေဆုံးပြီး တက္ကသိုလ်များ၊ အထက်တန်းကျောင်း၊ ဘုရားကျောင်းများ၊ ဟိုတယ်များနှင့် စျေးဆိုင် ဒါဇင်ပေါင်းများစွာ အပါအဝင် အဆောက်အဦ ၁၈၀ ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းမှ သိရသည်။ အကယ်၍ ၎င်းတို့ မဆုတ်ခွာပါက စစ်အစိုးရ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားမည်ဖြစ်ပြီး အရပ်သားများ အများအပြား သေဆုံးမည်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက သတိပေးထားသည်။ စစ်အစိုးရကို ပြိုလဲခွင့် မပြုနိုင်ကြောင်းလည်း ၎င်းတို့က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ကြောင်း လူသိရှင်ကြား ပြောဆိုခွင့်မရှိသောကြောင့် အမည်မဖော်လိုသူ ကိုးကန့်တပ်မှ အရာရှိတဦးက ပြောသည်။

စစ်အစိုးရက လားရှိုးမြို့သို့ လှိမ့်ဆင်းလာသောအခါတွင် မော်တော်ယာဥ်အများအပြားတွင် ငြိမ်းချမ်းရေးစောင့်ကြည့်သူများအဖြစ် ဖော်ပြထားသည်​တရုတ်စာတန်းများပါရှိသည်။ အဆိုပါ လွှဲပြောင်းပေးအပ်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဌာနမှပြောရေးဆိုခွင့်ရှိသူ Guo Jiakun က တရုတ်နိုင်ငံ၏ စွက်ဖက်မှုကင်းရှင်းရေးမူဝါဒကို ထပ်လောင်းပြောကြားခဲ့သော်လည်း တရုတ်နိုင်ငံသည် မြန်မာအား လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို အကာအကွယ်ပေးသည့်အနေဖြင့် ထောက်ခံကြောင်း ပြောကြားခဲ့သည်။ ကိုးကန့်အဖွဲ့ ထိန်းချုပ်ရာ လားရှိုးမြို့တွင် ရှစ်လတာကာလအတွင်း စစ်တပ်ထိန်းချုပ်မှုအောက်မှ တိမ်းရှောင်လာသော ဆရာဝန်များကို စုဆောင်းခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရန် ကြိုးစားခဲ့သည်။ လားရှိုးမြို့သို့ မြန်မာစစ်တပ်ကပြန်ဝင်ရောက်လာချိန်တွင် စောင့်ကြည့်နေသည့် ဒေါက်တာမင်းဟု အမည်ပေး ထားသည့် ဆရာဝန်တစ်ဦးက ပြောကြားရာတွင် ၎င်း၏ညီတစ်ဝမ်းကွဲတော်သူသည် မြို့ကိုသိမ်းယူရေး တိုက်ပွဲတွင် ကျဆုံးခဲ့သော တော်လှန်တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သည်ဟုဆိုသည်။ “စစ်ယာဉ်တန်းနဲ့ ရာနဲ့ချီတဲ့ ကားအစီးရေတွေ မြို့ထဲကို ဝင်လာတာကို တွေ့လိုက်ရတော့ တချို့က တရုတ်စာလုံးနဲ့ ရေးထားတဲ့အတွက် ဒေါသထွက်ပြီး ဝမ်းနည်းပူဆွေးခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။ “မြို့ကို သိမ်းပိုက်ဖို့ အသက်ပေးခဲ့ကြတဲ့ တော်လှန်ရေးတပ်သားတွေအားလုံးရဲ့ အသက်တွေကို ဘယ်လို အလဟသ ဖြုန်းတီးခဲ့ကြသလဲဆိုတာကို တွေးကြည့်မိပါတယ်”ဟုသူကဆက်လက်ပြောကြားသည်။

အဲမောင်း
The Newyork Times သတင်းတွင်ဖော်ပြသည့် Richard C. Paddockခရေးသားသည့်
Under Pressure From China, Myanmar Rebels Cede Hard-Won Territory ကိုပြန်ဆိုပါသည်။Richard C. Paddock သည် မော်စကို၊ ဂျာကာတာ၊ စင်္ကာပူနှင့် ဘန်ကောက်တို့တွင် သတင်းတင်ဆက်နေသည့်တိုက်ကြီးငါးခုရှိ နိုင်ငံပေါင်း ၅၀ တွင် နိုင်ငံခြား သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် The Times တွင် ပါဝင်သူအဖြစ် ၂၀၁၆ ခုနှစ်မှစတင်၍ လွှမ်းခြုံဖော်ပြခဲ့သည့် အရှေ့တောင်အာရှအကြောင်း သတင်းဆောင်းပါးများရေးသားတင်ပြသည်မှာ ၁၂နှစ်နီးပါးကြာခဲ့ပြီဖြစ်သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *