ဇွန်လ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
“ဝ” ပြည်နယ်၊ နယ်စပ်ဒေသမှ တရုတ်ဘက်သို့မူးယစ်ဆေးဝါး မှောင်ခိုကူးသူများကို “ဝ” ပြည်နယ် တရားစီရင်ရေး ကော်မတီနှင့်တရုတ်အစိုးရတို့က ပူးပေါင်းပြီး နှိမ်နင်းကာ ဖမ်းဆီးနိုင်ခဲ့ကြောင်း WSP (Wa Special Police) ကဇွန်လ ၈ရက်ကနေ့ က ၎င်းတို့လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားကြောင်း WaNews Land သတင်းကဖော်ပြသည်။
“ဝ” ပြည်နယ် တရားရေး ကော်မတီက နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး မှုခင်းများနှင့်ပတ်သက်၍ ပြင်းထန်စွာ ဖြစ်ပွားနေသည့် မူးယစ်ဆေးဝါး မှောင်ခိုမှုကြီးတစ်ခုကို အောင်မြင်စွာ နှိမ်နင်းနိုင်ရန်အတွက် တရုတ်ရဲများနှင့်အတူ အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုဆိုပါသည်။
“ဝ” – တရုတ်နယ်စပ်ဂိတ် တစ်ခုဖြစ်သည့်မန်အာဆိပ်ကမ်းမှမူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်သည့်ဖမ်းဆီးရမိခဲ့သော ဆေးဝါးများကို ဇွန်လ (၈) ရက်နေ့က တရုတ်နိုင်ငံဘက်သို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသည်ဟုသတင်းကတက်လကဖော်ပြသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည်နိုင်ငံရပ်ခြားကတဆင့် ထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ခိုးသွင်းဖို့ ကြိုးပမ်းနေသည်ဟုသတင်းရပြီးချင်း တရုတ်နိုင်ငံ အစိုးရသက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ထံမှ ပံ့ပိုးကူညီပေးမှုကို ရရှိပြီးနောက် “ဝ”ပြည်နယ် တရားရေး ကော်မတီဘက်က အမှုကိုအမြန်ဆုံး စုံစမ်းစစ်ဆေးမှုလုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ရဲတပ်ဖွဲ့ဝင်များသည်မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို အနီးကပ် စောင့်ကြည့်ခဲ့ပြီး မှောင်ခိုသယ်ယူပို့ဆောင်ရေး၏အဓိကဆုံမှတ်များကို အောင်မြင်စွာဖြင့်စုံစမ်းနိုင်ခဲ့သည်ဟုလည်းဆိုသည်။
မူးယစ်ဆေး အမျိုးအစားတွေဖြစ်သောစိတ်ကြွဆေးပြား ၇၂၇.၅ ကီလိုဂရမ်၊ ဘိန်း ၆.၂ကီလိုဂရမ်၊ ဘိန်းဖြူ ၁၉ ကီလို၊ Ephedrine ၀.၅ ကီလိုဂရမ်၊ သံသယဖြစ်ဖွယ် မူးယစ်ဆေးဝါး ၀.၃ ကီလိုဂရမ်နှင့်ဆေးဝါး ၆၅ ပုလင်းတို့ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟုသတင်းကဆက်လက်ဖော်ပြသည်။