❝ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ ❞

❝ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ ❞

═════════════
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း လာမယ့် ဇွန် (၁၉) ရက်နေ့ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ရက်မြတ် ဖြစ်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုရဲ့ အဓမ္မ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့အသက်အကြီးဆုံးသော နိုင်ငံရေးအကျဉ်းသားပဲ ဖြစ်ပါလိမ့်မယ်။
အာဏာသိမ်းဖက်ဆစ်တပ်ဟာ ယခုထိ ရရှိထားတဲ့ အချက်အလက်တွေအရ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၂၂၁၂၂) ဦးကို အဓမ္မ ချုပ်နှောင်ဖမ်းဆီး အကျဉ်းချထားတယ်လို့ သိရပါတယ်။ ဒီအရေအတွက်ကြောင့်ပဲ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ နိုင်ငံရေးအကျဉ်းသား အများဆုံးဖမ်းဆီးခံထားရတဲ့တိုင်းပြည်တခု ဖြစ်ပါလိမ့်မယ်။ အာဏာသိမ်းစစ်အုပ်စုဟာ ဒီနှစ်ကုန် ဒီဇင်ဘာလထဲမှာ “လုပ်ပွဲ” တခု ထပ်ဖန်တီးဖို့လည်း ရှိနေပါတယ်။ အဲ့ဒါကတော့ “အတုအယောင် ဟန်ပြ ရွေးကောက်ပွဲ” ဆိုတာပါပဲ။ ဒီ​ကနေ အာဏာသိမ်းစစ်တပ်မှသည် တရားဝင်ရွေးကောက်ခံအစိုးရ ဆိုတာကြီး ဖြစ်သွားလိမ့်မယ်ပေါ့.အတော်ရယ်ရတဲ့ သူတွေပါပဲ။ ဒါသည်ပင် လူထုကို အထင်သေးခြင်း၊ စော်ကားခြင်းသာ ဖြစ်ပါတယ်။ စစ်ကျွန်သက်ဆိုး ရှည်စေမယ့် ဒီလုပ်ပွဲကိုလည်း ပြည်သူလူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ကြဖို့ သိပ်ကို အရေးကြီးပါတယ်။


အသက် (၈၀) ပြည့်သွားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ယုံကြည်ချက်အတွက်၊ စစ်အာဏာရှင်လက်က တိုင်းပြည်လွတ်မြောက်ရေးအတွက် ဒီအသက်အရွယ်ထိ ဆက်လက် ကြိုးပမ်းထမ်းရွက်နေဆဲပါ။ အကျဉ်းထောင်တွေထဲက ခေါင်းဆောင်တွေ၊ ရဲဘော်တွေကတောင် မဆုတ်မနစ်တိုက်ပွဲဝင်နေကြချိန်မှာအကျယ်ထောင်က ပြည်သူလူထုအနေနဲ့ကလည်းတော်လှန်ရေးမှတပါး အခြားမရှိပါဘူး။ တော်လှန်ရေးလို့ဆိုရာမှာလည်း လ-က်န-က်ကိုင်ပြီး တိုက်နိုင်မှ တော်လှန်ရေးလုပ်နိုင်တာ မဟုတ်ပါဘူး။ လ-က်န-က်ကိုင်တိုက်ပွဲအပြင် ပြည်သူလူထုအားလုံး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲနိုင်တဲ့ အခြားသော အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲနည်းနာအားလုံးကလည်း တော်လှန်ရေးလုပ်ငန်းစဥ်တွေပါပဲ။ ဒါ့ကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အထိမ်းအမှတ်အဖြစ် မွေးနေ့ရှင်နဲ့တကွ အဓမ္မဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး၊ စစ်အုပ်စု ဖန်တီးနေတဲ့ အတုအယောင် တရားမဝင်ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့အနေနဲ့ လူထုလှုပ်ရှားမှုကြီး (၂) ခု ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါရစေ။

ပထမလှုပ်ရှားမှုကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့နဲ့ တွဲမြင်ပြီးသားဖြစ်တဲ့ “ပန်းသပိတ်” လှုပ်ရှားမှုပါ။ နှင်းဆီနီအပါအဝင် လက်လှမ်းမီရာပန်းတွေကို ဘုရားပန်း တင်မယ်၊ ဆံကေသာမှာ အမြတ်တနိုး ပန်ဆင်ကြမယ်၊ အလှပန်းအိုး ထိုးမယ်၊ အပြန်အလှန် ပန်းလက်ဆောင် ပေးကြမယ်၊ အွန်လိုင်းပေါ် တင်ကြမယ်၊ မြေပြင်မှာလည်း ပန်းသပိတ် လူထုလှုပ်ရှားမှုတွေကို (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်သွားကြပါမယ်။

ဒုတိယလှုပ်ရှားမှုကတော့ လူထုနဲ့ ရင်းနှီးပြီးသား “အင်္ကျီပြာ” လှုပ်ရှားမှု (Blue Shirt Campaign) ပါ။ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ အင်္ကျီအပြာ၊ ပုဆိုးအပြာ၊ ဘောင်းဘီအပြာ၊ ဦးထုတ်အပြာ အစရှိတဲ့ အပြာရောင် အဝတ်အစား အသုံးအဆောင်တွေကို ဝတ်ဆင် အသုံးပြုကြဖို့ပါ။

ဒီနှစ်ကတော့ လူထုခေါင်းဆောင်ရဲ့ အသက် (၈၀) ပြည့် နှစ်ဖြစ်တာနဲ့အညီ ဒီလှုပ်ရှားမှု (၂) ခုလုံးကို (၈) ရက်တာလှုပ်ရှားမှုအဖြစ် ဖော်ဆောင်သွားကြဖို့ ဖြစ်ပါတယ်။အခုလာမယ့် ဇွန် (၁၄) ရက်နေ့ကနေ (၂၁) ရက်နေ့ထိ စုစုပေါင်း (၈) ရက်တာကာလအတွင်းမှာ #ပန်းသပိတ်နဲ့ အင်္ကျီပြာလှုပ်ရှားမှုတို့ကို မိမိတို့အဆင်ပြေရာရက် တရက်ရက်မှာဖြစ်စေ၊ နေ့စဉ်ပါဝင်နိုင်သူကလဲ နေ့စဥ် အဆင်ပြေသလို ဆင်နွှဲပါဝင်ကြဖို့ ဖြစ်ပါတယ်။ အဓမ္မ ဖမ်းဆီးခံထားရတဲ့ မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေး အကျဉ်းသားများအားလုံးရဲ့ လွတ်မြောက်ရေးမှသည် မြန်မာတပြည်လုံး အာဏာရှင်စနစ်ဆိုးအောက်ကနေ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ပြင်းပြခိုင်မာတဲ့စိတ်ဓာတ်နဲ့ ညီညာစုရုံး အတူဆက်တိုက်ပွဲဝင်ကြပါစို့။

#ကြောက်ခေတ်ကို_မှောက်ပစ် #Freedom_from_Fear
#Suu80 #တက်စုံဖွင့်ရွက်ကုန်လွှင့် #အရေးတော်ပုံအောင်ရမည်

By admin

Leave a Reply

Your email address will not be published. Required fields are marked *