ဇွန်လ ၁၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
Kok၊ Sai၊ Ruakနှင့် မဲခေါင်မြစ်များတွင် ယခင်လက တံငါသည်များသည်ပသဏ္ဍန်ပျက်နေသောငါးများကိုပိုမိုဖမ်းဆီးရမိခြင်းကြောင့် ချင်းရိုင်ခရိုင်ရှိ ငါးဖမ်းသမားများနှင့် စားသုံးသူများ စားသုံးရန်အန္တရာယ်နှင့် မြစ်များတွင် ရေအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြစ်များကျန်းမာရေးကို ကာကွယ်စောင့်ရှောက်သည့် အစိုးရမဟုတ်သော Living River Siam Association မှ သိရသည်ဟု Thai PBS World သတင်းက ဇွန်လ ၁၂ရက်တွင်ဖော်ပြသည်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေ ရှမ်းပြည်နယ်ရှိ တရုတ်ရင်းနှီးမြုပ်နှံသူများ လုပ်ကိုင်နေသည့် စည်းကမ်းမဲ့ ရွှေတွင်းများမှ မြစ်များအတွင်းသို့ စွန့်ပစ်သည့် အာဆင်းနစ် သို့မဟုတ် အခြားသော သတ္တုများ ကြောင့် ဖြစ်နိုင်သည်ဟုသတင်းကဆိုပြီး တံငါသည်များက ငါးများ၏ခန္ဓာကိုယ်ပေါ်တွင်သံသယဖြစ်ဖွာ်ရှိသည့် ပုံပျက်နေသော အဖုအခဲများ တွေ့ရှိခဲ့သည်။
ငါးများ ညစ်ညမ်းနေမည်ကို စားသုံးသူများက စိုးရိမ်သောကြောင့် တံငါသည်များ ၎င်းတို့သည် ဖမ်းယူရောင်းချရာတွင် အခက်အခဲရှိကြောင်း တိုင်ကြားကြသည်။အသင်း၏ဥက္ကဌဖြစ်သူ Somkiat Kuenchiangsa က ၎င်းတို့တွင် အာဆင်းနစ် သို့မဟုတ် အခြားသော လေးလံသောသတ္တုပမာဏကို သိရှိနိုင်စေရန်အတွက် ပုံပျက်သောငါး၏နမူနာအများအပြားကို စမ်းသပ်ရန်ပေးပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ငါးနှင့် တံငါသည်များအတွက် ပြဿနာသာမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်နှင့် စားနပ်ရိက္ခာဖူလုံရေးပြဿနာဖြစ်ပြီး မြစ်ချောင်းများကို မှီခိုနေရသော ငါးများကို စားသုံးရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုနေသူများ ရေရှည်အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။ ရှမ်းပြည်နယ်ရှိ စည်းကမ်းမဲ့ မိုင်းတွင်းများ ပိတ်သိမ်းရန် သို့မဟုတ် ၎င်းတို့၏ လုပ်ငန်းများကို ထိန်းညှိရန်နှင့် မြစ်များအတွင်းသို့ မသန့်စင်သော ရေဆိုးများ စွန့်ပစ်ခြင်းကို ရပ်တန့်ရန် ထိုင်းအစိုးရနှင့် သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းရန် အကြံပြုခဲ့သည်။
တချိန်တည်းမှာပဲ မြစ်ချောင်းညစ်ညမ်းမှုပြဿနာကို ဖြေရှင်းဖို့ မဲခေါင်မြစ်ကော်မရှင် (MRC) အစည်းအဝေးခေါ်ယူဖို့ အစိုးရကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အထက်လွှတ်တော် ကော်မတီက တိုက်တွန်းလိုက်သည်။ အထက်လွှတ်တော် ကော်မတီ ဥက္ကဌ Chivaparb Chivatham က MRC နှင့် စပ်လျဉ်းသည့် စာချုပ်တွင် လက်မှတ်မထိုးရသေးသည့် တရုတ်နှင့် မြန်မာနိုင်ငံတို့ ပါဝင်ရန် ပြင်ဆင်သင့်ကြောင်း အကြံပြုခဲ့သည်။ လက်ရှိ လက်မှတ်ရေးထိုးထားသည့် နိုင်ငံများမှာ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ ဖြစ်သည်။ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံစလုံးသည် မဲခေါင်မြစ် အထက်ပိုင်းတွင် ရှိနေသည်ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံမှ Kokမြစ်၏အထက်ပိုင်းဖြစ်သည်။ ရှမ်းပြည်နယ်ရှိ တရုတ် ရွှေတွင်းများမှ အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများကို မြစ်ချောင်းများအတွင်းသို့ စွန့်ပစ်ခြင်းကြောင့် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံစလုံးကို MRC အစည်းအဝေးသို့ ဖိတ်ကြားသင့်သည်ဟုလည်းသူကပြောသည်။