ဇွန်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းအာဏာပိုင်များသည် ထိုင်းမူးယစ်ဆေးရာဇာတစ်ဦးအား ဖမ်းဆီးမှုနှင့် ၎င်း၏ပိုင်ဆိုင်မှု ဘတ်ငွေ ၁ ဘီလီယံကို သိမ်းဆည်းရမိမှုတွင် ၎င်းတို့၏ လက်တွဲဖော်များ၏ ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေရန် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်ဟုဘန်ကောက်ပို့စ်က ဇွန်လ ၁၈ရက်နေ့တွင်ဖော်ပြသည်။ Thatchapon Trakulmungmeedee(အားချန်) သည် မြန်မာနိုင်ငံ နယ်စပ် တာချီလိတ်မြို့မှ ချင်းရိုင်ခရိုင် မယ်ဆိုင်မှတဆင့် ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါး မှောင်ခို သယ်ဆောင်မှုအား ကြိုးကိုင်သည်ဟု စွပ်စွဲထားကြောင်း တာဝန်ရှိသူများက ပြောသည်။ တရားရေးဝန်ကြီး Tawee Sodsong က အားချန်ကို ဖမ်းဆီးရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံကို သွားရောက်ရန် ဒုတိယရဲချုပ်ကြ်းPanurat ကို အမိန့်ပေးခဲ့သည်ဟုဆိုသည်။ အဆိုပါ လှုပ်ရှားမှုသည် ချင်းရိုင်ရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ရှစ်ဦးကိုဖမ်းဆီးရန်နှင့် ၎င်းတို့၏ မိသားစုများထံမှ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန်ရည်ရွယ်သည့်စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲပြီးနောက်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
အိမ်၊ မြေ၊ ကားနှင့် ဇိမ်ခံနာရီ အပါအဝင် ပိုင်ဆိုင်မှု ဘတ် ၁၅.၁ သန်းကို အာဏာပိုင်များက သိမ်းဆည်းရမိခဲ့သည်။ သို့သော်လည်း သံသယရှိသူ ရှစ်ဦးကို မတွေ့ရှိသေးပေ။ ၎င်းတို့သည်လည်း မြန်မာနိုင်ငံတွင် ပုန်းအောင်းနေနိုင်သည်ဟု ယုံကြည်ကြသည်။
ONCB သည် သံသယဖြစ်ဖွယ် ငွေကြေးလမ်းကြောင်းရှိ လူ ၁၂ ဦးကို စစ်ဆေးမေးမြန်းရန်အတွက် ဆင့်ခေါ်ရန် ပြင်ဆင်နေသည်။ပိုင်ဆိုင်မှု ဘတ် ၉၇ သန်းခန့်ကိုလည်း သိမ်းဆည်းမိပြီဟုဆိုသည်။ အဆိုပါ စစ်ဆင်ရေးသည် ဇန်နဝါရီ ၁၀ ရက်က ဘန်ကောက်တွင် လူကုန်ကူးသူ ရှစ်ဦးကို ဖမ်းဆီးခြင်းနှင့် ဆေးပြား ၃ သန်း သိမ်းဆည်းရမိခြင်းမှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ Mr Thatchapon(အားချန်) သည် မြန်မာနိုင်ငံတွင် ထုတ်လုပ်သူများထံသို့ တိုက်ရိုက်ဝင်ရောက်ကာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများနှင့် ထိုင်းမှောင်ခိုသမားများအတွက် လုံခြုံစိတ်ချရသော နေရာများ ပံ့ပိုးပေးကာ တင်ပို့ရောင်းချမှု လွယ်ကူချောမွေ့စေမည့် အဓိက မူးယစ်ဆေးဝါးရောင်းချသူဟု ယူဆရကြောင်း ၎င်းက ပြောသည်။ မြန်မာနိုင်ငံတွင် နေထိုင်ပြီး ရွှေဆိုင်များ၊ ဆောက်လုပ်ရေးဝန်ဆောင်မှုများ၊ ဖျော်ဖြေရေးနေရာများ၊ ဟိုတယ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများအပါအဝင် တာချီလိတ်နှင့် ကျိုင်းတုံတို့တွင် စီးပွားရေးလုပ်ငန်းမျိုးစုံကို လုပ်ကိုင်နေပြီး ဘတ်ငွေ ၁ ဘီလီယံခန့်တန်ဖိုးရှိသည်ဟုသတင်းကဆက်လက်ဖော်ပြသည်။