ဩဂုတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် အန်နင်းမြို့မှာ သြဂုတ် ၁၅ ရက်နေ့က အလွတ်သဘော တွေ့ဆုံပြီး မြန်မာရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေ ပူးပေါင်းတိုက်ဖျက်ဖို့ နှစ်ဖက်စလုံးက ကတိပြုခဲ့ကြတယ်လို့ ဆင်ဟွာကဖော်ပြပါတယ်။ ယခင်နှစ် ပထမအကြိမ် လေးပွင့်ဆိုင်အစည်းဝေးစပြီး မြန်မာနိုင်ငံအခြေအနေဟာယေဘုယျအားဖြင့် တည်ငြိမ်နေပြီး ငလျင်အပြီး ပြန်လည်တည်ဆောက်ရေးနဲ့၎င်းရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ နိုင်ငံတော်တည်ငြိမ်ရေးကို ကာကွယ်ရန် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုဗဟိုကော်မတီအဖွဲ့ဝင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က ပြောကြားခဲ့ပါတယ်။ “မြန်မာ့ဦးဆောင်၊ မြန်မာပိုင်” ချဉ်းကပ်နည်းကို လိုက်နာဖို့၊ မြန်မာလူမျိုးတွေရဲ့ရွေးချယ်မှုတွေကို ပံ့ပိုးပေးပြီး ကွဲပြားမှုတွေကို ဆွေးနွေးအဖြေရှာကြဖို့သူကတောင်းဆိုခဲ့ပါတယ်။အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကကြားဝင်ဖျန်ဖြေပေးခြင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့အကူအညီများ အဓိကလမ်းကြောင်းအဖြစ် အာဆီယံက ဆောင်ရွက်နေပြီး အလွတ်သဘော နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနဲ့မြန်မာနိုင်ငံ အိမ်နီးချင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကဲ့လိုယန္တရားတွေမှာလည်း အပြည့်အဝ ပါဝင်ဆောင်ရွက်သွားမယ်လို့ ဝမ်က ပြောကြားခဲ့ပါတယ်။
ပြည်သူတွေရဲ့စားဝတ်နေရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားဖို့၊ ပြည်သူတွေရဲ့ကျန်းမာရေးနဲ့ ငလျင်ပြီးနောက်ပိုင်း ပြန်လည်တည်ဆောက်ရေးမှာ မြန်မာနိုင်ငံကိုပံ့ပိုးကူညီဖို့နဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဖို့၊ ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်စေနိုင်တဲ့ ပြင်ပအင်အားစုတွေကို ဆန့်ကျင်ဖို့လည်း ၎င်းက တိုက်တွန်းခဲ့ပါတယ်။ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ တရုတ်နိုင်ငံ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ကပံ့ပိုးကူညီမှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောကြားပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေကတစ်ဆင့် ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို မြှင့်တင်သွားဖို့မြန်မာအစိုးရရဲ့ကတိကဝတ်တွေကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကဒီအကုန်မှာ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲကျင်းပဖို့တက်ကြွစွာ ပြင်ဆင်နေတယ်လို့၎င်းက ပြောပါတယ်။ လာအိုနိုင်ငံခြားရေးဝန်ကြီး Thongsavanh Phomvihane က ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့မြန်မာနိုင်ငံအပေါ်ကို ဦးဆောင်တဲ့မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်နဲ့ရွေးကောက်ပွဲတွေကို ထောက်ခံတယ်လို့ပြောကြားပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ထိုင်းနိုင်ငံဟာမြန်မာနိုင်ငံကိုပြည်တွင်းရေးမှာဝင်ရောက်မစွက်ဖက်ရေးမူကို အခြေခံပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီမှုတွေနိုင်ဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့အခြားအာဆီယံနိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး လေးဦးကလည်း နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများ တိုက်ဖျက်ရေး ပူးပေါင်းကြိုးပမ်းမှုတွေအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ဆင်ဟွာကဆိုပါတယ်။ အဆိုပါရာဇ၀တ်မှုတွေကို တိုက်ဖျက်ခြင်းကပြည်သူတွေရဲ့ကျန်းမာရေးနဲ့ သက်ဆိုင်ကြောင်း၊ လေးနိုင်ငံရဲ့ဘုံစိုးရိမ်မှုကို ကိုယ်စားပြုပြီး ညှိနှိုင်းဆောင်ရွက်မှု လိုအပ်တယ်လို့ ဝမ် က အလေးပေးပြောကြားခဲ့ပါတယ်။ အဖွဲ့အစည်းဆိုင်ရာ အဆောက်အအုံများ အားကောင်းစေရေး၊ ပူးတွဲစစ်ဆင်ရေးနဲ့နယ်စပ်ထိန်းချုပ်ရေး အားကောင်းရေး၊ စွမ်းရည်မြှင့်တင်ရေးနဲ့တရားစီရင်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု အားကောင်းရေး၊ အသွင်ကူးပြောင်းရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့လူမှုရေး အုပ်ချုပ်မှု အားကောင်းစေရေးတို့ကို တောင်းဆိုခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း တိုးမြှင့်ဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော်မှုခင်းတွေဖြစ်တဲ့ အွန်လိုင်းလောင်းကစားမှု၊ တယ်လီကွန်းလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊လက်နက်မှောင်ခိုကူးမှုနဲ့လူကုန်ကူးမှုတို့လိုနယ်စပ်ဖြတ်ကျော်မှုခင်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ပူးပေါင်းကာကွယ်ကြဖို့လည်းဆွေးနွေးခဲ့ကြတယ်လို့သတင်းကဆက်လက်ဖော်ပြပါတယ်။