ဩဂုတ်လ ၁၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာနိုင်ငံရဲ့ အမြတ်အစွန်းများတဲ့ကျောက်မျက်တူးဖော်ရေး လုပ်ငန်းဗဟိုဖြစ်တဲ့မိုးကုတ်မြို့မှာမြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ လက်နက်ကိုင် အတိုက်အခံအဖွဲ့၊ ဒေသခံပြည်သူတွေနဲ့ မြန်မာအွန်လိုင်းမီဒီယာကလူတစ်ဦးအပါအဝင် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ AP သတင်းကသြဂုတ် ၁၆ရက်ကဖော်ပြပါတယ်။ ဒါဟာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ပြည်တွင်းစစ်အတွင်း တော်လှန်ရေးအဖွဲ့တွေဆီကနေ နယ်မြေပြန်လည်ရယူဖို့ကြိုးပမ်းမှုမှာအရပ်သားတွေသေကျေပျက်စီးစေတဲ့မကြာခဏ လေကြောင်းကနေတိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့တဲ့ နောက်ဆုံးဖြစ်ရပ်ဖြစ်ပါတယ်။ တိုက်ခိုက်မှုဟာ သြဂုတ်လ ၁၄ရက်နေ့ ည ၈း၃၀ နာရီမှာ ဖြစ်ပွားခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့ရဲ့အရှေ့မြောက်ဘက် ၁၁၅ ကီလိုမီတာ (မိုင် ၇၀) ခန့်အကွာ မိုးကုတ်မြို့နယ် ရွှေကူရပ်ကွက်မှာ ဖြစ်ပွားခဲ့တာလို့တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်ကပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။ TNLA ဟာ တရုတ်နယ်စပ်အနီးမှာစစ်တပ်ကို တိုက်ခိုက်နေတဲ့ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲကတစ်ခုဖြစ်ပါတယ်။
“အရပ်သား ၂၁ ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရတယ်။ နေအိမ်တွေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အဆောက်အဦတွေလည်း ပျက်စီးခဲ့ပါတယ်” ဟု လွယ်ယေဦး က ပြောပါတယ်။ မန္တလေးတိုင်းအထက်ပိုင်းရှိ ပတ္တမြားတူးဖော်ရေးစခန်းဖြစ်တဲ့ မိုးကုတ်ကို TNLA က၂၀၂၄ ခုနှစ် ဇူလိုင်လမှာသိမ်းယူခဲ့ပြီး ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာစတင်ခဲ့တဲ့ ထိုးစစ်ကြောင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ နယ်မြေအများအပြားကို သိမ်းယူခဲ့ပါတယ်။ မိုးကုတ်မြို့ ရွှေကူရပ်ကွက်ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူ အမျိုးသမီး ၁၆ ဦး ပါဝင်ခဲ့တယ်လို့အဆိုပါအဖွဲ့ရဲ့ ကြေညာချက်မှာ သြဂုတ် ၁၅ရက်နေ့ညက ဖော်ပြခဲ့ပါတယ်။ ဂျက်တိုက်လေယာဉ်တစ်စင်း ဗုံးကြဲချမှုကြောင့် နေအိမ် ၁၅ လုံးလည်း ပျက်စီးခဲ့တယ်လို့၎င်းက ဆိုပါတယ်။ သေဆုံးမှု အတိအကျကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့်လည်း သေဆုံးသူ ဦးရေဟာ ၃၀ နီးပါးအထိ တိုးလာတယ်လို့စစ်တပ်ဖမ်းဆီးခံရမှာကိုကြောက်လို့အမည်မဖော်လိုသူဒေသခံနှစ်ဦးက သြဂုတ် ၁၆ရက်နေ့မှာAPသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဗုံးကြဲ့တိုက်ခိုက်ခံရတဲ့ အိမ်တွေထဲကလူတွေဟာကိုယ်ဝန်ဆောင်အမျိုးသမီးကို လာရောက်ကြည့်ရှု့သူ များပြားသောကြောင့် သေဆုံးသူဦးရေ များပြားတာလို့ဆိုပါတယ်။