ဩဂုတ်လ ၁၈၊ ၂၀၂၅ ။သောင်ရင်းသတင်းလွှာ
United Naga Council (UNC)နာဂ ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အုပ်ချုပ်ရေးမှူး Ajay Kumar Bhalla နဲ့ သြဂုတ်၁၆ရက်နေ့က Raj Bhavan မှာတွေ့ဆုံခဲ့ပြီး အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်ခြင်းနဲ့ Free Movement Regime (FMR)(နှစ်နိုင်ငံကလူတွေပြည်ဝင်ခွင့်မလိုဘဲသတ်မှတ်ထားတဲ့အတိုင်းအတာအထိလွတ်လပ်စွာဝင်ထွက်သွားလာခွင့်) ဖျက်သိမ်းရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ The Indian Express သတင်းက သြဂုတ် ၁၇ရက်မှာဖော်ပြပါတယ်။ မဏိပူရပြည်နယ်ရှိ နာဂဝတ်စုံလူမျိုးစုတွေရဲ့အထွတ်အထိပ်ဖြစ်တဲ့UNC က နယ်စပ်ခြံစည်းရိုးခတ်ခြင်း နဲ့ FMR ကို ဖျက်သိမ်းခြင်းတို့ကို ဆန့်ကျင်နေပါတယ်။ “ဒါတွေက နယ်စပ်က ပိုင်းခြားထားတဲ့ အသိုက်အဝန်းကို တနည်းတဖုံ ထိခိုက်လိမ့်မယ်” လို့ ပြောပါတယ်။ UNC ဥက္ကဋ္ဌ Ng Lorho ဦးဆောင်တဲ့အဖွဲ့ဝင် ၁၀ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ နယ်စပ်ခြံစည်းရိုးခတ်ခြင်းနဲ့FMR ဖျက်သိမ်းခြင်းဆိုင်ရာကိစ္စတွေအပေါ်၎င်းတို့ရဲ့အမြင်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ရှင်းပြခဲ့ပြီး အဆိုပါပြဿနာတွေကို ဗဟိုအစိုးရဆီကိုတောင်းဆိုဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကိုတောင်းဆိုခဲ့တယ်လို့ Raj Bhavan မှာ ထုတ်ပြန်ခဲ့ပါတယ်။
“အိန္ဒိယအစိုးရနဲ့UNC အကြား ဆွေးနွေးပွဲတွေကို အစောဆုံး အဆင်ပြေချောမွေ့စေဖို့ အုပ်ချုပ်ရေးမှူး က အာမခံထားပါတယ်” လို့ Lorho က မီဒီယာတွေကို ပြောကြားပြီး အစိုးရနဲ့ UNC ပါဝင်တဲ့နောက်ထပ် ဆွေးနွေးပွဲတွေကို သုံးရက်အတွင်း စီစဉ်ပေးမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ “အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း” နဲ့ “FMR တစ်ဖက်သတ်ရပ်ဆိုင်းခြင်း” ကို ကန့်ကွက်တဲ့အနေနဲ့ UNC ကနေ ရက်ပေါင်း ၂၀ ရာဇသံ သက်တမ်းကုန်ဆုံးပြီးနောက် အစည်းအဝေး ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဩဂုတ်လ ၁၁ ရက်နေ့က အရေးပေါ်ဥက္ကဌကောင်စီအစည်းအဝေးတစ်ခုမှာ UNC က၎င်းဟာ “ရွေးချယ်စရာမရှိပေမယ့်လည်း၎င်းရဲ့လှုပ်ရှားမှုကိုအရှိန်မြှင့်ဖို့” ရှိနေတယ်လို့ကြေငြာခဲ့ပါတယ်။