ဇူလိုင်လ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည်များအပါအဝင် တခြားခိုလှုံသူမျာ၏ကိုယ်ရေးအချက်အလက်များအား အိန္ဒိယအစိုးရထံ လွှဲပေးခဲ့သောUNHCR India ရုံး၏တာဝန်ယူမှု၊ တာဝန်ခံမှုမဲ့တဲ့ လုပ်ရပ်များကို ဖြေရှင်းအရေးယူပေးရန်မြန်မာပြည်သူလူထုနှင့်ပြည်တွင်း/ပြည်ပ မြန်မာအဖွဲ့အစည်း ၁၄၁ ဖွဲ့က ဆွစ်ဇာလန်နိုင်ငံရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်ဟုဇူလိုင်လ ၄ ရက်တွင်ထုတ်ပြန်ကြောင်း BNI သတင်းကဖော်ပြသည်။ အိတ်ဖွင့်ပေးစာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံ၌ခိုလှုံရန်ရောက်ရှိလာသောမြန်မာနိုင်ငံသား၁၀,၀၀၀ကျော်သည်UNHCR India ရုံးတွင်ဒုက္ခသည်အဖြစ် မှတ်ပုံတင်ကာ အကာကွယ်တောင်းခံခဲ့ကြပြီး ယင်းတိုအထဲ၌ စစ်ကောင်စီ၏ပစ်မှတ်ထားခြိမ်းခြောက်မှုခံရသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်ရေးကာကွယ်သူများနှင့်အခြားလုံခြုံရေး အထူးလိုအပ်သူများ အများပြားပါရှိခဲ့ပြီး ဤဒုက္ခသည်များ၏ လျှို့ဝှက်ရမည့်ကိုယ်ရေးအချက်အလက်များကို အိန္ဒိယအစိုးရထံကို UNHCR India ရုံးက လုံလောက်သည့်အကာအကွယ်မရှိဘဲ လွှဲပြောင်းပေးခဲ့သည်ဟု ပါရှိသည်။
အိန္ဒိယအစိုးရက UNHCR India ရုံးမှ ရရှိသည့်အချက်အလက်များကို အသုံးပြုပြီး မြန်မာနိုင်ငံသား ၂၆၁ ဦးကျော်ကို နိုင်ငံခြားသားဥပဒေဖြင့် ဖမ်းဆီးခဲ့ပြီး ယင်းအထဲတွင်အမျိုးသမီး ၆ ဦးမှာ အကျဉ်းထောင်တွင်းမှာပင် ကလေးမွေးဖွားခဲ့ရသလို အမျိုးသား ၂ ဦးသည်လည်း အကျဉ်းထောင်အတွင်း သေဆုံးခဲ့ရသည်ဟု အိတ်ဖွင့်ပေးစာထဲတွင်ပါရှိသည်။ ၎င်းအပြင် လူပေါင်း ၁၃၄ ဦးခန့်အားမြန်မာစစ်ကောင်စီလက်ထဲသို့ ပြန်ပို့ဆောင်ခဲ့ခြင်းများရှိခဲ့ပြီးဤကဲ့သို့စစ်ကောင်စီလက်ထဲပြန်ပို့ခံရသည့်အထဲမှအမျိုးသမီးနှင်ြကလေးငယ်အပါဝင် ၃၄ ယောက်အား စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားခြင်းခံရသည်ဟုပါရှိပြီး အခြား ရိုဟင်ဂျာဒုက္ခသည် ၄၀ ဦးခန့်သည်လည်း အိန္ဒိယအစိုးရက UNHCR India ရုံးမှရသည့် အချက်အလက်များနှင့်နေအိမ်မျာအထိ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်ပို့သော ဖြစ်စဉ်များလည်း အိတ်ဖွင့်ပေးစာထဲ၌ ပါရှိသည်။ UNHCR သည်ဒုက္ခသည်များ၏ နောက်ဆုံးမျော်လင့်ချက်နှင့် အားကိုးရာဖြစ်ပြီး ယင်းမျော်လင့်ချက် ပျက်သုဉ်းမသွားစေရန် ဒုက္ခသည်များ၏အသက်အန္တရာယ်ကို ကာကွယ်ရန်အတွက် အဆင့်မြင့်မင်းကြီးအနေနှင့်အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်ပေးရန် အမည်မဖော်လိုသောအရပ်ဘက်လူထုအဖွဲ့အစည်း (၅) ဖွဲ့အပါအဝင် အရပ်ဘက်လူထုအဖွဲ့အစည်း စုစုပေါင်း (၁၄၁) ဖွဲ့က ပူးတွဲပေးပို့ခဲ့ခြင်းဖြစ်သည်။