ဩဂုတ်လ ၂၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြဝတီခရိုင်ကမြန်မာလုံခြုံရေး အာဏာပိုင်တွေက တရုတ် အာဏာပိုင်တွေ အလိုရှိနေတဲ့ လိမ်လည်သူ ကွန်ရက် ဖြိုခွင်းမှုနှင့် ဆက်စပ်နေတဲ့တရုတ်နိုင်ငံသား ၉၄ ဦးကို ထိုင်းနယ်စပ်ကတစ်ဆင့် တရုတ်အရာရှိတွေဆီကို သြဂုတ် ၂၀ရက်နေ့က လွှဲပြောင်းပေးခဲ့တယ်လို့ Khaosod သတင်းကဖော်ပြပါတယ်။ သြဂုတ် ၂၀ ရက် နံနက် ၁၁ နာရီမှာ မြဝတီခရိုင်လုံခြုံရေး တာဝန်ရှိသူတွေနဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေကမကြာသေးမီက ဖြိုခွင်းခံထားရတဲ့လိမ်လည်သူကွန်ရက်တွေနဲ့ချိတ်ဆက်ထားတဲ့တရုတ်နိုင်ငံသား ၉၄ ဦးကို မြဝတီ-မဲဆောက် အမြဲတမ်းနယ်စပ်ဂိတ် အမှတ် (၂) ဆီကိုလွှဲပြောင်းပေးအပ်ခဲ့ပြီး ထိုင်းဘက်ခြမ်းကအကြီးတန်းအရာရှိတွေဆီကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ မဲဆောက် အမြဲတမ်း နယ်စပ်ဂိတ် အမှတ် (၂) မှာ တရုတ်နိုင်ငံသားတွေကို ပို့ဆောင်တဲ့ ဘတ်စ်ကားတွေ ရောက်ရှိလာချိန်မှာတော့ မဲဆောက်ခရိုင် လုံခြုံရေး အရာရှိတွေက ထိုင်းလူဝင်မှု ကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့ လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။ မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်ဆီကိုတရုတ်နိုင်ငံသားအားလုံးကို ပို့ဆောင်ဖို့အာဏာပိုင်တွေက ယာဉ်တန်းမစီစဉ်မီ တစ်နာရီကျော်ကြာ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်ခဲ့ပါတယ်။ မဲဆောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စင်းလုံးငှား တရုတ်တောင်ပိုင်း လေကြောင်းလိုင်း လေယာဉ်နှစ်စင်းက လွှဲပြောင်းပေးမှုကို စောင့်မျှော်နေပါတယ်။
တရုတ်ရဲတွေနဲ့လေကြောင်းလိုင်း လုံခြုံရေးဝန်ထမ်းတွေက စာရွက်စာတမ်း စစ်ဆေးမှုတွေနဲ့လူ ၉၄ ဦးစလုံးရဲ့ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ ထိုင်းအာဏာပိုင်တွေက လေယာဉ်တံခါးများဆီကိုဘတ်စ်ကားတွေကို တိုက်ရိုက်မောင်းနှင်ခဲ့ပါတယ်။ လွှဲပြောင်းပေးခဲ့တဲ့ တရုတ်နိုင်ငံသား ၉၄ ဦးအနက် ၁၄ ဦးကို တရုတ်အာဏာပိုင်တွေက အလိုရှိနေပြီး အထူးထိန်းသိမ်းမှု အစီအစဉ်တွေနဲ့ဖးထိန်းသိမ်းထားကြောင်း အစီရင်ခံစာတွေက ဖော်ပြပါတယ်။ ဒီနောက် တရုတ်လေယာဉ်နှစ်စင်းသည် မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေထွက်ခွာခဲ့ပြီး လူ ၉၄ ဦးကိုသီးခြားစစ်ဆေးမေးမြန်းဖို့နဲ့ တရားစွဲဆိုဖို့အတွက် တရုတ်နိုင်ငံကိုပို့ဆောင်ခဲ့ပါတယ်။ တာ့ခ်ခရိုင် မဲဆောက်မြို့ကနေ နယ်စပ်ကို ဖြတ်ပြီး မြန်မာနိုင်ငံက မြဝတီခရိုင်ဟာ လိမ်လည်သူကွန်ရက်တွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ ထိုင်းနဲ့ တရုတ်အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကို ရင်ဆိုင်နေရပါတယ်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက် အခြေခံစခန်းတွေနဲ့ငွေကြေးခဝါချမှု အချက်အချာကျတဲ့ မြို့သစ်တည်ဆောက်ရေး စီမံကိန်းတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့ပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလ ၂၀ရက်နေ့ကစပြ်းထောင်ပေါင်းများစွာသော လိမ်လည်သူ (ဆန္ဒအလျောက်ပါဝင်သူများနဲ့လူကုန်ကူးခံရသူတွေ) ကို ၎င်းတို့ရဲ့မိခင်နိုင်ငံကိုပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ လိမ်လည်သူကွန်ရက်တွေဟာ ၎င်းတို့ရဲ့အဆောက်အဦတွေကို နေရာရွှေ့ပြီး ဆက်လက်နှိမ်နင်းဖို့ ကြိုးပမ်းမှုတွေကို ရှောင်ရှားဖို့အတွက်လုပ်ငန်းတွေကိုပြုပြင်မွမ်းမံခြင်းနဲ့လိမ်လည်သူကွန်ရက်တွေလိုက်လျောညီထွေဖြစ်အောင် ဆက်လက်လုပ်ဆောင်နေပါတယ်။