ဇူလိုင်လ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပနေသည့်၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) ၌အာဆီယံအဖွဲ့ဝင်နိုင်ငံမျက မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့ကြသည်ဟု Antara သတင်းကဇူလိုင် ၁၀ရက်နေ့တွင်ဖော်ပြသည်။ “မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ကျွန်တော်တို့ နိုင်ငံတွင်း ငြိမ်းချမ်းရေးကို လိုချင်ပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနိုက ကွာလာလမ်ပူတွင် ထူလိုင်၉ရက်နေ့က ကျင်းပသော ၅၈ ကြိမ်မြောက် AMM အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အာဆီယံမိသားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် မြန်မာနိုင်ငံအတွက် စိုးရိမ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပံ့ပိုးပေးနိုင်သည့် ဦးစားပေးအကူအညီဖြင့် စတင်ကာ ပူးပေါင်းဖြေရှင်းရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“နိုင်ငံတိုင်းက ဘယ်လိုကူညီကြမလဲ။”ဟု သူကမေးသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ဆွစ်ဇာလန်နိုင်ငံ Davos-Klosters ၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံဆိုင်ရာ သံတမန်ရေးရာ တွေ့ဆုံမှုအတွင်း အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေသည့် နိုင်ငံရေးအကျပ်အတည်းအတွက် အဖြေရှာရန် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်အားပေးနေသည်ဟု ဆူဂျီယိုနို က ပြောကြားခဲ့သည်။ “အင်ဒိုနီးရှားက မြန်မာနိုင်ငံအတွက် အဆင်ပြေတဲ့ အခြေအနေ ဖန်တီးမှုနဲ့ တွေ့ဆုံဆွေးနွေးရေး အတွက် ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခု ဖန်တီးပေးဖို့ အမြဲတမ်း ကတိပြုပါတယ်” ဟု ၎င်းက ဆိုသည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုမှ ပေါ်ပေါက်လာသည့် နိုင်ငံ၏ ရှည်လျားသော ပြည်တွင်းပဋိပက္ခသည် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ ပျံ့နှံ့မှုနှင့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ပြန့်ပွားခြင်းမှ ဖြစ်ပေါ်လာသည့် ခြိမ်းခြောက်မှုများကြောင့် စိုးရိမ်ကြောင်း ဆူဂျီယိုနို က ဖော်ပြခဲ့သည်။