ဇူလိုင်လ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
အင်ဒိုနီးရှားနိုင်ငံသည် ပဋိပက္ခဖြစ်ပွားနေသော မြန်မာနိုင်ငံမှ အင်ဒိုရွှေ့ပြောင်းလုပ်သား ၆၉၁ ဦးကို ပြန်လည်လက်ခံခဲ့သည်ဟု Antara သတင်းက ဇူလိုင် ၉ရက်နေ့တွင်ဖော်ပြသည်။ အင်ဒိုနီးရှား နိုင်ငံရေး၊ တရားဥပဒေနှင့် လုံခြုံရေးရေးရာ ညှိနှိုင်းရေး ဝန်ကြီးဌာန (Kemenko Polkam) က အစိုးရက အင်ဒိုနီးရှား ရွှေ့ပြောင်း အလုပ်သမား ၆၉၁ ဦးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ မှ မတ်လ အတွင်း မြန်မာနိုင်ငံ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများမှ အောင်မြင်စွာ နေရပ်ပြန်ပို့ကြောင်း ကြေညာခဲ့သည်။ “ကျွန်တော်တို့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို နေရပ်ပြန်ပို့ရေးဟာ အများစုဟာ လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တည်ရှိတဲ့အတွက် အလွန်ခက်ခဲပါတယ်” ဟု Kemenko Polkam မှ နိုင်ငံခြားရေးဆိုင်ရာ လက်ထောက်ဖြစ်သူ Mohammad Kurniadi Koba ကဇူလိုင် ၉ရက်နေ့ ပန်ကယ်လ်ပင်လန်းတွင် ကျင်းပသည့် Bangka Belitung ကျွန်းများရှိ ရွှေ့ပြောင်းအလုပ်သမားများ ကာကွယ်ရေးနှင့် ကိုင်တွယ်ဖြေရှင်းမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ ပြည်ပတွင် အထောက်အထားမဲ့ သို့မဟုတ် ဒုက္ခရောက်နေသော အင်ဒိုနီးရှား ရွှေ့ပြောင်း အလုပ်သမားများ ပြဿနာကို ဖြေရှင်းရာတွင် ဝန်ကြီးဌာန အချင်းချင်း၊ အေဂျင်စီ အချင်းချင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်သည့်အပြင် ၎င်းတို့၏ တရားဥပဒေ အဆင့်အတန်းနှင့် တာဝန် ရှိသူများ၏ ခန့်အပ်မှုများနှင့် ပတ်သက်၍ ရှင်းလင်းရန် လိုအပ်ကြောင်း ၎င်းက ရှင်းပြသည်။
“ဒီအလုပ်သမားတွေဟာ တော်လှန်ရေးအဖွဲ့တွေ ချုပ်ကိုင်ထားတဲ့ နယ်မြေတွေမှာ ရှိနေတဲ့အတွက် သူတို့ကို ဝင်ရောက်တွေ့ဆုံဖို့နဲ့ သူတို့ပြန်ပို့ဖို့ ညှိနှိုင်းရာမှာ အလွန်ခက်ခဲပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။ Koba ၏ အဆိုအရ မြန်မာနိုင်ငံသည် လက်တွေ့တွင် အမျိုးမျိုးသော တော်လှန်ရေးအုပ်စုများက ထိန်းချုပ်ထားပြီး နေရပ်ပြန်ပို့ရေး စေ့စပ်ညှိနှိုင်းမှုမှာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ တရားဝင် အစိုးရလမ်းကြောင်းများမှတဆင့် ဆက်လက်လုပ်ဆောင်ရန် ခက်ခဲနေသည်။ “ပြသနာဖြစ်နေကြတဲ့ နယ်ပယ်တွေက သူတို့ ထိန်းချုပ်မှု ပြင်ပမှာ ရှိနေတာကြောင့် ဒီကိစ္စကို မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံလို့ မရပါဘူး” ဟု ၎င်းက ရှင်းပြသည်။ ဒေသတွင်း အင်ဒိုနီးရှား ရွှေ့ပြောင်း အလုပ်သမားများ ကာကွယ်ရေးကို အဓိကထား ဆောင်ရွက်သည့် ညှိနှိုင်းအစည်းအဝေးကို စီစဉ်ကျင်းပပေးသည့် Bangka Belitung ကျွန်းစု ပြည်နယ်အစိုးရအား ကျေးဇူးတင်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ “ဒီညှိနှိုင်းရေးဖိုရမ်က အင်ဒိုနီးရှားရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အကာအကွယ်နဲ့ မှန်ကန်တဲ့ ကိုင်တွယ်ဖြေရှင်းမှု သေချာစေဖို့ အမျိုးသားအစိုးရရဲ့ ကြိုးပမ်းမှုတွေကို ပံ့ပိုးပေးတဲ့အတွက် ပြည်ပမှာ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ အလုပ်လုပ်နိုင်မှာပါ” ဟု ၎င်းက မှတ်ချက်ပြုသည်။