နိုင်ငံရေးအကျဥ်းသားဟောင်း စာရေးဆရာနောင်ကျော် ကွယ်လွန်

ဩဂုတ်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ် စာရေးဆရာ နောင်ကျော် (ခ) ဦးဌေးသိန်း ၆၉ နှစ်ဟာ သြဂုတ် ၂၁ ရက်နေ့မနက်က ရန်ကုန်မြို့ နေအိမ်မှာကွယ်လွန်သွားခဲ့ပြီလ်ု့စာပေအသိုင်းအဝန်းမှ သိရပါတယ်။ “ဟုတ်ပါတယ်၊မနက်လေးနာရီထိုးကြီးကုတင်ပေါ်ကပြုတ်ကျပြီးဆုံးတယ်ပြောတာပဲ၊သွေးတိုးပြီးဦးနှောက်သွေးကြောပြတ်တာတဲ့ သူကလည်းတယောက်ထဲနေတာလေ”လို့ရန်ကုန်မြို့ကသူနဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဥ်းက သောင်ရင်းကိုပြောပါတယ်။ ဆရာဦးဌေးသိန်းဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ဆရာမောင်သာချို၊ ကဗျာဆရာ ဇောင်းထက်တို့နှင့် မဟာဝိဇ္ဇာတန်းတက်ရောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ နည်းပြ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ တာဝန်ထမ်းနေစဉ် ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ် ပါတီနှင့် ဆက်သွယ်တယ်ဆိုပြီးထောင် ၁၂ နှစ် ချခံခဲ့ရသူဖြစ်ပါတယ်။


အဲဒိအချိန်က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့နိုင်ငံတော်အာဏာသိမ်းပိုက်ရေး လှုပ်ရှားမှုတွေဆိုပြီး နဝတ စစ်အစိုးရက ထုတ်ဝေတဲ့စာအုပ်မှာ အမှတ်စဉ် ၂၀ နေရာမှာဖော်ပြခံရပြီး ၁၉၈၇ ခုနှစ်မှာဗကပခေါင်းဆောင် ကလာပ်စည်းဖြစ်သူ ဒေါက်တာ ဇော်မင်းရဲ့ စည်းရုံးခြင်းခံရပြီး လက်ဝဲ အယူအဆကို ယုံကြည်သူတဦးဖြစ်တယ်၊ဒိနောက် ကျွန်းပြန် ဦးတင်အောင် (အန်ကယ်ကြီး)နဲ့ဆက်သွယ်ပြီး ကျောင်းသားလှုပ်ရှားမှုမှာပါဝင်ခဲ့တယ်၊၁၉၈၈မှာ ဗကပ ကလာပ်စည်းခေါင်းဆောင်ဖြစ်ခဲ့ပြီး ကိုညိုထွန်း(ဗကသ အတွင်းရေးမှူး)၊ ဗကသ အလုပ်အမှုဆောင် ကိုတင်အေးတို့ဟာအစုအဖွဲ့ဝင်တွေဖြစ်တယ်၊၁၉၈၈ မတ်လ၊ ဇွန်၊ သြဂုတ် အရေးအခင်းမှာ အန်ကယ်ကြီး ဦးတင်အောင်ရဲ့ ညွှန်ကြားချက်တွေနဲ့ စာရွက်စာတမ်းဖြန့်ခြင်းကိုလုပ်ခဲ့ပြီး သြဂုတ်အရေးအခင်းမှာ အထွေထွေသပိတ်ကော်မတီ ဖြစ်လာခဲ့ပါတယ်။

ထောင်ကနေ ထွက်လာပြီးနောက် စာအုပ်တွေရေးသားရာမှာ “တက္ကသိုလ်ကို မြတ်နိုးစွာ လွမ်းပြန်တော့” စာအုပ်ဟာထင်ရှားပါတယ်။ စာရေးဆရာ နောင်ကျော်ဟာ ငြိမ်းချမ်းရေးနဲ့နိုင်ငံရေး ဝှက်ဖဲ၊ စာရေးသမား တယောက်ရဲ့ ဘဝအိမ်၊ ချိုးကူသံလေးကို မလွမ်းဘူးလား အမေ၊ နှလုံးသားမှာ နှင်းများ လာရိုက်ခတ်၊ တောင်ပံခတ်သံ တွေရဲ့ အတွေးရသများ အစရှိတဲ့ စာအုပ်တွေအပြင် ၀တ္ထုတိုများစွာလည်း ရေးသားခဲ့ပါတယ်လို့ ဧရာဝတီသတင်းကလည်းဖော်ပြပါတယ်။  ဆရာနောင်ကျော်ကွယ်လွန်သွားတဲ့အတွက် သောင်ရင်းသတင်းလွှာက အထူးဝမ်းနည်းကြေကွဲရပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *