ဩဂုတ်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၈၀/၅)အနီးမှာ Nissan Wingroad အမျိုးအစား (အဖြူရောင်)ယာဉ်ဟာ ရှေ့ဘီးပေါက်ပြီးအရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းလယ်ကျွန်းက ထန်းပင်ဝင်တိုက်မိပြီး ယာဉ်ပေါ်ပါ အမျိုးသားတဦးသေ၊ တဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ မနေ့ မွန်းလွဲ ၁၂နာရီ ၄မိနစ်အချိန်မှာ အိမ်စီးကားတစီး အရှေ့ဝဲဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အားဝင်ရောက်တိုက်မိခဲ့တာလို့သိရပါတယ်။
“ကားဘီးပေါက်ပြီးအရှိန်နဲ့ လမ်းလယ်ကျွန်းပေါ်တက် ထန်းပင်ဝင်အောင်းတာ။ ကားကတော့ အတော်လေးပျက်စီးသွားတယ်။ လူတဦးသေတဦးဒဏ်ရာရသွားတယ်ဗျ”လို့ အမြန်လမ်းပေါ်သွားနေတဲ့ ယာဉ်မောင်တဦးက ပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာကို မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသွားသူကို သုခဝေစည်လူမှုကူညီရေးအသင်း ယာဉ်နဲ့မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
#သောင်ရင်းသတင်းလွှာ #မြို့ချောင်း #ရန်ကုန်မန္တလေးအမြန်လမ်း #ယာဉ်တိုက်မှု #အမျိုးသားတဦးသေ