တိုင်ဖွန်းမုန်တိုင်း ကာဂျီကီ အရှိန်ကြောင့် မြန်မာမှာ မိုးကြီး၊ရေကြီး၊ မြေပြိုတာတွေဖြစ်

ဩဂုတ်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

“ကာဂျီကီ” လို့ အမည်ရတဲ့တောင်တရုတ်ပင်လယ်က တိုင်ဖွန်းမုန်တိုင်းဟာ မြန်မာနိုင်ငံကို အကြွင်းအကျန် မိုးတိမ်တောင် အဖြစ် သက်ရောက်မှုရှိမှာဖြစ်ပြီး မိုးကြီး၊ ရေကြီး၊ မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောတယ်လို့ BBC သတင်းက သြဂုတ်။ ၂၅ ရက်မှာဖော်ပြပါတယ်။ “ဒီနေ့ ညနေ ဗီယက်နမ်မှာ အားအပြင်းဆုံးရောက်မယ်။ ပြီးရင် လာအိုမှာ အားလျော့သွားမယ်။ မြန်မာနိုင်ငံကို ဝင်ရင်တော့ အကြွင်းအကျန် တိမ်တိုက်အဖြစ်ဝင်မယ်။ ရေကြီး၊ ရေလျှံတာ၊ မြေပြိုတာ၊ နဲ့ လျှပ်စီးလျပ်တာတွေ ဖြစ်နိုင်တယ်။” လို့ ဦးကျော်မိုးဦးက ပြောပါတယ်။ ပြင်ပ မိုးဇလခန့်မှန်းတဲ့အဖွဲ့ မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ကတော့ ဩဂုတ် ၂၇ ရက်မှာ ထိုင်း-လာအို-မြန်မာ နယ်စပ်ကို ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်နဲ့ ဩဂုတ် ၂၈ ရက်မှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ကာဂျီကီရဲ့ အကြွင်းအကျန် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။ “ကာဂျီကီ” တိုင်ဖွန်း အကြွင်းအကျန် လေဖိအားနည်းရပ်ဝန်းအဖြစ် မြန်မာနိုင်ငံကို ဝင်ရောက်မှာဖြစ်လို့ ဩဂုတ် ၂၅ ရက်ကနေ စက်တင်ဘာ ၁ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ နေရာအနှံ့ မိုးထစ်ချုန်းရွာကာ ဒေသအလိုက် မိုးကြီးတာ၊ မိုးသည်းထန်တာ နဲ့ မိုးသက်လေပြင်း တိုက်ခတ်တာ ဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲက) ခန့်မှန်းချက်ထုတ်ပါတယ်။


ဩဂုတ် ၂၈ တိုင်းတာချက်အရ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ ဒီတိုင်ဖွန်းမုန်တိုင်းဟာ အနောက်ဘက် ရေမိုင် ၂၂၁ မိုင်ကို ရွေ့လျားခဲ့ပြီး အရှေ့ဗီယက်နမ်ပင်လယ်ပြင်ကို ရောက်ရှိနေတယ် လို့ မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲက)က ထုတ်ပြန်ပါတယ်။ ဒီတိုင်ဖွန်းဟာ တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်း၊ ဆန်ယာမြို့ အနောက်ဘက်၊ ဗီယက်နမ်နိုင်ငံ၊ ဒေါင်ဟွိုင်း (Donghoi) မြို့ အရှေ့ နဲ့ အရှေ့ မြောက်ဘက်၊ ဟနွိုင်းမြို့ရဲ့ တောင်နဲ့ အရှေ့ တောင်ဘက်က ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ ဗဟိုချက်လေဖိအားမှာ ၉၅၀ ဟက်တိုပါစကယ်၊ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီမှာ မိုင် ၉၀ နှုန်းဖြစ်ပြီး လေပြင်းတိုက်ခတ်စဉ် ၁၂၆ မိုင်အထိ ရှိနိုင်တယ်လို့ မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲက ထုတ်ပြန်ပါတယ်။ ဗဟိုချက်အနီး လှိုင်းအမြင့်မှာ (၁၆) မီတာနဲ့ အထက် ရှိနိုင်တယ်လို့ လည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) က ခန့်မှန်းထားပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *