ဇူလိုင်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာစစ်အစိုးရက အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို ချီးကျူးပြီး သွင်းကုန်ခွန်ဖြေလျှော့ပေးဖို့ တောင်းဆိုတဲ့စာတစ်စောင်မှာ အာဏာရစစ်ဦးစီးချုပ်က မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ တောင်းဆိုပြီး နှစ်ပတ်အကြာ ဇူလိုင် ၂၄ရက်နေ့မှာ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တယ်လို့ Reuter ကဖော်ပြပါတယ်။ Human Rights Watch က အဆိုပါ လှုပ်ရှားမှုကို “အလွန်စိုးရိမ်စရာ” လို့ဆိုပြီး ၂၀၂၁ ခုနှစ်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့လူမျိုးတုံးသတ်ဖြတ်မှုမှာပါဝင်ပတ်သက်နေတဲ့မြန်မာစစ်တပ်အပေါ် အမေရိကန်ရဲ့ မူဝါဒဟာကြီးမားတဲ့အပြောင်းအလဲတစ်ခု လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ KT Services & Logistics နဲ့၎င်းကိုတည်ထောင်သူ ဂျွန်နသန်မျိုးကျော်သောင်း၊MCM Group နဲ့၎င်းရဲ့ပိုင်ရှင် ဦးအောင်လှိုင်ဦး၊ Suntac Technologies နဲ့၎င်းရဲ့ ပိုင်ရှင် စစ်တိုင်းအောင်နဲ့နောက်တစ်ဦးဖြစ်သူ ဦးတင်လတ်မင်းကိုလည်း အမေရိကန် ပိတ်ဆို့အရေးယူမှုစာရင်းကနေဖယ်ရှားခဲ့ပါတယ်။ KT Services & Logistics နဲ့ ဂျွန်နသန်မျိုးကျော်သောင်း တို့ကို သမ္မတ ဘိုင်ဒင်လက်ထက်၂၀၂၂ ခုနှစ် ဇန်န၀ါရီလမှာ ပိတ်ဆို့အရေးယူမှုစာရင်းမှာထည့်သွင်းခဲ့ပြီး မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူမှု ပထမဆုံးနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ခြေလှမ်းတလှမ်းဖြစ်ခဲ့ပါတယ်။
စစ်တိုင်းအောင်နဲ့ အောင်လှိုင်ဦးတို့ကို ဒဏ်ခတ်အရေးယူမှုစာရင်းထဲကိုအဲဒိနှစ်မှာပဲထည့်သွင်းခဲ့ပြီးသူတို့ဟာ မြန်မာ့စစ်တပ်ရဲ့ကာကွယ်ရေးကဏ္ဍမှာလုပ်ငန်းတွေလည်ပတ်ခဲ့လို့ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့နောက်တွဲအဖြစ် သတ်မှတ်ခံထားရတဲ့တင်မင်းလတ်ကိုအာဏာသိမ်းမှု သုံးနှစ်မြောက် အထိမ်းအမှတ်အဖြစ် ၂၀၂၄ ခုနှစ်မှာစာရင်းထည့်သွင်းခဲ့ပါတယ်။ အမေရိကန်ဘဏ္ဍာရေးဌာနက အပြောင်းအလဲလုပ်ရတဲ့အကြောင်းရင်းကို မရှင်းပြဘဲ Reuter ကမှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို အိမ်ဖြူတော်က ချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။ ဇူလိုင်လ ၁၁ ရက်နေ့က စစ်တပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမေရိကန်ကိုပို့ကုန်တွေအပေါ် အခွန် ၄၀ ရာခိုင်နှုန်း လျှော့ချရေး စာတစောင်နဲ့ထရမ့်ကို တောင်းဆိုခဲ့ပြီး လိုအပ်ရင် ဝါရှင်တန်ကို ညှိနှိုင်းရေးအဖွဲ့ စေလွှတ်ဖို့အသင့်ရှိကြောင်း ပြောခဲ့ပါတယ်။ “စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ တိုင်းပြည် သာယာဝပြောရေးကို ဦးတည်တဲ့ သမ္မတရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုကို အကြီဗိုလ်ချုပ်မှူးကြီးက အသိအမှတ်ပြုပါတယ်” လို့ ထိုစဉ်က နိုင်ငံပိုင်မီဒီယာကနေ ပြောကြားခဲ့ပါတယ်။