ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အရေးပေါ် အစည်းအဝေး ကျင်းပဖို့ရှိ

ဇူလိုင်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) က ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်စပ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အရေးပေါ် အစည်းအဝေး ကျင်းပဖို့ စီစဉ်ထားပြီး တိုက်ပွဲတွေကြောင့်အသေအပျောက် များတယ်လို့ The Nation သတင်းက ဇူလိုင် ၂၅ရက်မှာဖော်ပြပါတယ်။ နယ်စပ်တလျှောက်မှာ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေပြီး သေဆုံးသူ အရေအတွက်ကို အတည်ပြုနိုင်ဖို့ ဆွေးနွေးဖို့ ကောင်စီက ဒီသောကြာနေ့မှာ ခေါ်ယူမှာ ဖြစ်ပါတယ်။ သံတမန်သတင်းရင်းမြစ်တစ်ဦးကလည်း AFP သတင်းဌာနကိုတွေ့ဆုံမှုကို အတည်ပြုခဲ့ပါတယ်။ ဒီသီးသန့်အစည်းအဝေးကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ဒေသစံတော်ချိန် ညနေ ၃ နာရီ သို့မဟုတ် စနေနေ့ (ဇူလိုင် ၂၆ ရက်) နံနက် ၂ နာရီမှာ ထိုင်းနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီအတောအတွင်း ထိုင်းဝန်ကြီးချုပ်ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ Jirayu Huangsap က နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ဟာဇူလိုင် ၂၁ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂမှာကျင်းပတဲ့ High-Level Political Development Forum on Sustainable Development 2025 (HLPF2025) မှာထိုင်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။


HLPF2025 ဟာ 2030 Agenda for Sustainable Development နဲ့ Sustainable Development Goals တွေကို စောင့်ကြပ်ကြည့်ရှုပြီး အရှိန်အဟုန်ဖြင့်အကောင်အထည်ဖော်ဖို့အာရုံစိုက်တဲ့နှစ်စဉ်ပြုလုပ်တဲ့ ကုလသမဂ္ဂ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားကြား တင်းမာမှု ပြင်းထန်တဲ့ကာလနဲ့တိုက်ဆိုင်နေပါတယ်။ ဇူလိုင် ၂၄ရက်နေ့ ညနေ ၆း၀၀ နာရီမှာ ဝန်ကြီး Maris က ထိုင်း နိုင်ငံသားတွေနဲ့ရင်းနှီးမြှုပ်နှံသူတွေ ရှိရာ ကမ္ဘောဒီးယားမှာ ဖြစ်နိုင်ခြေရှိတဲ့ဘေးလွတ်ရာ ရွှေ့ပြောင်းရေး အစီအမံတွေအတွက် ပြင်ဆင်မှုတွေကို ပြန်လည်သုံးသပ်ဖို့ထိုင်းရှိ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဗီဒီယိုကွန်ဖရင့် ပြုလုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ တိုက်ခိုက်မှုတွေမှာပစ်မှတ်ထားခံရခြင်းနဲ့ပတ်သက်ပြီးနိုင်ငံတကာအသိုက်အဝန်း နားလည်သဘောပေါက်စေရေး ကုလသမဂ္ဂအဖွဲ့ဝင်တွေနဲ်ဆွေးနွေးခွင့်ရရင် အခြေအနေကို ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က အိမ်နီးချင်းနှစ်နိုင်ငံကြား ဇူလိုင် ၂၄ ရက်က စစ်ရေးတင်းမာမှုတွေဖြစ်ပွားပြီးနောက် နိုင်ငံတကာအသိုက်အဝန်းကိုအရေးယူဆောင်ရွက်ရန် တိုက်တွန်းစာတစ်စောင် ပေးပို့ခဲ့ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *