ဇူလိုင်လ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ရန်ကုန်က လတ်တလောထွက်ပေါ်တဲ့ သတင်းတွေကို မြင်ပြီး ကျွန်တော် အံ့အားသင့်သွားမိပါတယ်။ အာဇာနည်ဗိမာန်မှာဖိုးဖိုးနဲ့ သူနဲ့အတူ သေဆုံးခဲ့သူတွေကို ဂုဏ်ပြုပြီး အမှတ်တရထားတဲ့ ဂုဏ်သိက္ခာရှိတဲ့နေရာမှာ မေမေ့ရဲ့ ဘယ်လိုမှနီးစပ်ခြင်း မရှိတဲ့ ဖိုးဖိုးအစ်ကိုရဲ့မြေး ရဲအောင်သန်း က ဖိုးဖိုးရဲ့ အုတ်ဂူရှေ့မှာ အရိုအသေပြုနေတာ မြင်ရပါတယ်။ တခါမှ မတွေ့ဖူးတဲ့ လုပ်ရပ်ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားအငယ် ကင်မ်အဲရစ် မြန်မာအမည်ကိုထိန်လင်းကသူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇူလိုင် ၂၇ရက်ကဖော်ပြပါတယ်။ မသိသူများအတွက် ပြောရရင်၊ ဒီမိသားစုဟာ ဖိုးဖိုးရဲ့ အမွေအနှစ်ကို မထိန်းသိမ်းသလို မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့လဲ နီးစပ်ခြင်း မရှိခဲ့ပါဘူး။ မေမေ့အကို ဦးအောင်ဆန်းဦးကလည်း သူ့ရဲ့သွေးချင်းညီမကို မယုံနိုင်လောက်တဲ့ အပြုအမူတွေ လုပ်တယ်၊ လူသိရှင်ကြားဘဲ မချေမငံဆက်ဆံတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေဟာ ဖိုးဖိုးနဲ့ မေမေရဲ့တည်မြဲခိုင်မာတဲ့ အယူအဆတွေ တန်ဖိုးထားမှုတွေနဲ့ ဘယ်တော့မှ မကိုက်ညီခဲ့ဘူး။
မေမေ မတရားချုပ်နှောင်ခံနေရချိန်မှာ စေတီတော်ခြေတော်ရင်းက ဂုဏ်သိက္ခာကြီးမားတဲ့ အာဇာနည်ဂူဗိမာန်မှာ သူတို့ကိုယ် သူတို့ ဖိုးဖိုးရဲ့ အမွေအနှစ်ကို စောင့်ထိန်းသူအဖြစ် ဟန်ဆောင်နေကြတာကို ကြည့်ရတာ စိတ်အနှောင့်အယှက်ဖြစ်စရာပါလို့ ကိုထိန်လင်းကဆက်လက်ဖော်ပြပါတယ်။ အာဇာနည်ဂူဗိမာန်ဟာ အာဇာနည်တွေကို ဂုဏ်ပြုအမှတ်တရထားတဲ့နေရာ ဖြစ်တယ်။အာဇာနည်တွေကို တန်ဖိုးထားလေးစားမှုမရှိသူတွေရဲ့ နိုင်ငံရေးပြဇာတ်ခုံ မဖြစ်သင့်ဘူး။ ဖိုးဖိုးနဲ့အာဇာနည်ကြီးတွေရဲ့စွန့်လွှတ်အနစ်နာခံမှု၊ မေမေ့ရဲ့ ကြိုးပမ်းတိုက်ပွဲဝင်မှုတွေဟာ မြန်မာပြည်သူတွေရဲ့ — လွတ်လပ်ခွင့်၊ တရားမျှတမှု၊ ဂုဏ်သိက္ခာအတွက်ဖြစ်ပါတယ်။ အခွင့်အရေးသမားတွေရဲ့ လုပ်ရပ်တွေဟာ အမှန်တရားကို မဖျောက်ဖျက်နိူင်ဘူး။ အာဇာနည်ကြီးများကို လေးစား၊ သူတို့ရဲ့တန်ဖိုးထားတဲ့အရာတွေကို လိုက်နာပြီး၊ သူတို့ရဲ့အမွေအနှစ်ကို အမှန်တကယ် သယ်ဆောင်သူများကို မမေ့မလျော့နဲ့ ရှေ့ဆက်ကြပါစို့လို့လည်းသူကဆက်လက်ဖော်ပြထားပါတယ်။