ဇူလိုင်လ ၂၉၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
အခုနောက်ပိုင်း သတင်းမီဒီယာကြီးတွေလွှမ်းမိုးထားတဲ့ လေလှိုင်းပေါ်က နိုင်ငံရေးပတ်ဝန်းကျင်မှာ သတင်းမီဒီယာကြီးတွေဟာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ “သတင်း” လို့ခေါ်တဲ့ ပုဂ္ဂလိက အာဘော် (narrative) တွေကို လူထုကြားထဲ အလွယ်တကူဖြန့်ချီနိုင်လာတယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အထောက်အကူပြုတာ၊ မပြုတာအပထား၊ သူတို့ရဲ့အာဘော်တွေကို လူထုလက်ခံဖို့က အဓိကဖြစ်နေတယ်။ လူထုရဲ့အကျိုးစီးပွားကို အထောက်အကူပြုတယ်ဆိုတဲ့ ပုံလည်းဖမ်းထားသလို လူထုကလည်း အခြားရွေးချယ်စရာမရှိတဲ့အတွက် “စစ်ကောင်စီကို ဆန့်ကျင်တဲ့” လေသံ၊ “တော်လှန်ရေးဘက်ပါတဲ့” လေသံမှန်သမျှကို အယုံလွယ်သွားကြတယ်။ ဒါပေမဲ့ ဒီသတင်းမီဒီယာကြီးတွေရဲ့ ပေါ့ဆမှုဟာ တော်လှန်ရေးရဲ့ စည်းလုံးညီညွတ်မှု၊ ကျစ်လစ်မှုအပေါ် များစွာ ဆိုးကျိုးသက်ရောက်နိုင်တယ်ဆိုတာကိုလည်း အထူးပဲ သတိထားသင့်ပါတယ်။ ဒီတော့ ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ နေရာတနေရာ ကောင်းကောင်းရနေတဲ့ နိုင်ငံခြားအခြေစိုက်သတင်းမီဒီယာတွေကို အထူးပဲသတိထားဖို့လိုအပ်တယ်ဆိုတာကို ကျွန်တော် ဆွေးနွေးတင်ပြသွားပါမယ်။
တလောက တက်လာတဲ့ BBC ရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ ပက်သက်ပြီး မရိုးသားတဲ့ခေါင်းစဉ်နဲ့ “သတင်း”လုပ်ထားတာကို ဥပမာပေးပြီး ကျွန်တော်ဆွေးနွေးပါ့မယ်။ နေ့စဉ် သာမန်အင်တာနက်သုံးစွဲနေကြတဲ့သူတွေ တော်တော်များများဟာ သတင်းစာမျက်နှာထဲက သတင်းအပြည့်အစုံကို ဖတ်လေ့မရှိတော့ပါဘူး။ မီဒီယာတွေကလည်း သတင်းကို အပြည့်အစုံမတင်ဘဲ လူထုရဲ့ခံစားချက်ကို ဆွပေးတဲ့ ခေါင်းစဉ် သို့မဟုတ် စာပိုဒ်လောက်ကိုပဲ အသားပေးပြီး လူမှုကွန်ယက်မှာ တင်ကြတာများပါတယ်။ ဖတ်ရှုတဲ့သူကလည်း အခြားလင့်တခုကို ထပ်ပြီးနှိပ်ရမှာထက် ခေါင်းစဉ်လောက်ကိုပဲကြည့်ပြီး ကောက်ချက်အမျိုးမျိုး အလွယ်တကူချလိုက်ကြတယ်။ အခု ဘီဘီစီကတင်ထားတဲ့ သတင်းမှာဆိုရင် အခြေအမြစ်မရှိတဲ့ ခေါင်းစဉ်တခုကို သေသေခြာခြာရွေးချယ်ပြီး တင်ထားတာကို တွေ့နိုင်တယ်။ ပေါ့ဆတဲ့အရေးအသားတွေနဲ့ ပြည့်နေတာကို တွေ့နိုင်တယ်။ စာထဲမှာ “သတင်းအရင်းအမြစ်တချို့က” ၊ “ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က” စသဖြင့် ဝေဝါးနေတဲ့ အသုံးအနှုန်းတွေပါနေတာ၊ “ပအဖခေါင်းဆောင် ကိုဇော်ထက်က…” လို့ အလွယ်တကူ နာမည်တခုခုတပ်ပြီး ပြောလိုက်တာ၊ အဲ့မှာ ပအဖခေါင်းဆောင်ဆိုဆိုတဲ့ ကိုဇော်ထက်က ဘယ်လိုလူလဲ၊ ဘယ်ကလဲ မပါဘူး။၊ “ရွာသားတွေကြားမှာ ဝေဖန်ချက်ရှိနေတယ်” ဆိုတော့ ဘယ်လိုဝေဖန်ချက်တွေလဲ၊ ဝေဖန်ချက်တွေရှိတယ်ဆိုတာ သေခြာလား၊ နောက်ပြီးတော့ လေယာဉ်ပြစ်ချခဲ့တာနဲ့ပက်သက်ပြီး “တပ်ဖွဲ့အချင်းချင်းကြား အငြင်းပွားတာရှိခဲ့ပါတယ်” ဆိုတော့ ဘယ်သူတွေက ဘယ်လိုအငြင်းပွားခဲ့တာလဲ၊ ဒီအငြင်းပွားမှုက ဖော်ပြဖို့လိုတဲ့အထိ အရေးကြီးလား မေးစရာဖြစ်နေပါတယ်။ ဒီလေယာဉ်ကို ပြစ်ချတဲ့ဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့လည်း အခြားမီဒီယာတွေသာမက၊ NUG ကိုယ်တိုင်တောင် PLA ကပြစ်ချတာပါဆိုတာကို အတည်ပြုခဲ့ပြီဖြစ်ပေမယ့် ဒီအချက်ကို ဘီဘီစီက တမင်သက်သက် အငြင်းပွားဖွယ်စရာဖြစ်အောင် ဆွပေးနေတာလားလို့ မေးစရာဖြစ်နေပါတယ်။ ဒီမှာတင် မီဒီယာကျင့်ဝတ် တော်တော်များများကို ချိုးဖောက်ပြီးသား ဖြစ်နေပြီ။ သတင်းတခုလုံးက “ညီလေး ငါပြောတာယုံစမ်းပါ trust me bro” ဖြစ်နေတယ်။ အတင်းက သတင်းဖြစ်နေတယ် ဆိုတာမျိုး။ ဒီလိုအပေါစား “သတင်း” ကို ကမ္ဘာ့မီဒီယာကြီးတခုဖြစ်တဲ့ ဘီဘီစီက တင်ထားတာ အံ့ဖွယ်ဖြစ်မနေဘူးလား။
သတင်းက အခြေအမြစ်မရှိ၊ အချက်အလက် မခိုင်လုံပေမယ့် ခေါင်းစဉ်ကိုတော့ “ကန့်ဒေါင့်စခန်းဝန်းကျင်ကရွာတွေကို PLA ဆက်ကြေးကောက်နေ” ဆိုပြီး အတည်ပြုပြီးသားအချက်အလက် (fact) တခုလို ရေးတင်လိုက်တယ်။ ရေးထားတဲ့စာတပုဒ်လုံးက ခေါင်းစဉ်ကို ဘားမှပြန်ပြီးတော့ အတည်မပြုပေးနိုင်ဘူး။ ဒါပေမဲ့ ဒီလို BBC လို သတင်းမီဒီယာကြီးတွေရဲ့အပြောကို အယုံလွယ်တဲ့ ပရိတ်သတ်အတွက်တော့ ခေါင်းစဉ်ကိုဖတ်ရုံနဲ့တင် သတင်းဖြစ်သွားပြီ။ မှန်တာမမှန်တာ အပထား၊ ဒီသတင်းခေါင်းစဉ်က လူထုရဲ့ စိတ်ပြင်းပြနေမှုကို လှုံ့ဆော်ပြီး ကောက်ချက်ချခိုင်းလိုက်တာ ဖြစ်တယ်။ ဒီလိုနဲ့ ထွေထွေထူးထူး မစဉ်းစားနေတော့ဘဲ သတင်းခေါင်းစဉ်လောက်ကိုပဲ ဖတ်မိတဲ့သူတွေကြားမှာ PLA ကို ဆဲဆိုသံတွေ၊ ရှုတ်ချသံတွေ ထွက်ပေါ်လာကြတယ်။ ဒါဟာ BBC က PLA နဲ့ပက်သက်ပြီး သတင်းကြည့်ပရိတ်သတ်တွေ ဘယ်လိုတွေးရမလဲ၊ ဘယ်လိုမြင်ရမလဲဆိုတာ BBC ကိုယ်တိုင် ဆုံးဖြတ်ချက်ချပေးလိုက်တာပဲ ဖြစ်ပါတယ်။ Consent manufacturing လုပ်တာ။ (Consent manufacturing ဆိုတာတော့ သူတပါးရဲ့ သဘောထားကို ပြင်ပယန္တရားတခုခုက မသမာတဲ့ရည်မှန်းချက်ရှိရှိ တည်ဆောက်ပေးလိုက်တာဖြစ်တယ်။ များသောအားဖြင့် လူထုရဲ့ စိတ်ပြင်းပြမှုကို အခွင့်ရေးယူ၊ လှည့်စားပြီး သူတို့ရဲ့ သဘောထားကို ပြုပြင်ပေးလိုက်တာဖြစ်တယ်။ မြန်မာလိုဆိုရင်တော့ “(သူတပါးရဲ့) သဘောထားကို ပြုပြင်တည်ဆောက်ခြင်း” လို့ ဘာသာပြန်လို့ရမယ်ထင်တယ်။ ဒါဟာ သတင်းမီဒီယာကျင့်ဝတ်နဲ့ လုံးဝမညီတဲ့ လုပ်ရပ်ဖြစ်ပါတယ်။)
ဒီလိုလုပ်တာဟာ မသန့်ရှင်းတဲ့ ရည်ရွယ်ချက်တခုတခုတော့ ရှိရမယ်။ အတင်းကို သတင်းလုပ်ပြီး သက်သက်မဲ့ ရေကန်ထဲ ရေနောက်အောင် လုပ်နေတာနဲ့တူတယ်။ ဒါကို ဘာရည်ရွယ်ချက်နဲ့ ဘယ်သူ့အကျိုးအတွက် လုပ်နေတာလဲ မေးရတော့မယ်။ သေခြာတာတခုကတော့ ဒီလိုမီဒီယာအကြီးကြီးက အပေါစားသတင်းတပုဒ်ကို ဖန်တီးလိုက်ပြီး အလွယ်တကူ လူထုကြားထဲ ဖြန့်ချီလိုက်တယ်ဆိုကတည်းက အစီအစဉ်တခုခု ရှိနေပြီလို့ သုံးသပ်လို့ရတယ်။ သူတို့ရည်မှန်းထားတဲ့အကျိုးစီးပွားက ကျွန်တော်တို့ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ထပ်တူကျနိုင်ပါ့မလား၊ ကျွန်တော်တို့ရဲ့အကျိုးစီးပွားကို ကိုယ်စားပြုနိုင်ပါ့မလား။
ဒီတော့ BBC ကိုကြည့်ရအောင်။ ဘီဘီစီဆိုတာ ယူကေအခြေစိုက် သတင်းမီဒီယာဌာနကြီးဖြစ်တယ်။ ယူကေနိုင်ငံတော်ရဲ့ အာဘော်တွေ၊ ရှုထောင့်တွေကို ကမ္ဘာတဝှမ်းဖြန့်ချီတဲ့ သတင်းဌာနဖြစ်တယ်။ သူတို့ရဲ့အာဘော်က ယူကေအစိုးရရဲ့ အာဘော်နဲ့ ကိုက်ညီတယ်။ ယူကေအစိုရမီဒီယာလို့ တရားဝင်မသတ်မှတ်ထားပေမယ့် ယူကေအစိုးရဲ့ အမြင်တွေနဲ့ ထပ်တူကျတယ်။ အမှန်တကယ်တန်းတော့ အခြေခံသဘောတရားအားဖြင့် ဘီဘီစီဟာ ယူကေအစိုးရရဲ့ သတင်းမီဒီယာသာဖြစ်တယ်။ ဘီဘီစီရဲ့ ထိပ်သီးအကြီးအကဲတွေကို ယူကေအစိုးရက ခန့်အပ်ရတယ်။ နောက်ပြီးတော့ ယူကေမှာ ရုပ်မြင်သံကြားအခွန်ဆိုတာ ရှိတယ်။ နှစ်တိုင်း TV လှိုင်းယူထားတဲ့အိမ်မှန်သမျှ တနှစ်ကို ၁၇၄.၅ ပေါင် (ကျပ် ၁၀ သိန်းဝန်းကျင်) အခွန်ဆောင်ရတယ်။ အဲ့ဒီလိုင်စင်မှာ BBC ရဲ့ လိုင်းတွေပဲပါတယ်။ ကျန်တဲ့လိုင်းတွေထပ်ယူဖို့တော့ သပ်သပ်ထပ်ဝယ်ရတယ်။ ဒီအခွန်အများဆုံးက BBC ဆီသွားတယ်။ ယူကေအစိုးရရဲ့ သဘောထားတွေကို သူတို့ခေါ်တဲ့ “အရပ်သား”မီဒီယာကနေ တဆင့်လွှင့်ထုတ်တာမျိုးဖြစ်သလို နိုင်ငံတကာရေးရာနဲ့ ပက်သက်လာရင်လည်း သူတို့လူထုကို အဲ့ဒီကနေအဓိကဝါဒဖြန့်ချီတာဖြစ်တယ်။ ကမ္ဘာ့အရေးတွေနဲ့ ပက်သက်လာရင် ယူကေနိုင်ငံတော်ယန္တရားရဲ့ အကျိုးစီးပွားရှုထောင့်ကနေဘဲ ဖော်ပြတယ်။ ဟိုးထိပ်ဆုံးကနေ ဘယ်လိုအာဘော်နဲ့ ဘယ်လိုရေးပါဆိုတာကို စီစဉ်ချမှတ်ထားပြီးသား။ ဒီလိုပဲ အခြားနိုင်ငံတွေလည်း သူတို့ရဲ့ ရှုထောင့်ကို နိုင်ငံတကာက သိရအောင် အစိုးရသတင်းဌာနတခုခုနဲ့ တင်ပြကြတာပဲ။ ဥပမာ Bangkok Post ဆိုရင် ထိုင်းနိုင်ငံတော်ရဲ့ ပေါ်ပြူလာနိုင်ငံရေးရှုထောင့်ကို နိုင်ငံတကာဆီ ဖော်ပြတာဖြစ်သလို၊ တရုတ်ပြည်အခြေစိုက်ဖြစ်တဲ့ CGTN တို့၊ Xinhua ဆို့လည်း တရုတ်အစိုးရဲ့ ရှုထောင့်ကနေ နိုင်ငံတကာရေးရာတွေကို တင်ပြတာဖြစ်တယ်။ RFA, VOA တို့ဆိုရင်လည်း အမေရိကန်အစိုးရအောက်မှာ တိုက်ရိုက်ရှိနေတဲ့အတွက် အမေရိကန်အစိုးရရဲ့ အာဘော်တွေကို ဖော်ပြတာဖြစ်တယ်။
ဒီလို ပြည်ပအစိုးရလက်အောက်ခံဖြစ်တဲ့ သတင်းမီဒီယာတွေအနေနဲ့က ကျွန်တော်တို့ရဲ့ပြည်တွင်းရေးကို ပြင်ပကနေလေ့လာသူအဖြစ်နဲ့ပဲ လေ့လာသုံးသပ်သင့်တယ်။ ပြည်သူတွေရဲ့အမြင်ကို သွားပြီးတည်ဆောက်ပေးတာမျိုးလုပ်တာက အတွင်းရေးကို ဝင်ရောက်စွက်ဖက်ရာ ကျတယ်။ ဒါမျိုးလုပ်တာကလည်း အနောက်တိုင်းမီဒီယာကြီးတွေက အဓိကလုပ်ကြတယ်။ သူတို့တွေဟာ ပြည်ပအခြေစိုက်ဖြစ်တဲ့အတွက် တိုင်းပြည်တွင်းက ပြည်သူလူထုကို ကိုယ်စားမပြုနိုင်ဘူး။ ဘီဘီစီဆိုရင်လည်း ကျွန်တော်တို့ကို ကိုယ်စားမပြုဘူး။ ဒါပေမဲ့ သူတို့ရဲ့အာဘော်ကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လာသွန်ချတယ်၊ ကိုယ့်လူမျိုးတွေရဲ့ သဘောထားကို တည်ဆောက်ပြီး သူတို့ရဲ့အစီအစဉ် (agenda) ထဲ ပြည်သူလူထုကို မသိမသာ ဆွဲထည့်တယ်။ ဒီလိုပြင်ပနိုင်ငံတနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံသားတွေကို ဘယ်ဘက်လိုက်ရမယ်၊ ဘယ်လိုတွေးရမယ်၊ ဘယ်လိုမြင်ရမလဲဆိုပြီး လာရောက်လွှမ်းမိုးတာဟာ ပြည်တွင်းရေးကို ပြည်ပယန္တရားတခုက အာဏာပြော့နည်း (soft power)နဲ့ ဝင်ရောက်စွက်ဖက်တာပဲ ဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒီလိုမီဒီယာကြီးတွေရဲ့ ပြောစကားတွေကို အယုံလွယ်တဲ့ပြဿနာ ရှိနေတယ်။ ဆယ်စုနှစ်ပေါင်းများစွာ သတင်းအမှောင်ချခံထားရခြင်းရဲ့ အကျိုးဆက်လို့လည်း ပြောလို့ရတယ်။ ဒီအယုံလွယ်မှုကို အလွဲသုံးစားလုပ်ပြီး သတင်းမီဒီယာကြီးတွေက အရည်သွေးနိမ့် “သတင်း”တွေ ထုတ်လာနိုင်တယ်။ (ဥပမာ ဘီဘီစီက အတင်း ကို “သတင်း”လုပ်သလိုမျိုး။) လူထုကလည်း သူတို့ရဲ့တင်ပြချက်တွေကို အသေးအစိတ်ခွဲခြမ်းစိတ်ဖြာနေမှာ မဟုတ်ပါဘူးလေ ဆိုပြီးတော့ လူထုရဲ့စိတ်ခံစားချက် ပြင်းပြနေတဲ့အချိန်ကို အခွင့်ကောင်းယူကြတယ်။ ဒါတွေက ဘီဘီစီမှမဟုတ်ပါဘူး၊ ကိုယ့်နိုင်ငံကလာတဲ့ “တော်လှန်ရေးဘက်တော်သား” ပေါ်ပြူလစ်မီဒီယာတွေလည်း လုပ်နေကြတာဖြစ်တယ်။ အခုလည်း ဘီဘီစီအနေနဲ့က ဘာဖြစ်ဖြစ်၊ PLA ကို တိုက်ခိုက်ရမယ်ဆိုရင် ပြီးရောဆိုပြီး ပြီးစလွယ်သတင်းလုပ်လိုက်တယ်။ PLA ကို ပြည်သူလူထုနဲ့ ရန်တိုက်ပေးနေတာလားလို့တောင်မှ မေးစရာဖြစ်နေပါတယ်။
ဒီတော့ အခု ဘီဘီစီရဲ့ “သတင်း”ကိုကြည့်ရင် တမင်သက်သက် တော်လှန်ရေးရဲ့ စည်းလုံးမှုကို အနှောက်အယှက်ပေးနေတာလို့တောင် ယူဆလို့ရတယ်။ သူတို့ရထားတဲ့အခွင့်အရေးနဲ့ လူထုရဲ့သဘောထားကို အမျိုးမျိုးလှည့်ဖြားပြီး လူထုကို မရေမရာဖြစ်အောင် လုပ်နေတာဖြစ်တယ်။ တော်လှန်ရေးအသိုင်းအဝိုင်းမှာ အခြေအကုပ်ကောင်းကောင်းရထားတဲ့ ဗမာ့သတင်းမီဒီယာတွေလည်း ဘီဘီစီနည်းတူ အများပြည်သူရဲ့ သဘောထားကို အမျိုးမျိုးတည်ဆောက်ပြီး စီးပွားဖြစ်နေကြတာကို တွေ့နိုင်တယ်။ ဒီသဘောထားတွေဟာ တော်လှန်ရေးအသိုင်းအဝိုင်းထဲမှာ အချင်းများမှုတွေ ဖြစ်စေနိင်တယ်ဆိုတာ စာဖတ်သူလည်း သတိထားမိမယ်ထင်တယ်။ ဒါကြောင့် သတင်းမီဒီယာကြီးတွေဟာ ပြည်သူ့တော်လှန်ရေးကို တကယ်တန်းထောက်ပန့်နေတာမဟုတ်ဘဲ သူတို့အာဘော် နေရာရအောင်လုပ်နေတာလား၊ ကျွန်တော်တို့ပြည်သူလူထုကို သူတို့အစီအစဉ်ထဲ အတင်းဆွဲထည့်နေတာလားဆိုတာ အထူးပဲသတိထားရမယ့်ကိစ္စ ဖြစ်နေပါတယ်။ တော်လှန်ရေးကာလမှာ သတင်းမီဒီယာရဲ့အခန်းကဏ္ဏက စည်းရုံးရေး၊ စည်းလုံးရေးအတွက် အင်မတန်မှ အရေးပါလှတယ်။ ဒီကာလမှာ မီဒီယာအင်အားစုတွေအနေနဲ့ ကိုယ့်ရဲ့ပုဂ္ဂလိကအာဘော်ကို လူထုဆီအတင်းသွပ်သွင်းရမယ့် အချိန်လည်း မဟုတ်သေးဘူး။ မိမိမှာ အမြင်မျိုးစုံရှိကောင်း ရှိနေလိမ့်မယ်၊ တော်လှန်ရေးအဖွဲ့တွေ ကိုင်စွဲထားတဲ့ တော်လှန်ရေးသဘောတရားနဲ့ ပက်သက်ပြီး မရောမရာ၊ မသေမခြာဖြစ်နေတာတွေ ရှိကောင်းရှိနေလိမ့်မယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ ပြည်သူလူထုရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ယန္တရားကို တိုက်ဖျက်ဖို့က အဓိကအကျဆုံးဖြစ်နေတယ်။ စည်းလုံးညီညွတ်မှုကိုအားပေးတဲ့ အပြောတွေ၊ လူထုရဲ့ စိတ်ပါဝင်စားမှုကို တိုးတက်စေမယ့်အပြောတွေက အရမ်းတန်ဖိုးရှိတဲ့အချိန် ဖြစ်ပါတယ်။ လက်ရှိမှာ သဘောမတူညီမှုတွေ ဟိုနည်းနည်း၊ ဒီနည်းနည်း ရှိကောင်းရှိနေလိမ့်မယ်။ ဒါပေမဲ့ ဒီသဘောထားကွဲလွဲမှုတွေကို တော်လှန်ရေးတခုလုံးကို ပေးဆပ်လိုက်ရတဲ့အထိ အကျယ်ချဲ့၊ အတင်းပြောနေသင့်တဲ့ အချိန်လည်းမဟုတ်ဘူး။ လူထုကို မရေမရာဖြစ်အောင်၊ သဘောထားတွေ တည်ဆောက်ပေးနေရမယ့် အချိန်လည်းမဟုတ်ပါဘူး။ သတင်းမီဒီယာတွေက လူထုကို သွေးကွဲစေတဲ့အပြုအမူတွေ ထင်ထင်ရှားရှားလုပ်လာရင်တော့ တော်လှန်ရေးရဲ့ အတားအဆီးဖြစ်လာပါလိမ့်မယ်။ ဒီလိုဖြစ်လာတဲ့အခါ ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ခံရပါလိမ့်မယ်။ ပြည်သူလူထုကပေးတဲ့ ပြင်းထန်တဲ့ အပြစ်ဒဏ်ကို ခံသွားရပါလိမ့်မယ်။
မှတ်ချက် – ဘီဘီစီက ဒီသတင်းကို တင်ခဲ့တာ နည်းနည်းတော့ ကြာခဲ့ပါပြီ။ အခုက ဥပမာအနေနဲ့ တင်ပြထားခြင်းဖြစ်ပါတယ်။ ဒီဥပမာကိုကြည့်ပြီး အခြားသတင်းမီဒီယာတွေရဲ့ အပြောတွေကို ပိုပြီးသုံးသပ်နိုင်မယ်လို့ ထင်ပါတယ်။
ကျောက်ငါး၊
၂၈ ဂျူလိုင်၊ ၂၀၂၅။